ဆောင်သင့်သည်ကို ဆောင်၍ ရှောင်သင့်သည်ကို ရှောင်

 

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင်  ဖြစ်ပေါ်နေ သော ဆိုင်ကလုန်းမုန်တိုင်း  မိုခါသည်  ဘင်္ဂလားဒေ့ရှ်-မြန်မာ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည့် အခြေအနေရှိခြင်း ကြောင့်  လိမ္မော်ရောင်အဆင့် သတ်မှတ်ကြောင်း မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက  မေလ  ၁၁  ရက် မြန်မာစံတော်ချိန်  ညနေ ၆ နာရီအချိန် ထုတ်ပြန်ချက်တွင် ဖော်ပြထားရာ   မုန်တိုင်း၏ပြောင်းလဲမှုဖြစ်စဉ်ကို     အထူး သတိပြု    စောင့်ကြည့်နေရမည့်   အခြေအနေဖြစ်သည်။ ကြိုတင်ခန့်မှန်းချက်အရ  ဆိုင်ကလုန်းမုန်တိုင်း   မိုခါသည် အားအလွန်ကောင်းသော   ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိနိုင်ပြီး မေလ ၁၄ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကောက်ဘဇားမြို့နှင့်  မြန်မာနိုင်ငံ  ကျောက်ဖြူမြို့အကြား စစ်တွေမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်း ထားရာ မုန်တိုင်းဝင်ရောက်ရာလမ်းကြောင်းတစ်လျှောက် ဒေသများနေပြည်သူများ  မုန်တိုင်းကြောင့် ဖြစ်ပေါ်လာမည့် သဘာဝဘေးအန္တရာယ်များမှ လွတ်မြောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ကြရမည်ဖြစ်သည်။

 


မုန်တိုင်းဖြတ်ကျော်ဝင်ရောက်ချိန်တွင်  အင်အားကြီးမား ပြင်းထန်သည့်လေတိုက်ခတ်ခြင်း၊ မိုးကြီးခြင်း၊ မုန်တိုင်းဒီရေ မြင့်တက်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ တောင်ကျရေကျဆင်း ခြင်း၊ မြေပြိုခြင်း စသည့်သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ် လာနိုင်သည်ကို  သတိပြုကာ  ဘေးလွတ်ရာသို့  ကြိုတင် တိမ်းရှောင်ကြရမည်ဖြစ်သည်။ မုန်တိုင်းဝင်ရောက်ဖြတ်ကျော် ချိန်တွင်    ပြည်သူများအနေဖြင့်    မိုး/ဇလမှ    ထုတ်ပြန်သည့် သတင်းများကို  စဉ်ဆက်မပြတ်နားထောင်၍  အကြံပြုချက် များကို  လိုက်နာခြင်း၊ အခြားသူများကို မျှဝေခြင်း၊ ကောလာ ဟလသတင်းများကို  နားမယောင်ခြင်း  စသည့်အချက်များ ကို ဆောင်ရွက်ကြရမည်ဖြစ်သည်။ ထို့အပြင် မုန်တိုင်းဗဟို ဖြတ်သန်းစဉ်တွင် ခေတ္တလေငြိမ်သွားပြီး မကြာမီ  ဆန့်ကျင် ဘက်အရပ်မှ ပိုမိုပြင်းထန်သည့်လေများ တိုက်ခတ်လာတတ် သည့် မုန်တိုင်း၏သဘာဝကိုလည်း သိနားလည်သတိပြုကြ ရမည်ဖြစ်သည်။ မုန်တိုင်းရှောင်ပြည်သူများသည် သက်ဆိုင်ရာ အစိုးရဌာနက  မုန်တိုင်းအန္တရာယ်ကင်းရှင်းကြောင်း  သတင်း ထုတ်ပြန်သည်အထိ    ဘေးကင်းလုံခြုံသည့်နေရာများတွင် နေထိုင်ကြရန်လိုသည်။ မုန်တိုင်းဖြစ်ပေါ်နေချိန်တွင် တိရစ္ဆာန် များကို မလိုအပ်ဘဲ  ချည်နှောင်ထားခြင်း၊  ရေထဲသို့ ဖြတ်သန်း ခြင်း၊  ရေကူးခြင်း၊  မုန်တိုင်းအနည်းငယ်အားပျော့သွားချိန်တွင် အပြင်ထွက်ခြင်း၊ ကမ်းခြေ၊ မြစ်ကမ်းနား ကမ်းနဖူးသို့ သွားရောက်ခြင်း စသည်တို့ကို ရှောင်ရှားကြရမည်ဖြစ်သည်။

 


 မုန်တိုင်းပြီးချိန်တွင် မိသားစုဝင်များ ပျောက်ဆုံး၊ ကွဲကွာ ပါက သက်ဆိုင်ရာသို့ အကြောင်းကြားခြင်း၊ အန္တရာယ်ရှိနိုင် သည့် ဓာတ်ကြိုး၊  ဓာတ်တိုင်၊  သစ်ပင်၊  သစ်ကိုင်းများကို သတိပြုရှောင်ရှားရန်၊ သက်ဆိုင်ရာနှင့်အတူ ကူညီရှင်းလင်းရန်၊ မိမိနေအိမ်သည် ပြန်လည်နေထိုင်နိုင်ရန် ခိုင်ခံ့မှုရှိ မရှိ၊မြွေကဲ့သို့ သော အဆိပ်ရှိသတ္တဝါများ ရှင်း မရှင်း စစ်ဆေးရန်၊ ရေသန့် သို့မဟုတ်   ကျိုချက်ထားသောရေ  သို့မဟုတ်  ရေသန့်ဆေး ခတ်ထားသော ရေကိုသာ သောက်သုံးရန်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပူးပေါင်းလုပ်ဆောင် ရန်အချက်များကို သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ရာ ဒေသများနေပြည်သူများ ဆောင်ရွက်ကြရန် အကြံပြုထားရာ လိုက်နာဆောင်ရွက်ကြခြင်းအားဖြင့်      အန္တရာယ်ကင်း၊ ဘေးရှင်းနိုင်ကြမည်ဖြစ်သည်။

 


မုန်တိုင်းဘေးအန္တရာယ်ကို   အရေးပေါ်တုံ့ပြန်နိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်ထောင်စု အဆင့်၊ နေပြည်တော်ကောင်စီနှင့်  တိုင်းဒေသကြီး/ပြည်နယ် အဆင့်တို့  ဆက်သွယ်မှုကွန်ရက်ချိတ်ဆက်၍  ၂၄   နာရီ ဆောင်ရွက်လျက်ရှိရာ     ပြည်သူလူထုက    ပူးပေါင်းပါဝင် ဆောင်ရွက်ကြခြင်းဖြင့်    မုန်တိုင်းဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးမှုများကို  အနည်းဆုံးအဖြစ်  လျှော့ချနိုင်မည်ဟု ယုံကြည်ပါကြောင်း။         ။