၂၀၁၈ ခုနှစ်တွင် ပြုလုပ်ခဲ့သော သုတေသနစစ်တမ်းတစ်ရပ် အရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သောက်သုံး မှုကြောင့် နှစ်စဉ်လူဦးရေ ၆၄၀၀၀ ခန့် အသက်ဆုံးရှုံးနေရပြီး စီးပွားရေးအရ နှစ်စဉ်ဆုံးရှုံးမှုတန်ဖိုးသည် မြန်မာကျပ်ငွေ ၂ ဒသမ ၆ ထရီလီယံနှင့်ညီမျှသည်ဟု တွေ့ရှိရကြောင်း သိရ သည်။ အရွယ်ရောက်ပြီးသူများ၏ ထက်ဝက်ကျော် (၅၄ ဒသမ ၄ ရာခိုင်နှုန်း) သည် ဆေးလိပ်၊ ဆေးရွက်ကြီး တစ်မျိုးမျိုးကို သုံးစွဲနေကြသည်ဟုဆိုရာ ယင်းနှင့်ဆက်စပ်၍ ဖြစ်ပွားလာ သောရောဂါများအတွက် ၂၀၁၆ ခုနှစ်က ကျန်းမာရေးအသုံး စရိတ် မြန်မာငွေကျပ် ၃၀၇ ဒသမ ၄ ဘီလီယံ နိုင်ငံတော်က ကုန်ကျခံခဲ့ရသည်။
မိမိတို့နိုင်ငံသည် ကမ္ဘာတွင်ရော ဒေသတွင်း၌ပါ ဆေးလိပ် နှင့်ဆေးရွက်ကြီး သုံးစွဲမှုမြင့်မားသောနိုင်ငံစာရင်းတွင် ပါဝင် နေပြီး ရောဂါများဖြစ်ပွားခြင်းကြောင့် ပြည်သူလူထု၏ကျန်းမာ ရေးကိုများစွာထိခိုက်စေသလို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် လည်း ကြီးစွာသောအဟန့်အတားကို ဖြစ်ပေါ်စေသည်။ စစ်တမ်းများအရ မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုများအနက် ဆေးရွက်ကြီးထွက်ပစ္စည်းတစ်မျိုးမျိုး ကို ကွမ်းယာထဲတွင် ထည့်၍စားသုံးမှုအရေအတွက်က ပိုမို များပြားသည်ကို တွေ့ရသည်။ မြန်မာတို့စားသည့် ကွမ်းယာ တွင် ကွမ်းရွက်၊ ကွမ်းသီး၊ ထုံးနှင့် ဆေးရွက်ကြီးထွက်ပစ္စည်းတို့ ပါဝင်ပြီး နှပ်ဆေး၊ ဆေး ပေါင်း၊ ဆစ်ဂနယ် စသောဆေးရွက်ကြီး ကို ပြုပြင်ထုတ်လုပ်ထားသည့်ပစ္စည်းများကို အိမ်နီးချင်းနိုင်ငံ အချို့မှ တင်သွင်းခြင်း၊ ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်သည် ကို တွေ့ရသည်။ ဆေးလိပ်နှင့် ဆေးရွက်ကြီးသုံးစွဲမှု ထိန်းချုပ် ရာတွင် ဆေးလိပ်ထုပ်များ၊ စီးကရက်ဘူးများ၌ သတိပေးရုပ်ပုံ နှင့် စာသားများဖော်ပြခြင်းဖြင့် သောက်သုံးမှုကို ထိရောက်စွာ လျော့ကျစေသည်ဟုဆိုသော်လည်း ကွမ်းယာအတွင်း ထည့် စားသည့်ဆေးနှင့် စပ်လျဉ်း၍ သတိပေးရုပ်ပုံနှင့် စာသားဖော်ပြ နိုင်မှုမရှိခြင်း၊ ပညာပေးမှုနည်းပါးခြင်းတို့ကြောင့် ကွမ်းယာ ကို ဆေးနှင့်စားသည့်အလေ့အထ ရှင်သန်ကြီးထွားနေခြင်း ဖြစ်ဖွယ်ရှိသည်။
ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက်ပစ္စည်းများ တင်သွင်းမှု၊ ထုတ်လုပ်မှုတို့မှာ နိုင်ငံအတွက် အကျိုးစီးပွားဖြစ်ထွန်းမှု မရှိဘဲ ပြည်သူ့ကျန်းမာရေးထိခိုက်မှု၊ နိုင်ငံတော်အတွက် ကျန်းမာရေးဝန်ထုပ်ဝန်ပိုး ဖိစီးစေမှု၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး တွင် အဟန့်အတားဖြစ်စေမှုတို့သာ ဖြစ်ပေါ်စေမည်ဖြစ်ရာ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ၏ အန္တရာယ် အသိပညာပေးမှုတို့ တိုးမြှင့်ပြုလုပ်ခြင်းနှင့်အတူ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ နိုင်ငံအတွင်းထုတ်လုပ်မှု၊ တင်သွင်းမှုတို့ကို လုံးဝပိတ်ပင်တားမြစ်သွားရန်အထိ မျှော်မှန်း ဆောင်ရွက်နိုင်ရန် လိုသည်။ “ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှုထိန်းချုပ်ရေးဥပဒေ” ကို ခေတ်ကာလနှင့် အညီ ပြင်ဆင်မှုများပြုလုပ်ရာတွင်လည်း အီး-စီးကရက်ကဲ့သို့ သော ခေတ်ပေါ်အီလက်ထရွန်နစ်နည်းလမ်းဖြင့် နစ်ကိုတင်း သုံးစွဲမှုများအတွက် ထည့်သွင်းရမည်ဖြစ်သလို နိုင်ငံအတွင်း လူအများစုသုံးစွဲနေကြောင်း စစ်တမ်းပြုတွေ့ရှိထားပြီးဖြစ် သည့် ကွမ်းယာအတွင်း ထည့်စားသည့်ဆေးရွက်ကြီးထွက် ပစ္စည်းအမျိုးမျိုးတို့အတွက်လည်း အလေးအနက်ထား၍ ဆောင်ရွက်သွားကြရမည်ဖြစ်သည်။ ပြည်ပမှ တင်သွင်းလာပြီး သုံးစွဲရန်၊ ရှူရန်(Vape)အတွက် ကုန်ကျစရိတ်များသည့် အီး- စီးကရက်ထက် မြို့တိုင်း၊ နယ်တိုင်း၊ နေရာတိုင်းမှာတွေ့ရပြီး ဈေးနှုန်းအနည်းငယ်မျှနှင့် အလွယ်တကူဝယ်ယူစားနိုင်သည့် ကွမ်းယာ(ဆေးရွက်ကြီးထွက်ပစ္စည်း) ကို လူငယ်များက ပိုမို သုံးစွဲနေကြခြင်းဖြစ်ရာ မိမိတို့နိုင်ငံ၏ပကတိအခြေအနေအရ ကွမ်းယာအတွင်း ဆေးပေါင်း၊ နှပ်ဆေး၊ 95 ၊ 100 ၊ Signal စသည့်ဆေးရွက်ကြီးများ ထည့်သွင်းစားသုံးနေမှုကိုလည်း အာရုံစိုက်၍ ဆောင်ရွက်သွားရန်လိုသည်။
မကူးစက်နိုင်သောရောဂါများကြောင့် အရွယ်မတိုင်မီ သေဆုံးနေရမှုများ လျှော့ချနိုင်ရေး၊ လူတိုင်းကျန်းမာအသက် ရှည်စွာနေထိုင်နိုင်ရေး၊ နိုင်ငံ၏ မျှော်မှန်းလူ့သက်တမ်း တိုးမြင့် လာရေးအတွက် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှုထိန်းချုပ်ရေး ဆောင်ရွက်ရာတွင် နိုင်ငံအတွင်း သုံးစွဲနေကြသည့်အခြေအနေများနှင့်အညီ ကာကွယ်တားဆီး ခြင်း၊ အသိပညာပေးခြင်း၊ ထိန်းချုပ်ခြင်းတို့ဆောင်ရွက်နိုင် ကြပါစေကြောင်း။ ။