
တင်ထက်ထက်ဇော်
===========
မြန်မာနိုင်ငံ၌ ပြောင်းသီးနှံကို ရာသီမရွေး သီးထပ် အဖြစ်စိုက်ပျိုးနိုင်ပြီး လက်ရှိအချိန်တွင် မြန်မာနိုင်ငံ အလယ်ပိုင်းသာမက ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်းဒေသများ၊ ကယားပြည်နယ်၊ ကချင် ပြည်နယ်တို့၌ လှိုင်လှိုင်ထွက်နေပြီး နေပြည်တော်၊ တပ်ကုန်း၊ ပျဉ်းမနားမြို့နယ်များမှာလည်း ပြောင်းသီးနှံများ စိုက်ပျိုးဖြစ်ထွန်းလျက် ရှိပါသည်။
ပြောင်းဖူးဆီ (maize oil) သည် ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံး စိုက်ပျိုးသီးနှံတစ်မျိုးဖြစ်သော ပြောင်းဖူးမှ ထုတ်ယူထားသောဆီ ဖြစ်ပါသည်။ ပြောင်းဖူးဆီဖြင့် ချက်ပြုတ်ရာတွင် အခြားသော ဆီများထက် မီးခိုးငွေ့ထွက်ရှိမှု ပိုသော်လည်း အဆင့်ဆင့်သန့်စင်ထားသောဆီဖြစ်၍ အဖိုးတန် သောဆီဖြစ်သည်။ ပြောင်းဖူးဆီ၏ အားသာချက်များ မှာ အကြော်ခံခြင်း၊ အခြားသော ဟင်းသီးဟင်းရွက် ဆီ၊ အစေ့အဆန်ဆီအမျိုးအစားများထက် ဈေးနှုန်း ချိုသာခြင်းတို့ကြောင့် တွက်ချေကိုက်သဖြင့် အိမ်ရှင်မ များနှင့် တစ်ပိုင်တစ်နိုင် အကြော်အလှော် လုပ်ငန်း လုပ်သူများက ပြောင်းဖူးဆီကို အကြိုက်တွေ့နေကြ သည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ပြောင်းဖူးဆီက လူကြိုက်အများဆုံး “စားသုံးဆီ” တစ်ခုဟု ဆိုနိုင်ပါသည်။
ပြောင်းဖူးဆီ ထုပ်လုပ်ပုံ
ပြောင်းဖူးစေ့၏ အပြင်ဆုံးအလွှာမှာ အခွံ (Hull) ဖြစ်ပါသည်။ အခွံ၏အလေးချိန်သည် ပြောင်းဖူးစေ့ အလေးချိန်၏ ခြောက်ရာခိုင်နှုန်းရှိပြီး အစားအစာ ထုတ်လုပ်မှုအပိုင်းအတွက် အခြေခံကျသော ပါဝင် ပစ္စည်းတစ်မျိုး ဖြစ်ပါသည်။ ပြောင်းပင်အမျိုးအစား ပေါ်မူတည်၍ မျိုးစေ့တွင် ဆီပါဝင်မှုက ပျမ်းမျှ ၅၀ ရာခိုင်နှုန်းအထိ ရှိနိုင်သည်။ ကျန်အစိတ်အပိုင်းများ မှာ အစေ့တွင်းစာများဖြစ်ပြီး စတာ့ချ် (Starch)၊ ပရိုတိန်း (Protein)၊ ကော်ဓာတ် (Gluten) စသည်တို့ ဖြင့် အလွယ်တကူ ခွဲထုတ်မရနိုင်အောင် တစ်သား တည်း ရောနှောဖွဲ့စည်းထားသည်။ ထိုဖွဲ့စည်းထား သော ပြောင်းဖူးစေ့၏ အတွင်းပိုင်းရှိ ပြောင်းမျိုးစေ့ (Germ) ကို သန့်စင်ခွဲထုတ်လိုက်ရာ ပြောင်းဖူးစေ့ ဆီကြမ်းကို ရရှိသည်။ ၎င်းဆီကြမ်းကို တိုက်ရိုက် စားသုံးနိုင်သော်လည်း ကမ္ဘာ့စားသုံးဆီဈေးကွက် တွင် ကျန်းမာရေးနှင့်ညီညွတ်သည့် ရောင်းတန်းဝင် စားသုံးဆီဖြစ်ရန် ဓာတုဗေဒနည်းဖြင့် အဆင့်ဆင့် သန့်စင်ရပါသည်။ ထိုအခါ သန့်စင်ပြီး ပြောင်းဖူးစေ့ ဆီ (Edible Corn Oil) ဖြစ်လာပါသည်။
ဘက်စုံသုံး ပြောင်းဖူးဆီ
ပြောင်းဖူးဆီက လူသားတို့ကျန်းမာရေးအတွက် စားသုံးဆီဖြစ်သည့်အပြင် အခြားနည်းလမ်းများ အတွက်လည်း အသုံးပြုနိုင်ပါသည်။ ပြည်ပနိုင်ငံများ ၌ ပြောင်းဖူးဆီကို မာဂျရင်းများ(ထောပတ်တု) ပြုလုပ်ရာတွင် အဓိက ထည့်ဝင်သုံးစွဲကြသည်။ ပြောင်းဆီသည် ဇီဝဒီဇယ်အတွက် အသုံးပြုသော အစားအစာတစ်ခုလည်းဖြစ်ကြောင်း လေ့လာသိရပါ သည်။ အခြားစက်မှုလုပ်ငန်းသုံးများဖြစ်ကြသော ဆပ်ပြာ၊ ဆား၊ ဆေး၊ ခဲဖျက်များ၊ သတ္တုမျက်နှာ ပြင်များအတွက် သံချေးတက်ခြင်း၊ မင်များ၊ အထည် အလိပ်များ၊ နိုက်ထရိုဂလီဆာရင်းနှင့် ပိုးသတ်ဆေး များ ထုတ်လုပ်ရာတွင်လည်း ပြောင်းဖူးဆီကို အသုံး ပြုကြသည်။ ထိုမျှမက အိမ်သုံးဆေးဝါးတချို့ဖော်စပ် ရာ၌ ဆေးဝါးမော်လီကျူးများအတွက် ပြောင်းဖူးဆီ ကို သုံးသည်။
ပြောင်းဖူးဆီနှင့် ကျန်းမာရေး
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီရှိ USDA (United States Department of Agriculture) ခေါ် အမေရိကန်စိုက်ပျိုးရေးဌာန၏ ဆန်းစစ်မှုမှတ်တမ်းများအရ ၁၀၀ ဂရမ် အလေးချိန် ရှိသော ပြောင်းဖူးဆီထဲတွင် ကယ်လိုရီ ၉၀၀၊ အဆီ အစုအဝေး ၁၀၀ ဂရမ်၊ ပြည့်ဝဆီ ၁၃ ဂရမ်တို့ပါရှိနေ ပြီး လူကိုဘေးဖြစ်စေတတ်သော ကိုလက်စထရော၊ ဆိုဒီယမ်နှင့် သကြားဓာတ်တို့ လုံးဝမပါရှိကြောင်း သိရသည်။
• ပြောင်းဖူးဆီထဲတွင်ပါရှိသော လူသားအကျိုး ပြု မပြည့်ဝဆီသည် သွေးတိုးရောဂါရှိသော အမျိုးသားများကို ၁၂ ရာခိုင်နှုန်း သွေးကျစေ ပြီး အမျိုးသမီးများကို ငါးရာခိုင်နှုန်း သွေးကျ စေပါသည်။
• ဆီးအိမ်ကို ကောင်းစွာအလုပ်လုပ်စေပြီး ကျောက်ကပ်နှင့်ဆိုင်သော ရောဂါအမျိုးမျိုး တို့ကို ကုသပေးနိုင်စွမ်းရှိသည်။
• ပြောင်းဖူးသည် ကောက်နှံပင်များထဲတွင် ကယ်လိုရီဓာတ် အမြင့်မားဆုံးဖြစ်၍ လူကို ခွန်အားဖြစ်စေရုံသာမက ၎င်းထဲတွင် ပါရှိသော ဗီတာမင်ဘီဓာတ်ပေါင်းစုသည် ဇီဝကမ္မဆိုင်ရာ လုပ်ငန်းဆောင်တာများကို ကူညီပေးသဖြင့် သက်လုံကောင်းစေပါသည်။
• ပြောင်းဖူးဆီသည် ခန္ဓာကိုယ်ထဲရှိ မကောင်း သော ကိုလက်စထရောကို လျှော့ချပေးနိုင် ကြောင်း အမေရိကန်ထုတ် Nutritional Biochemistry ဆေးဂျာနယ်တွင် ဖော်ပြထား သည်။ ထို့ပြင် ချေဖျက်လွယ်သော အမျှင်ဓာတ် အမြောက်အမြားပါရှိပြီး ကိုလက်စထရော ကျစေသဖြင့် ခန္ဓာကိုယ်အလေးချိန် ပုံမှန် ထိန်းသိမ်းလိုသူများ စားသုံးပေးသင့်သည်။
• ပြောင်းဖူးအဆီထဲတွင်ပါရှိသော မပြည့်ဝဆီ သည် နှလုံးသွေးကြောများကိုသန်မာစေပြီး နှလုံးသွေးစီးဆင်းမှုကို အထောက်အကူပြု ကာ နှလုံးကျန်းမာစေကြောင်း၊ မကောင်း သည့် ကိုလက်စထရောအဆင့်များကို ကျဆင်းစေနိုင်ပြီး သွေးကြောများကို သန့်စင် စေကာ သွေးခဲပိတ်ဆို့မှုမဖြစ်အောင် ကာကွယ်နိုင်ကြောင်း၊ နှလုံးရောဂါနှင့် ဆက်စပ်သော လေဖြတ်ခြင်းကိုလည်း မဖြစ်စေနိုင်ကြောင်း ကနေဒါနိုင်ငံရှိ ဆေးသိပ္ပံပညာရှင်များက ယခုလို အကြံပြု ထားသည်။ ထိုအဆိုကို ဘော့စတွန်ရှိ သူနာပြုအဖွဲ့ကလည်း အတည်ပြုထောက်ခံ ထားသည်။
• အသက်ရှူလမ်းကြောင်း ကျန်းမာရေးကို အကျိုးပြုစေနိုင်သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများလည်း ပြောင်းဖူးဆီကို စားပေးသင့်သည်။
• ပြောင်းဖူးဆီက အစာချေစနစ်ကို တိုးတက် ကောင်းမွန်စေပြီး ဝမ်းပျော့ပျော့သက်စေနိုင် သဖြင့် လိပ်ခေါင်းနှင့် အူမကြီးကင်ဆာတို့ ဖြစ်မလာအောင် ကြိုတင်ကာကွယ်ပေးနိုင် ကြောင်း ကနေဒါဆေးသိပ္ပံပညာရှင်များက အကြံပြုထားသည်။
• Beta Cryptoxanthin ဓာတ်ပါဝင်သော ကြောင့် ပြောင်းဖူးနှင့် ပြောင်းဖူးဆီတို့ကို ပုံမှန်စားပေးပါက အဆုတ်ကင်ဆာဖြစ်နှုန်း ၃၇ ရာခိုင်နှုန်း လျော့ကျစေပါသည်။ ရင်သား နှင့် အသည်းကင်ဆာအကျိတ်များ ကြီးထွား လာမှုကိုလည်း ဟန့်တားပေးနိုင်သည်။
• ပြောင်းဖူးအဆီထဲတွင်ပါရှိသော Linoleic အက်စစ်နှင့် ကဆီဓာတ်တို့သည် အသား အရေကို ချောမွေ့စေပြီး အဖုအပိန့်၊ အနီစက် များ မဖြစ်စေနိုင်ပေ။ ထို့ကြောင့် နိုင်ငံအချို့ တွင် ပြောင်းဖူးဆီကိုအခြေခံ၍ အလှကုန် ပစ္စည်းများနှင့် အရွယ်တင်နုပျိုစေသော ဆေးဝါးပစ္စည်းများတွင် ထည့်သွင်းအသုံးပြု နေကြသည်။
• ပြောင်းဖူးကဲ့သို့ အဝါရောင်တောက်တောက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများထဲတွင် ဗီတာမင်အေကြွယ်ဝစွာ ပါရှိခြင်းကြောင့် မျက်စိကျန်းမာရေးအတွက် အထူးပင် ကောင်းမွန်စေပါသည်။ နိုင်ငံတကာ စိုက်ပျိုး ရေး သုတေသနပညာရှင်အဖွဲ့၏ မှတ်တမ်း များအရ ပြောင်းဖူးနှင့် ပြောင်းဖူးဆီတို့သည် အသက်ကြီး၍ အမြင်အာရုံခံလွှာပျက်စီးခြင်း နှင့် အတွင်းတိမ်ရောဂါတို့ကို ကာကွယ်ပေး နိုင်ကြောင်း၊ မွေးရာပါကလေးများ မျက်စိ ကွယ်ခြင်းကို တားဆီးနိုင်ကြောင်း အကြံပြု ထားသည်။
• ပြောင်းဖူးတွင် အင်တီအောက်ဆီးဒင့်တစ်မျိုး ဖြစ်သော Ferulic အက်ဆစ်များစွာပါရှိသဖြင့် ခန္ဓာကိုယ်တွင်းရောင်ရမ်းမှုကို လျော့ကျစေ သည်။
• ပြောင်းဖူးဆီတွင်ပါရှိသော ဘိုင်အိုတင် (Biotin) ဓာတ်က ဆံသားများကို ကျန်းမာ သန်စွမ်းစေသော အာနိသင်ရှိသည်။
• ဟင်းသီးဟင်းရွက်၊ အသီးအနှံများ၌ တွေ့ရ ခဲသော ရှားရှားပါးပါး ဗီတာမင်ဘီ-၅ ကို ပြောင်းဖူးဆီတွင်တွေ့ရပြီး ၎င်းဓာတ်က ကျောက်ကပ်၏ အပေါ်ဘက်နားရှိ အက်ဒရီနယ်ဂလင်းမှ မျိုးပွားဟော်မုန်းများ ထွက်ရှိလာခြင်းကို အားပေးသဖြင့် သားသမီး ယူရန်ကြိုးစားသော မိဘလောင်းများ ပြောင်းဖူးဆီကို နေ့စဉ်သုံး စားသုံးဆီအဖြစ် ချက်ပြုတ်စားသင့်သည်။
ပြောင်းဖူးဆီဖြင့်အသားအရေထိန်းသိမ်းနည်း
• ပြောင်းဖူးဆီနှင့် မိမိလိမ်းနေကျ မျက်နှာသန့် cleanser တို့ကို ပျစ်နေအောင်နယ်ပါ။ ထိုအရောအနှောတို့ကို မျက်နှာပေါ်တွင် စက်ဝိုင်းပုံသဏ္ဌာန် ဖြည်းဖြည်းချင်းအထဲသို့စိမ့်ဝင်အောင် လိမ်းပေးပြီးနောက် ဆယ်မိနစ် ခန့်အကြာတွင် ရေနွေးဖြင့်ဆေးကြော သန့်စင်ပါ။ ထိုနည်းအတိုင်း တစ်ပတ် တစ်ကြိမ်ပြုလုပ်ပေးခြင်းဖြင့် မျက်နှာပေါ်ရှိ မှဲ့ခြောက်နှင့်ဆားဝက်ခြံများ ပျောက်ကင်းပြီး အသားအရေ နူးညံ့ကာ ဝင်းမွတ်စိုပြည်လာ ပါလိမ့်မည်။
• ခန္ဓာကိုယ်အသားအရေအတွက် ပြောင်းဖူးဆီ ကို အသုံးပြုနိုင်ပါသည်။ ရေမချိုးခင် နာရီဝက် ခန့် ကြိုတင်၍ ပြောင်းဖူးဆီဖြင့် ခန္ဓာကိုယ် အနှံ့ ပွတ်တိုက်နှိပ်နယ်ပေးပါ။ ပြီးနောက် မိမိသုံးနေကျ ဆပ်ပြာဖြင့် ရေချိုးပါ။ အံ့ဖွယ် ကောင်းအောင် နူးညံ့ပျော့ပျောင်းသော အသားအရေကို ပိုင်ဆိုင်နိုင်ပါလိမ့်မည်။
(သတိပြုရန်) (က) ပြောင်းဖူးဆီက ကယ်လိုရီ ပါဝင်မှု လွန်စွာမြင့်မားသဖြင့် ပုံမှန်ထက် ကိုယ် အလေးချိန်များသူများ အထူးရှောင်ရှားသင့်သည်။ (ခ) ပြောင်းဖူးဆီက အခြားဟင်းသီးဟင်းရွက် သီးနှံ ဆီများထက် ဝမ်းပျော့စေသော အာနိသင်ရှိ၍ ဝမ်းနူး လွယ်သူများ၊ ဝမ်းလျှောရောဂါရှိသူများ ရှောင်ပါ။
အချုပ်အားဖြင့်ဆိုသော် ဈေးနှုန်းကြီးမြင့်သော အစားအစာများကိုသာ အကောင်းဆုံးအစားအစာ ဟု လုံးဝမယူဆသင့်ပေ။ ကျန်းမာရေးအတွက် အကောင်းဆုံး အကျိုးပြုမည့်အစားအစာကိုသာ အကောင်းဆုံးအစားအစာဟု မှတ်ယူသင့်ပါသည်။ ပြောင်းဖူးဆီက အခြားသော ဟင်းသီးဟင်းရွက် သီးနှံဆီ အမျိုးအစားများထက် ဈေးနှုန်းအတန်ငယ် ချိုသဖြင့် လျှော့မတွက်သင့်ပေ။ ထို့ပြင် ကျန်းမာရေး အတွက် ဘေးထွက်ဆိုးကျိုးနည်းလှသော ဆေးဖက် ဝင်ပြောင်းဖူးဆီကို အလေ့အကျင့်လုပ်၍ စားသုံး ကြစေလိုပါကြောင်း ရေးသားတင်ပြလိုက်ရပါ သည်။ ။
- Log in to post comments