ဆီ နှစ်ဆီ ချွေတာခြင်းဖြင့်

 

၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း မိမိတို့နိုင်ငံ၏ စက်သုံးဆီတင်သွင်း မှု   စုစုပေါင်းတန်ဖိုးမှာ   ဒေါ်လာ ၂ ဒသမ ၁၂၉  ဘီလီယံရှိသည်။ ဒီဇယ်ဆီ၊ ဓာတ်ဆီ စသည့်  စက်သုံးဆီများကို  စက်ယန္တရားများ မောင်းနှင်ရာတွင် အသုံးပြုကြရာ အများစုမှာ မော်တော်ယာဉ်များ တွင် အသုံးပြုကြခြင်းဖြစ်သည်။ ယခုအခါ မိမိတို့ နိုင်ငံတွင် မှတ်ပုံ တင် မော်တော်ယာဉ်စီးရေ တစ်သန်းခန့်နှင့် မော်တော်ဆိုင်ကယ်စီးရေ ခြောက်သန်းခန့်ရှိနေရာ မြေပြင်အခြေအနေတွင် ယင်းထက်ပိုမည် မှာ သေချာသည်။ မှတ်သားဖွယ်အချက်မှာ လူဦးရေ ခုနစ်သန်းကျော် နေထိုင်သည့် ရန်ကုန်တိုင်းဒေသကြီးတွင် ကားစီးရေ ခုနစ်သိန်းကျော် ရှိနေသည့်အတွက် တစ်နိုင်ငံလုံးရှိ မော်တော်ယာဉ်စီးရေ၏ သုံးပုံ နှစ်ပုံခန့် ရန်ကုန်တွင် တည်ရှိနေခြင်းပင်ဖြစ်သည်။

 


ကိုဗစ်-၁၉   မတိုင်မီကာလက  ရန်ကုန်တွင်  နေ့စဉ်ခရီးသည် ၁၈ သိန်းကျော် သွားလာကြပြီး  ဝိုင်ဘီအက်စ်  ယာဉ်လိုင်းပေါင်း ၁၀၀ ခန့်တွင် ယာဉ်စီးရေ ၄၀၀၀ ကျော်ဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင် လုပ်ငန်းသုံးယာဉ် ၁၇၀၀၀၀၊ ခရီးသည် တင်ယာဉ် ၆၃၀၀ ကျော်၊  တက္ကစီ ၆၂၀၀၀ ခန့်နှင့်  အိမ်စီးယာဉ် ၂၆၀၀၀၀ ကျော်ရှိကြောင်း ၂၀၁၉ ခုနှစ်က စာရင်းများတွင် တွေ့ရ သည်။ ယင်းအခြေအနေအရ ရန်ကုန်တွင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာ၊ ယာဉ်ရပ်နားရန်နေရာ ပြဿနာစသည်တို့ကို တွေ့ကြုံနေ ရပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးစနစ်ကို  ပိုမိုကောင်းမွန်လာ အောင် ဆောင်ရွက်ရေး၊ ခေတ်မီအခပေး ယာဉ်ရပ်နားရန် နေရာများ တည်ဆောက်အကောင်အထည်ဖော်ရေး၊ မိသားစုတစ်စုတည်းတွင် အိမ်စီးယာဉ် တစ်စီးထက် ပိုမိုပိုင်ဆိုင်ထားပါက မိသားစုပေါင်း၍ စီးနင်းစေရေး၊  စက်ဘီးသုံးစွဲမှုကို  အားပေးပြီး  စက်ဘီးလမ်းများ ဖောက်လုပ်ပေးရေး စသည်တို့ကို မီဒီယာများမှတစ်ဆင့် အကြံပြုခဲ့ ကြသည်တို့ကိုလည်း မှတ်သားခဲ့ရသည်။

 


ယခုအခါ ကမ္ဘာ့ရေနံဈေးနှုန်း မြင့်တက်လာခြင်းနှင့်အတူ မိမိတို့ နိုင်ငံတွင် စက်သုံးဆီဈေးနှုန်းမှာလည်း ပုံမှန်ထက်နှစ်ဆခန့် မြင့်တက် လာသည်။ အဝေးပြေးကုန်စည်နှင့် ခရီးသည်တင်ယာဉ် ရထားလိုင်း များ၊ အများပြည်သူသယ်ယူပို့ဆောင်ရေး မြို့တွင်းမြို့ပြင် ယာဉ်လိုင်း များ စသည်တို့မှာ နိုင်ငံအတွက် အခြေခံအကျဆုံး လိုအပ်ချက်များ ဖြစ်ပြီး တက္ကစီနှင့် အိမ်စီးယာဉ်များမှာမူ အကန့်အသတ်ဖြင့် သုံးစွဲ နိုင်မည်ဆိုပါက စက်သုံးဆီ လိုအပ်ချက်မြင့်မားနေမှုကို အထိုက် အလျောက်    လျော့ပါးသက်သာစေမည်ဖြစ်သည်။   ကမ္ဘာတွင် လောင်စာစွမ်းအင် ချွေတာရေးကို အမေရိကန်ပြည်ထောင်စု၊ ဥရောပ အစရှိသော   ကမ္ဘာ့နိုင်ငံများတွင်   ကျင့်သုံးဆောင်ရွက်နေကြပြီး မော်တော်ယာဉ်များတွင်  ရုပ်ကြွင်းလောင်စာသုံးစွဲမှုကို  လာမည့် ဆယ်စုနှစ်တစ်ခုအတွင်း သုညအခြေအနေအထိ လျှော့ချသွားရန်ပါ ရည်မှန်းဆောင်ရွက်နေကြကြောင်း နိုင်ငံတကာသတင်းများတွင် မကြာမကြာ တွေ့နေရပြီဖြစ်သည်။

 


မော်တော်ယာဉ်များ သုံးစွဲမှု တိုးတက်များပြားလာခြင်းသည် နိုင်ငံတွင် စီးပွားရေးအခြေအနေ တိုးတက်လာသည့် လက္ခဏာဟု ဆိုနိုင်သော်လည်း အခြားတစ်ဖက်တွင်မူ ပတ်ဝန်းကျင်ညစ်ညမ်းမှု တိုးလာစေသည့်  ဘေးထွက်ဆိုးကျိုးရှိနေသည်။  အတတ်နိုင်ဆုံး မော်တော်ယာဉ်သုံးစွဲမှုကို လျှော့ချခြင်းက လောင်စာဆီ ချွေတာရာ ရောက်ပြီး   မိမိအတွက်   ကုန်ကျစရိတ်သက်သာစေသည့်အပြင် ကာဗွန်ထုတ်လုပ်မှု     လျော့ကျစေသည့်အတွက်     ပတ်ဝန်းကျင် ညစ်ညမ်းမှုကိုလည်း နည်းပါးသွားစေသည်။ အများပြည်သူ သယ်ယူ ပို့ဆောင်ရေးကို လူတိုင်းက  လိုလိုလားလား သုံးစွဲလာနိုင်စေရန်မှာ ရေတိုတွင် စီမံခန့်ခွဲရေးနှင့် ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် မြှင့်တင်ဆောင်ရွက်သွားရန်နှင့် ရေရှည်တွင် အများပြည်သူ သယ်ယူ ပို့ဆောင်ရေးဆိုင်ရာ  အခြေခံအဆောက်အအုံများ  တည်ဆောက် ဖြည့်ဆည်းသွားရန် လိုအပ်သည်ဟု ယုံကြည်မိသည်။

 


စက်သုံးဆီနှင့် စားသုံးဆီဟူသော ဆီနှစ်ဆီ ချွေတာရေးအတွက် နိုင်ငံတော်အကြီးအကဲက တိုက်တွန်းပြောကြားလျက်ရှိသည်။ ၎င်း ဆီနှစ်ဆီကို အထိုက်အလျောက် ချွေတာနိုင်သည်နှင့်အမျှ နှစ်စဉ် ပြည်ပသို့ ပေးနေရသည့် နိုင်ငံခြားငွေ ဒေါ်လာသုံးဘီလီယံအနက်မှ အထိုက်အလျောက် လျော့ပါးသက်သာမည်။ များများချွေတာနိုင် ပါက  များများသက်သာမည်။   ဆီအတွက်  မကုန်ရတော့သည့် နိုင်ငံခြားငွေများကို နိုင်ငံတည်ဆောက်ရေးအတွက် အခြားနေရာ များတွင် သုံးစွဲနိုင်သည်။ မိမိတို့အတွက်ရော နိုင်ငံအတွက်ပါ အကျိုး ရလဒ်ကောင်းများ     ဖြစ်ပေါ်လာစေမည့်    ဆီနှစ်ဆီချွေတာရေး တွင်  လူတိုင်း၊  အိမ်တိုင်း၊  မိသားစုတိုင်းက  ပါဝင်ကျင့်သုံးနိုင်ကြပါ စေကြောင်း။       ။