ဆီးဂိမ်း စနူကာတစ်ဦးချင်းပြိုင်ပွဲတွင် အောင်ဖြိုး ပူးတွဲတတိယဆုရရှိ

 

ရန်ကုန်   မေ  ၂၁


(၃၁) ကြိမ်မြောက် ဆီးဂိမ်းစနူကာတစ်ဦးချင်းပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ် များကို မေ ၂၁ ရက်က ဆက်လက်ကျင်းပရာ မြန်မာစနူကာကစားသမား အောင်ဖြိုးသည် ရှုံးပွဲကြုံတွေ့ပြီး ပူးတွဲကြေးတံဆိပ်ရရှိခဲ့သည်။

 


အောင်ဖြိုးသည်    ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ်  ထိုင်းကစားသမား ဂျိမ်းဝါတာနာနှင့် ယှဉ်ပြိုင်ကစားရာ ၄-၁ ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။ ဂျိမ်းဝါတာနာသည် ပထမပွဲငယ်တွင် ၆၉-၄၂ မှတ်၊ ဒုတိယပွဲငယ်တွင် ၁၁၃-၉ မှတ်ဖြင့် အနိုင်ရခဲ့ပြီး တတိယပွဲငယ်တွင် အောင်ဖြိုးက ၉၀-၁ မှတ်ဖြင့် ပြန်လည်အနိုင်ရခဲ့သည်။ သို့သော်  ဂျိမ်းဝါတာနာသည် စတုတ္ထ ပွဲငယ်တွင် ၁၀၇-၀ မှတ်၊ ပဉ္စမပွဲငယ်တွင် ၆၇-၆၁ မှတ်ဖြင့် အနိုင်ရရှိ ကာ ဗိုလ်လုပွဲ တက်ရောက်သွားခြင်းဖြစ်သည်။ အောင်ဖြိုးသည် ၁၆ ဦး ရှုံးထွက်အဆင့်မှ စတင်ကစားခဲ့ရပြီး ၁၆ ဦးအဆင့်တွင် ဖိလစ်ပိုင်နိုင်ငံ သား ရိုဒါကို ၄-၂ ပွဲ၊ ကွာတားဖိုင်နယ်တွင် လာအိုနိုင်ငံသား ဆူရီရာကို ၄-၂ ပွဲဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့သည်။ ဗိုလ်လုပွဲတွင် ထိုင်းနှင့် မလေးရှားကစားသမား ယှဉ်ပြိုင်ရမည်ဖြစ်သည်။ စနူကာ တစ်ဦးချင်းပြိုင်ပွဲတွင်     မြန်မာကစားသမားနှစ်ဦး   ယှဉ်ပြိုင်ခဲ့ရာ အောင်ဖြိုးက ပူးတွဲတတိယရရှိပြီး  ဝင်းကိုကိုက ကွာတားဖိုင်နယ်အဆင့် မှ ထွက်ခဲ့ရသည်။ ဝင်းကိုကိုမှာမူ ၁၆ ဦးအဆင့်တွင် ကမ္ဘောဒီးယားနိုင်ငံ သား ချာဟေးကို ၄-၂ ပွဲဖြင့် အနိုင်ရသော်လည်း ကွာတားဖိုင်နယ်တွင် ထိုင်းကစားသမား ဆူဝမ်နာဝပ်ကို ၄-၁ ပွဲဖြင့် အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။

 


မြန်မာဘိလိယက်အဖွဲ့သည်  ဘိလိယက်အားကစားနည်းတွင်ပါဝင် သည့် ဘိလိယက်၊ စနူကာနှင့် Pool ပွဲစဉ် ခြောက်မျိုးတွင် ဝင်ရောက် ယှဉ်ပြိုင်ရာ ရွှေတစ်ခု၊ ငွေတစ်ခု၊ ကြေးတစ်ခု ရရှိခဲ့သည်။ မြန်မာ ဘိလိယက်အဖွဲ့အတွက် ရွှေတံဆိပ်ဆုကို ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ တွင် ပေါက်စက ရယူပေးခဲ့သည်။


ရဲရင့်လွင်