
ဆီးဂိမ်း အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု (ခ) နောက်ဆုံးနေ့ကို မေ ၁၆ ရက်က ဆက်လက်ကျင်းပခဲ့ပြီး ဆီမီးဖိုင်နယ်တွင် ထိုင်းနှင့် အင်ဒို နီးရှား၊ ဗီယက်နမ်နှင့် မလေးရှား တို့ ဆုံတွေ့ခဲ့သည်။
အုပ်စု နောက်ဆုံးနေ့တွင် မလေးရှားနှင့် ကမ္ဘောဒီးယား အသင်း နှစ်ဂိုးစီသရေကျပြီး ထိုင်း အသင်းက လာအိုအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ မလေးရှားအသင်းသည် နှစ်ပွဲ ဆက်သရေရလဒ်ကြောင့် အုပ်စု ပထမနေရာနှင့် လွဲချော်ခဲ့ရပြီး ယခုပွဲတွင်လည်း ကမ္ဘောဒီးယား အသင်း၏ ဖိအားပေးခြင်းကို ခံခဲ့ရသည်။ ကမ္ဘောဒီးယား အသင်းသည် ဆီမီးတက်ရေး မျှော်လင့်ချက် အနည်းငယ် အတွက် အကောင်းဆုံးကြိုးစား ခဲ့ပြီး ပထမပိုင်းပြီးခါနီးတွင် ပယ်နယ်တီမှတစ်ဆင့် ချန်ချ၊ ၆၁ မိနစ်တွင် ဆာတေးတို့က ဦးဆောင်ဂိုးများ သွင်းယူခဲ့သည်။
မလေးရှားအသင်း အတွက် ချေပဂိုးများကို ၅၁၊ ၆၈ မိနစ် တွင် ဟာဒီက သွင်းယူခဲ့သည်။ မလေးရှားအသင်း၏ သရေရလဒ် ကြောင့် ထိုင်းအသင်းသည် လာအိုကို အနိုင်ကစားကာ အုပ်စု ပထမနေရာရယူနိုင်ခဲ့သည်။ ထိုင်း အသင်းသည် အဖွင့်ပွဲတွင် မလေးရှားကို အရေးနိမ့်ခဲ့သော် လည်း နောက်ဆုံးသုံးပွဲဆက် အနိုင်ယူကာ အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့ ခြင်းဖြစ်သည်။ ထိုင်းအသင်း အတွက် အနိုင်ဂိုးကို ပထမပိုင်း ကတည်းက ရရှိခဲ့ခြင်းဖြစ်သည်။
အုပ်စု (ခ) ပွဲစဉ်များအပြီးတွင် ထိုင်းအသင်းက ကိုးမှတ်ဖြင့် အုပ်စုပထမ၊ မလေးရှားအသင်းက ရှစ်မှတ်ဖြင့် အုပ်စုဒုတိယရရှိကာ ဆီမီးဖိုင်နယ် တက်ရောက်ခဲ့ပြီး ငါးမှတ်ရသည့် စင်ကာပူအသင်း၊ လေးမှတ်ရသည့် ကမ္ဘောဒီးယား အသင်းနှင့် တစ်မှတ်ရသည့် လာအိုအသင်းတို့မှာ အုပ်စုအဆင့် မှ ထွက်ခဲ့ရသည်။ ဆီမီးဖိုင်နယ် တွင် ဗီယက်နမ်နှင့် မလေးရှား၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့ တွေ့ဆုံ နေပြီး မေ ၁၉ ရက်တွင် ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။
ရဲရင့်လွင်