ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ မြန်မာနှင့် ဖိလစ်ပိုင် ယနေ့ကစားမည်


 

 

ရန်ကုန်    မေ    ၉
ဗီယက်နမ်နိုင်ငံက    အိမ်ရှင်အဖြစ်    လက်ခံကျင်းပနေသည့်   ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲ  အုပ်စု (က) ပွဲစဉ်များကို  မေ ၁၀  ရက် (ယနေ့) ဆက်လက်ကျင်းပမည်ဖြစ်ပြီး   မြန်မာ အသင်းသည်   ဖိလစ်ပိုင်အသင်းနှင့်  ယှဉ်ပြိုင်ကစားရမည်ဖြစ် သည်။
အုပ်စု (က)  ပွဲစဉ်များအဖြစ်   ယနေ့မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်  မြန်မာအသင်းနှင့်   ဖိလစ်ပိုင်အသင်း၊   မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင်  အင်ဒိုနီးရှားအသင်းနှင့်   တီမောအသင်းတို့   ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   အုပ်စု (က) ၌   ဗီယက်နမ်နှင့်   ဖိလစ်ပိုင်အသင်းက   နှစ်ပွဲကစား လေးမှတ်စီ၊ မြန်မာအသင်းက တစ်ပွဲကစား သုံးမှတ်ရထား ပြီး တစ်ပွဲကစားထားသည့်  အင်ဒိုနီးရှား၊  နှစ်ပွဲ ကစားထား သည့်   တီမောအသင်းတို့မှာ   အမှတ်မရသေးပေ။ 
ယနေ့    ကစားမည့်အသင်းများတွင်    မြန်မာနှင့်  အင်ဒိုနီးရှားအသင်း သာ ဒုတိယမြောက်ပွဲ   ကစားရမည်ဖြစ်ပြီး   ဖိလစ်ပိုင်နှင့်    တီမောအသင်းမှာမူ   တတိယမြောက်ပွဲ   ကစားရမည်ဖြစ်သည်။  မြန်မာအသင်းအတွက် ယခုပွဲမှာ မဖြစ်မနေ အနိုင်ရရန် လိုအပ်နေပြီး အမှတ်ပြည့်ရ ယူထား နိုင်မှသာ   ဗီယက်နမ်၊   အင်ဒိုနီးရှားတို့နှင့်   မတွေ့ဆုံမီ    အခြေအနေ    ကောင်းဖွယ်ရှိနေ သည်။   
 မြန်မာအသင်းအနေဖြင့်  ပထမပွဲတွင်   တီမောကို   သုံးဂိုး-နှစ်ဂိုးဖြင့်   အနိုင်ရခဲ့သော်လည်း   ခြေစွမ်းပိုင်းအရ သာမန်သာရှိသလို အသက်ကျော်ကစားသမားများ၊   ပြည်ပ ကလပ်များတွင်   ကစားနေသူများမှာ  အသင်းနှင့်အံဝင်ရန် လိုအပ်နေသည်။  ဖိလစ်ပိုင်အသင်းကလည်း  တီမောကို လေးဂိုးပြတ်နိုင်ပြီး   ဗီယက်နမ်နှင့်   ဂိုးမရှိ    သရေကျထားရာ မြန်မာအသင်း  အမှားမခံသည့်ပွဲဖြစ်နေသည်။
မြန်မာနှင့်   ဖိလစ်ပိုင်အသင်းသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ    အုပ်စုအဆင့်တွင်လည်း တွေ့ဆုံခဲ့ပြီး နှစ်ကြိမ်ဆက်   တွေ့ဆုံ ခြင်းဖြစ်ပြီး  ထိုစဉ်က  မြန်မာအသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။                                             
  ရဲရင့်လွင်