ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်း ဗီယက်နမ်၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောတို့နှင့် တစ်အုပ်စုတည်းကျရောက်

 

ရန်ကုန်  ဧပြီ    ၉


ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲကို ဧပြီ ၆ ရက်က ပြုလုပ်ခဲ့သည်။

 


၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင်   ရွှေတံဆိပ်ဆုရရှိခဲ့သည့်  ဗီယက်နမ်၊ ငွေတံဆိပ်ဆုရရှိခဲ့သည့် အင်ဒိုနီးရှားနှင့် ကြေးတံဆိပ်ဆုရရှိခဲ့သည့် မြန်မာအသင်းမှာ တစ်အုပ်စုတည်း ကျရောက်နေခြင်းဖြစ်သည်။ အုပ်စု ခွဲဝေထားမှုအရ အုပ်စု(က)တွင် အိမ်ရှင်ဗီယက်နမ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ တီမော၊ အုပ်စု (ခ) တွင် ထိုင်း၊ မလေးရှား၊ ကမ္ဘောဒီးယား၊ စင်ကာပူနှင့်  လာအိုအသင်းတို့   ပါဝင်နေသည်။   ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲတွင်  အရှေ့တောင်အာရှအသင်း ၁၀ သင်း   ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး ငါးသင်း နှစ်အုပ်စုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။   ယင်းပြိုင်ပွဲကို   မေ ၆ ရက်မှ ၂၂ ရက်အထိ  ကျင်းပမည်ဖြစ်ပြီး အုပ်စု တစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီမှာ  ဆီမီးဖိုင်နယ်  တက်ရောက်ခွင့်ရမည် ဖြစ်သည်။ မြန်မာအသင်းသည် ၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲတွင် တစ်အုပ်စု တည်း ကျရောက်ခဲ့သည့် အသင်းများအနက် တီမော၊ ဖိလစ်ပိုင်တို့နှင့် ပြန်လည်တွေ့ဆုံနေသည်။

 

  ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲကို အသက်  ၂၂ နှစ်အောက်အဖြစ်   သတ်မှတ်ထားပြီး   အသက်ကျော် ကစားသမား   သုံးဦး   အသုံးပြုခွင့်ရမည်ဖြစ်သည်။   အုပ်စုပွဲစဉ်များကို မေ ၆ ရက်မှ ၁၆ ရက်၊   ဆီမီးဖိုင်နယ်ပွဲစဉ်များကို  မေ ၁၉ ရက်၊  တတိယလုပွဲနှင့်  ဗိုလ်လုပွဲကို မေ ၂၂ ရက်တွင် ကျင်းပသွားမည်ဖြစ်သည်။ 

 


၂၀၁၉ ဆီးဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဗီယက်နမ်က အင်ဒိုနီးရှားကို သုံးဂိုး-ဂိုးမရှိ၊ တတိယလုပွဲတွင် မြန်မာက ကမ္ဘောဒီးယားကို ပယ်နယ်တီ အဆုံးအဖြတ် ခုနစ်ဂိုး-ခြောက်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။  

    
  ရဲရင့်လွင်