
ရန်ကုန် မေ ၃
ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်း အမျိုးသမီး ဖူဆယ်ပြိုင်ပွဲတွင် မြန်မာအသင်း အပါအဝင် လေးသင်းဖြင့် ကျင်းပသွားမည် ဖြစ်သည်။
ယခင်က အမျိုးသမီးဖူဆယ်ပြိုင်ပွဲကို ငါးသင်းပတ်လည်စနစ်ဖြင့် ကျင်းပရန် စီစဉ် ထားသော်လည်း အင်ဒိုနီးရှားအသင်း နုတ်ထွက်ခဲ့သဖြင့် အိမ်ရှင်ဗီယက်နမ်၊ ထိုင်း၊ မြန်မာနှင့် မလေးရှားတို့ လေးသင်းသာ ယှဉ်ပြိုင်မည်ဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မေ ၁၅ ရက်တွင် မလေးရှားအသင်းနှင့် ထိုင်း အသင်း၊ မြန်မာအသင်းနှင့် ဗီယက်နမ်အသင်း၊မေ ၁၇ ရက်တွင် ထိုင်းအသင်းနှင့် မြန်မာအသင်း၊ ဗီယက်နမ်အသင်း နှင့် မလေးရှားအသင်း၊ မေ ၁၉ ရက်တွင် မလေးရှားအသင်းနှင့် မြန်မာအသင်း၊ ထိုင်းအသင်းနှင့် ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင် ကစားမည်ဖြစ်သည်။ ပြိုင်ပွဲကို မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပ မည်ဖြစ်ပြီး လေးသင်းပတ်လည်စနစ်ဖြင့် ကျင်းပကာ အမှတ်အများ ဆုံးအသင်း ဗိုလ်စွဲမည်ဖြစ်သည်။
မြန်မာအသင်းသည် ဆီးဂိမ်းပြိုင်ပွဲတွင် အမျိုးသမီးဖူဆယ် ပြိုင်ပွဲပါဝင်တိုင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၁ ဆီးဂိမ်းပြိုင်ပွဲတွင် ကြေးတံဆိပ်ဆုရရှိခဲ့သည်။ မြန်မာအသင်းသည် ၂၀၀၇၊ ၂၀၁၁၊ ၂၀၁၃ နှင့် ၂၀၁၇ ခုနှစ်တို့တွင် ယှဉ်ပြိုင်ခဲ့ပြီး ယခုအကြိမ်တွင် ငါးကြိမ်မြောက် ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ သတင်း - ရဲရင့်လွင်