ဆီးဂိမ်းပြိုင်ပွဲ ဆီမီးဖိုင်နယ်တက်ရောက်ရေးအဆုံးအဖြတ်ပွဲကစားရမည့် မြန်မာအမျိုးသားနှင့် အမျိုးသမီးဘောလုံးအသင်းများ

 

ရန်ကုန်   မေ   ၁၄


ဗီယက်နမ်နိုင်ငံ၌  ပြုလုပ်နေသည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲဘောလုံး   အမျိုးသားနှင့်   အမျိုးသမီး အုပ်စုပွဲစဉ်များကို  မေ ၁၅ ရက် (ယနေ့) ဆက်လက် ကျင်းပမည်ဖြစ်ပြီး   မြန်မာအသင်းများမှာ   ဆီမီး ဖိုင်နယ်တက်ရောက်ရေး   အဆုံးအဖြတ်ပွဲများ ကစား ရမည်ဖြစ်သည်။

 


အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်   အုပ်စု (ခ) ပွဲစဉ်များ ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင်  မြန်မာနှင့် စင်ကာပူအသင်း၊ ညနေ ၆ နာရီခွဲတွင်    ထိုင်းအသင်းနှင့်   လာအိုအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ အုပ်စု (ခ) ဒုတိယနေ့ အပြီးတွင်  မြန်မာနှင့် ထိုင်းအသင်းက လေးမှတ်စီ စင်ကာပူအသင်းက သုံးမှတ်ရထားပြီး  လာအိုအသင်း က နှစ်ပွဲစလုံးရှုံးကာ အမှတ်မရသေးပေ။ ယင်းအုပ်စု တွင်   ပါဝင်သည့်အသင်းများ၏ အနေအထားအရ ဆီမီးဖိုင်နယ်တက်ရောက်ရန် မြန်မာနှင့် ထိုင်းအသင်း မှာ သေချာနေပြီး  အုပ်စုပထမနေရာအတွက်သာ ပြိုင်ဘက်အသင်းများကို     ဂိုးများများသွင်းယူရ မည်ဖြစ်သည်။

 

 အုပ်စု (က) တွင် အိမ်ရှင်ဗီယက်နမ် အသင်းက   အုပ်စုပထမနေရာဖြင့်  ဆီမီးဖိုင်နယ် တက်ရောက်သွားရာ အုပ်စုပထမရသည့်အသင်းမှာ အိမ်ရှင်အသင်းကို    ရှောင်ရှားနိုင်မည်ဖြစ်သည်။ မြန်မာနှင့် ထိုင်းအသင်းတို့မှာ ထိပ်တိုက်တွေ့ဆုံမှုတွင် သရေကျထားသလို ဂိုးကွာခြားချက်တွင် တူညီနေရာ ယနေ့ကစားမည့်ပွဲတွင် ဂိုးများများသွင်းယူနိုင်သည့် အသင်းမှာ အုပ်စုပထမနေရာ    ရယူနိုင်မည်ဖြစ် သည်။  မြန်မာအသင်းသည် လာအိုကို သုံးဂိုးပြတ် အနိုင်ရပြီး     ထိုင်းနှင့်   တစ်ဂိုးစီသရေကျခဲ့ခြင်း ဖြစ်သည်။

 


အမျိုးသားဘောလုံးပြိုင်ပွဲတွင်    အုပ်စု (က) နောက်ဆုံးနေ့ပွဲစဉ်များ       ကျင်းပမည်ဖြစ်ပြီး မြန်မာစံတော်ချိန် ညနေ ၃ နာရီခွဲတွင် မြန်မာနှင့် အင်ဒိုနီးရှား၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်    တီမောအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။   မေ ၁၃ ရက် ပွဲစဉ်များအပြီးတွင်  ဗီယက်နမ်အသင်းက သုံးပွဲကစား ခုနစ်မှတ်၊  မြန်မာနှင့် အင်ဒိုနီးရှားအသင်းက သုံးပွဲ ကစား    ခြောက်မှတ်စီရထားပြီး   ဆီမီးဖိုင်နယ် တက်ရောက်ရန်  အပြိုင်ဖြစ်နေသည်။  ပွဲကုန်လေးပွဲ ကစား လေးမှတ်ရရှိသည့်  ဖိလစ်ပိုင်အသင်း၊  သုံးပွဲ ကစား  ရမှတ်မရသေးသည့်  တီမောအသင်းတို့မှာ အုပ်စုအဆင့်ဖြင့် ကျေနပ်ခဲ့ရသည်။ ထို့ကြောင့် ဆီမီး ဖိုင်နယ်  တက်ရောက်ခွင့်အတွက်   အသင်းသုံးသင်း အပြိုင်ဖြစ်နေသော်လည်း တီမောနှင့်ကစားရမည့် အိမ်ရှင်ဗီယက်နမ်အသင်းမှာ        ဆီမီးဖိုင်နယ် တက်ရောက်ရန်     သေချာသလောက်ရှိနေသည်။ လက်ကျန်တစ်နေရာအတွက်   ခြောက်မှတ်စီရထား သည့်  မြန်မာနှင့် အင်ဒိုနီးရှားတို့ပွဲမှာ အဆုံးအဖြတ် ဖြစ်နေပြီး  ဂိုးကွာခြားချက်နည်းနေသည့်  မြန်မာ အသင်းသည်    အနိုင်ရမှသာ     ဆီမီးဖိုင်နယ် တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။  မြန်မာအသင်း သည်  တီမောနှင့် ဖိလစ်ပိုင်တို့ကို ကျဉ်းမြောင်းသည့် ဂိုးရလဒ်များဖြင့်သာ အနိုင်ရခဲ့ခြင်း၊  အိမ်ရှင်ဗီယက်နမ် ကို   အရေးနိမ့်ခဲ့ခြင်းတို့ကြောင့်  မဖြစ်မနေအနိုင် ကစားရမည့်  အခြေအနေရောက်သွားခြင်းဖြစ်သည်။ မြန်မာအသင်းသည်    တီမောနှင့်  ဖိလစ်ပိုင်တို့ကို သုံးဂိုး - နှစ်ဂိုးဖြင့်  အနိုင်ရသော်လည်း ဗီယက်နမ်ကို တစ်ဂိုး - ဂိုးမရှိဖြင့် အရေးနိမ့်ခဲ့သည်။

 


မြန်မာအမျိုးသား     ဘောလုံးအသင်းသည် နောက်ဆုံးကျင်းပသည့် ၂၀၁၅၊ ၂၀၁၇ နှင့် ၂၀၁၉  ခုနှစ် သုံးကြိမ်ဆက်တိုက်   အနိမ့်ဆုံးဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။                

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ - MFF