
ရန်ကုန် ဖေဖော်ဝါရီ ၂၈
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် မေလတွင် ယှဉ်ပြိုင်ရမည့် (၃၁) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ကိုဗစ်-၁၉ ကပ်ရောဂါ ကြောင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီတွင် အိုလံပစ်တတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ပြီးနောက် နိုင်ငံတကာပြိုင်ပွဲများနှင့် တစ်နှစ်ကျော်ဝေးကွာခဲ့ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာမှ ၂၀၂၂ အာရှဇလား ခြေစစ်ပွဲ ပြန်လည် ယှဉ်ပြိုင်ရခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၂ အာရှဖလား အမျိုးသမီးပြိုင်ပွဲ နောက်ဆုံးအဆင့်အပြီးတွင် ရက်ပိုင်းကြာအနားယူပြီးနောက် ပြီးခဲ့သည့်ရက်ပိုင်းမှစတင်ကာ ဆီးဂိမ်း ပြိုင်ပွဲအတွက် စတင်ပြင်ဆင်နေခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် နှစ်လဝန်းကျင် အချိန်ယူပြင်ဆင်လျက်ရှိပြီး ပဏာမကစားသမား ၃၀ ရွေးချယ်ထားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲ မတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး မတ်နှင့် ဧပြီတို့တွင် ကစားနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာတွင်ယှဉ်ပြိုင်သည့် အာရှဖလားခြေစစ်ပွဲ၊ ယခုနှစ် ဇန်နဝါရီတွင်ယှဉ်ပြိုင်သည့် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့် မတိုင်မီတွင် နိုင်ငံတကာခြေစမ်းပွဲများကစားနိုင်ခြင်းမရှိဘဲ လေ့ကျင့် ပြီးမှသာ ပြိုင်ပွဲယှဉ်ပြိုင်ခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့်ဆီးဂိမ်း ပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲများ ကစားနိုင်ရန် ကြိုးပမ်းနေခြင်း ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနည်းပြချုပ် ဦးတင် မြင့်အောင်အနေဖြင့် အာရှဖလားခြေစစ်ပွဲ၊ အာရှဖလား နောက်ဆုံး အဆင့်ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမားအများစုဖြင့်ပင် ပြန်လည် ဖွဲ့စည်းထားခြင်းဖြစ်သည်။ လက်ရှိဖွဲ့စည်းထားသည့် ပဏာမလူစာရင်း တွင် စီနီယာကစားသမားများအပြင် လူငယ်ကစားသမားအများစုလည်း ပါဝင်နေပြီး လူငယ်ကစားသမားများအနေဖြင့် နိုင်ငံတကာအတွေ့အကြုံ ရရှိလာပါက အသင်းခြေစွမ်း ပိုမိုကောင်းမွန်လာဖွယ်ရှိနေသည်။
ရဲရင့်လွင်