ဆီမီးခွက်ကယ်ပြောင်းပြန် 

Type


 

ဆရာမဲဇာ

 

မြန်မာတို့သည် အစဉ်အလာအရ “ပညာ”ကို လွန်စွာတန်ဖိုးထား၏။ မိုက်မှောင်လှသော မသိမှု(အဝိဇ္ဇာ) လွှမ်းခြုံရာ လောကထဲတွင် (ဝိဇ္ဇာ)တည်းဟူသော အလင်းရောင်ကိုပေးနိုင်သော “ပညာ”ကို “ဆီမီး”နှင့် တွဲလျက် “ပညာဆီမီး”ဟူ၍ ရူပကအလင်္ကာပြု၏။ ထိုပညာကို အခြေခံကပေးနိုင်သော မိဘများကို “မာတာပိတုဂုဏော အနန္တော”ဟူ၍လည်းကောင်း၊ အဆင့်ဆင့်မြှင့်တင်ပေးသွားနိုင်သည့် ဆရာ ဆရာမများကို “အာစရိယဂုဏော အနန္တော” ဟူ၍လည်းကောင်း၊ ဘုရား၊ တရား၊ သံဃာနှင့် တစ်ဂိုဏ်းတည်းထား၍ ပူဇော်ခဲ့ကြပါသည်။
ရိုသေသမှုပြုရသည်ကို ကျေနပ်ကြ
သီတင်းကျွတ်အချိန်အခါရောက်တိုင်း  ကျေးဇူးကြီးလှသော မိဘ၊ ဆရာသမားများကို ရှိခိုးကန်တော့ကြ၏။ ရတနာသုံးပါး ဘုရား၊ တရား၊ သံဃာကို  ပူဇော်သကဲ့သို့  မိမိတို့၏  မာန်မာနကို နှိမ့်ချလျက် ရိုကျိုးစွာ ကန်တော့ကြပုံမျိုး  အနောက်တိုင်းယဉ်ကျေးမှုတွင်  မရှိ။ မြန်မာပြည်သို့  အလည်ရောက်လာသော  အနောက်တိုင်းသားများ အတွက် အထူးအဆန်းဖြစ်၏။ ပညာသင်ဖို့ မြန်မာပြည်မှာ အချိန်ယူ၍ လာနေသော အနောက်တိုင်းသားများကမူ သေချာစွာ သဘောပေါက် ၏။ မြန်မာ့ယဉ်ကျေးမှုတွင် မိဘ၏အခန်းကဏ္ဍ၊  ဆရာ ဆရာမတို့၏ အခန်းကဏ္ဍ၏ မရှိမဖြစ် တင့်တယ်လှသော ရပ်တည်ချက်ကို မြင်ရုံ သာမက  ခံစားမိကြ၏။  ဆရာ ဆရာမတို့၏   ကျေးဇူးတရားကို ကိုယ်တိုင်အသိဖြင့်   မိမိတို့ဆန္ဒအလျောက်   ရိုသေသမှုပြုရသည်ကို ကျေနပ်ကြ၏။    
မိဘနှင့် သားသမီး၊ ဆရာနှင့် တပည့်ဆက်ဆံရေးများသည် အနောက်တိုင်းနှင့် လုံးဝမတူ။ အနောက်တိုင်း၏ လစ်ဘရယ်ပေတံနှင့် တိုင်းတာ၍  မရနိုင်။  အမိဝမ်းမှထွက်လာကတည်းက  လူဖြစ်ပြီး လူ့အခွင့်အရေးတွေရပြီဟု အားရပါးရ ကြွေးကြော်လိုသူတိုင်းမှာ “အူဝဲ”ဟူသော အသံထက်ကျော်၍ မထွက်နိုင်ပါ။    
“ဖဝါးလက်နှစ်လုံး၊ ပုခုံးလက်နှစ်သစ်၊  လူဖြစ်အောင်မွေးလုပ်ကျွေး ခဲ့သည်”ဟု မိဘတွေ ဆိုရိုးရှိသော်လည်း  လူလားမြောက်သည်အထိ၊ ခေါင်းဖြူစွယ်ကျိုးအရွယ်ရောက်သည်အထိ   မိဘများကို  အားကိုး အမှီသဟဲပြုနေသူများလည်း ရှိနေ၏။ 
မိဘများကလည်း  အိုမင်းမစွမ်းဖြစ်လာလျှင် သားသမီးများအပေါ် ပြန်လည်မှီခိုနိုင်လိမ့်မည်ဟု မျှော်လင့်၏။ ထိုအချိန်အထိ သားသမီး များက မိဘတွေကို မှီခိုဆဲဖြစ်နေလျှင်လည်း ကျေနပ်၏။ မြေးမြစ်တွေ ဝိုင်းနေလျှင်လည်း ပျော်၏။ “သားအချစ်၊ မြေးအနှစ်”ဟု ဆိုရိုးရှိသဖြင့် အရွယ်အိုလေ သံယောဇဉ်ကြီးလေဖြစ်၏။ ကျစ်လျစ်စွာ ဖွဲ့စည်းထား သော မိသားစု(Closely Knitted Family) ဖြစ်စဉ်မှာ မြန်မာတို့၏ မိသားစုဖွဲ့စည်းပုံဖြစ်ခဲ့လေသည်။    
ကမ္ဘာပြားသည်ဟု   အကြောင်းပြကာ   ကျွန်ပြုလာကြသည့် အထဲတွင် တဖြည်းဖြည်း တွင်ကျယ်ကြီးထွားလာသော နည်းပညာဖြင့် ကျွန်ပြုမှု (Technically Colonized) သည် ယခုအခါ အဆုံးအစမရှိ ကျယ်ပြန့်လာ၏။ ကလေးတွေ  မမွေးခင်ကတည်းက  အမိဝမ်းတွင်းထဲ အရောက် ကျွန်ပြုမှု စတင်၏။  အမိဝမ်းတွင်နေရင်း  သန္ဓေသား အရွယ်ရင့်လာလျှင် ကြားနိုင်သော အသံများမှတစ်ဆင့် သင်ကြား၏။ မိခင်၏  အချင်း၊  ချက်ကြိုးမှတစ်ဆင့်   မိခင်သုံးစွဲသော ဆေးဝါးများ၊ ဆေးလိပ်မှအစ  စွဲလမ်းစေတတ်သောအရာများ၏   ရိုက်ခတ်မှုကို ခံရ၏။ မွေးထွက်လာသောအခါတွင်လည်း ရှိသမျှအာရုံများဖြင့် ခံစား သင်ကြား၏။     
စိတ်ခံစားမှု သတိပြု
မြန်မာအယူအရ နို့တိုက်မိခင်သည် အနေအစား သတိထားရရုံ သာမက  စိတ်ခံစားမှုကိုလည်း  သတိပြုရ‌လေသည်။   “ဒေါသဖြစ်နေ သော မိခင်၏ နို့ရည်သည် ချဉ်၏။ နို့စို့က‌လေးငယ်ကို ထိခိုက်စေ၏”ဟု ဆိုစမှတ်ပြုကြလေရာ   သာမန်အားဖြင့်    သတ်မှတ်ထားသော အာဟာရသည်ပင် ဒုက္ခပေးတတ်သည်ဖြစ်၍ မိခင်တို့၏ တာဝန်ကား ကြီးလှပေသည်။ ခေတ်ပေါ်မိခင်တို့ကား နို့စို့ကလေးကို ရင်ခွင်ထား၍ ဗီဒီယိုရုံမှာပြသမျှ ရုပ်ရှင်ကားများ ကြည့်ချိန်တွင် ရင်ခွင်ပိုက် ကလေး ကလည်း  မျက်လုံးအပြူးသားနှင့် ကြည့်နေသည်၊  မှတ်နေသည်ကို မိဘတို့ မသိ။
ဗီဒီယိုရုံသွားကြည့်သည့်ခေတ်မှ   အိမ်ထဲမှာ  ကြည့်စရာအပြင် အိတ်ကပ်ထဲမှာပါ ထည့်၍ ကြည့်နိုင်သော လက်ကိုင်ဖုန်းများ ခေတ်သို့ ရောက်လာ၏။ ထိုအခါတွင် ဗီဒီယို၊ ရုပ်မြင်သံကြား၊ ကွန်ပျူတာဂိမ်း များသည် ကလေးထိန်းကိရိယာများဖြစ်၍ လာလေသည်။ ကလေးတို့ ငိုသံတိတ်၏။  အစားအစာနှင့် မေတ္တာကို ဆာလောင်မွတ်သိပ်မှုမရှိ။ လက်ထဲမှာ ဂိမ်း(Games) များကို ကစားရင်း စွဲသွားကြလေပြီ။ 
ဤတွင် “လက်ဦးဆရာ” တို့၏  အခန်းကဏ္ဍကို မီဒီယာများက ဖဲ့ယူသွား၏။  “ကန့်ကူ  လက်လှည့်”   ဆိုသော စကားများကို ရှေးဟောင်းမှတ်တမ်းတင်အဖြစ်   ထားရစ်ခဲ့ကြပြီ။   ခလုတ်တစ်ခု နှိပ်တတ်ရုံနှင့် ဘဝအမျိုးမျိုးထဲတွင် ပြောင်းလဲဝင်စားနိုင်၏။ ရုပ်မြင် သံကြား ဖန်သားပြင်ငယ်ကလေးများထဲတွင် မြင်ရကြားရရာမှ လူငယ် ကလေးများ၏ စိတ်အာရုံထဲတွင် စွဲမှတ်မှု၊ စွဲလမ်းမှုများကို မိဘတို့က သိရန် ခက်တော့၏။ 
မိဘတိုင်းကတော့ ကလေးတိုင်းကို မျက်ခြည်မပြတ် ကြည့်ကြ ပါသည်။  မကြည့်နိုင်၊ မထိန်းနိုင်သောအခါတွင်   “ဂိမ်း”များထံ စရိတ်အနည်းငယ်ဖြင့် ထိုးအပ်ထားရလေသည်။ မိဘအချို့မှာမူ မိမိ တို့၏ လက်ကိုင်ဖုန်းကိုပင် ထိုးအပ်ထားပြီး ကလေးတို့ကို စိတ်ကြိုက် ကစားစေပါသည်။ ခလုတ်၏ ညွှန်ရာသို့ လိုက်သွားမိသော ကလေးတို့ မှာ လူကြီးမိဘတို့က မသိနိုင်သော ဗဟုသုတများ၊ ပြဿနာများကို မလွှဲမရှောင်သာ ကြုံတွေ့ကြရလေသည်။ ဗီဒီယိုခေတ်က ပြဿနာ ကလေးတစ်ခုကို  ဥပမာပြလိုပါသည်။  မိဘများနှင့်အတူ ဗီဒီယို ကြည့်လေ့ရှိသူ ကလေးငယ်က တစ်နေ့မှာ ထူးထူးဆန်းဆန်း မေးခွန်း တစ်ခု မေးလာပါသည်။ 
“ဖေဖေ၊ မေမေတို့က လူလား၊ သရဲလားဟင်” ဟူ၍ပင် ဖြစ်ပါ သည်။ သရဲကားကြိုက်သော မိဘနှစ်ပါးကြားတွင်  ဝင်ကြည့်ရင်း ကြည့်ရင်း ကလေးငယ်၏ စိတ်ထဲတွင် လူဖြစ်လိုက် သရဲဖြစ်လိုက် ပြကွက်များကို မြင်နေကျဖြစ်နေသဖြင့် မိဘများမှာ မည်သည့်သတ္တဝါ အမျိုးအစားလဲ  မသဲမကွဲဖြစ်ရုံမက  လူမှဟုတ်ရဲ့လားဟု  သံသယ ဖြစ်ရလေသည်။
သံသယဖန်တီးသော လက်နက်
သတင်းအချက်အလက် အမှန်များနှင့် မမှန်မကန်လုပ်ကြံ ဖန်တီး မှုများ ထွေးရောယှက်တင်ဖြစ်ကာ လူတို့ကို ဇဝေဇဝါ ဖြစ်စေသော မီဒီယာများကို  အမေရိကန်တို့က (Weapon of Doubt) သံသယ ဖန်တီးသောလက်နက်ဟု သုံးနှုန်းကြလေသည်။ ဆိုရှယ်မီဒီယာတွေ တွင်ကျယ်လာသော အခါ ပြည်သူပြည်သား သတင်းသမားဆိုသူများ၏ လက်ထဲတွင် ထိုလက်နက်ကို အကန့်အသတ်နည်းစွာ  အသုံးပြုလာ ကြပါသည်။ 
ပညာအခြေခံနည်းကာ ကျိုးကြောင်းဆက်စပ်မှု အခြေခံမရှိသော လူ့အဖွဲ့အစည်းများတွင် ကြီးမားသော ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ် ခဲ့ရာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးနယ်ပယ် အားလုံးတွင် ဖြစ်ပါသည်။ စာရေးသူအနေဖြင့် ကျန်းမာရေး ရှုထောင့် တစ်ခုတည်းမှ သုံးသပ်တင်ပြလိုပါသည်။
၂၀၂၀ နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်သော ကပ်ရောဂါ ကို တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်သတင်းပို့လာပါသည်။ ထိတ်လန့် စရာ ကူးစက်ရောဂါသတင်းအတွက်လည်းကောင်း၊ ရောဂါပိုး အတွက် လည်းကောင်း ကြိုတင်ပြင်ဆင်ထားခြင်း မရှိသဖြင့် လူထုအတွင်း တုန်လှုပ်ချောက်ချားမှု    ဖြစ်ခဲ့ရ၏။  အများအတွက်  အသက်စွန့် ကာကွယ်သူများရှိသလို တာဝန်မဲ့ သတင်းဖြန့်မှု၊ တာဝန်မခံသူများ၏ တွင်ကျယ်လိုမှုများကြားတွင် ကိုဗစ်-၁၉ ကပ်ရောဂါထက် “သတင်း ကပ်ရောဂါ” “ Infodemic ” ဖြစ်ခဲ့ရသဖြင့် ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်ရုံသာမက တစ်ဆင့်ပြီးတစ်ဆင့် လှိုင်းလုံးကြီးများသဖွယ် ဆိုးရွား စွာ ရိုက်ခတ်နေဆဲ ဖြစ်ပါသည်။
လူတွေကြားတွင် မည်သည့်သတင်းက အမှန်အကန်ဖြစ်ကြောင်း မသဲကွဲမှုကို အကြောင်းပြု၍ (Weaponization of Doubt) ခေါ် လူထုကြားတွင် သံသယကြီးထွားစေရန် လက်နက်အဖြစ် အသုံးပြု လာသည်ကို ဆိုရှယ်မီဒီယာထဲတွင် ဆိုးရွားစွာ တွေ့ရှိခဲ့ရလေသည်။
-    ကိုဗစ်-၁၉ ကပ်ဆိုသည်မှာ အမှန်မဟုတ်ဘဲ ဆိုက်ဝါး (PsyWar) ခေါ် စိတ်ချောက်ချားရန် စစ်ဆင်မှုသာဖြစ်သည်။
-    ကိုဗစ်ဆိုသည်မှာ ဗိုင်းရပ်စ်ရောဂါပိုးမဟုတ်။  5G ကွန်ရက်မှ ထွက်လာသော အန္တရာယ်ရှိ ပစ္စည်းဖြစ်သည်။
-    တုပ်ကွေးတစ်မျိုးသာဖြစ်၍ ဂရုစိုက်စရာမလိုပါ။
-    အရက်သောက်၊ ရေနွေးငွေ့ရှူလျှင် ပိုးတွေသေသွားမည်။
အစရှိသည့် မမှန်ကန်သော သတင်းအချက်အလက်များ ကမ္ဘာပြန့်ခဲ့၏။
ကမ္ဘာလောကကြီးကို  မယုံကြည်သော မျက်စိဖြင့် ကြည့်တတ် သော အမေရိကန်ကဲ့သို့  နိုင်ငံသားများမှာ ထိုကောလာဟလများ၏ ဒဏ်ကိုလှိမ့်၍ ခံခဲ့ရပါသည်။ သို့နှင့် “ကောလာဟလ ကပ်ရောဂါ” (Scamdemic) ဟူ၍  အမည်တပ်လာကြလေသည်။  အထူးသဖြင့် သိပ္ပံနည်းကျသုတေသနပြု တွေ့ရှိချက်မှန်သမျှကို ဆန့်ကျင်မှု (Ant-iscience) များသည် အမေရိကန်ရှိ ကူးစက်ရောဂါ ထိန်းချုပ်မှု ဗဟို ဌာန (CDC) မှ ထုတ်ပြန်သမျှကို ပြောင်းပြန်ပြုလာကြလေသည်။
ထိရောက်စွာ ဖြန့်ချိကြ
သိပ္ပံအခြေခံဖြင့် ကိုဗစ်-၁၉ ပိုးကို ရှာဖွေတွေ့ရှိပြီး ကာကွယ် ဆေးများ ထုတ်လုပ်ခဲ့ကြ၏။ ထိုဆေးများကို လူတို့လက်မခံရန်အတွက် သတင်းထုတ်ကုန်ဖြန့်ချိရာဌာနများ (Anti-Vaxx Industries) သည် အထူးကျယ်ပြန့်   ထိရောက်စွာ  ဖြန့်ချိကြသည်။  ရလဒ်အနေဖြင့် သုတေသနတစ်ခုတွင် အဖြေပေးသူများအနက်
-    အမေရိကန်တို့၏ (၇၈ ရာခိုင်နှုန်း) မှာ ကိုဗစ်-၁၉ သတင်းမှားများ နှင့် ယဉ်ပါး၍ နေ၏။
-    ကိုဗစ်-၁၉ ရောဂါဖြစ်နှုန်းနှင့် သေနှုန်းများမှာ သတင်းချဲ့ကား ခြင်းသာဖြစ်ကြောင်း  အမေရိကန် (၆၀ ရာခိုင်နှုန်း)  က ယုံကြည် ၏။ 
-    ကိုဗစ်-၁၉   ကာကွယ်ဆေးများထဲတွင်  လူတို့ကို   စုံစမ်း ထောက်လှမ်းနိုင်သော ချစ်(ပ်)ပြား (Chips) များ ထည့်ထားသည် ဟု အမေရိကန် (၂၄ ရာခိုင်နှုန်း) က စွပ်စွဲကြလေသည်။
ဤသို့နှင့် အမေရိကန်လူမျိုး သန်းပေါင်း ၅၀ နီးပါး ကိုဗစ်-၁၉ ရောဂါကူးစက်ခံရကာ  လူရှစ်သိန်းမျှ  သေဆုံးခဲ့ရပြီးဖြစ်ပါသည်။ စစ်ပွဲကြီးများစွာကို အောင်နိုင်ခဲ့သော အမေရိကန်သည် ကိုဗစ်-၁၉ စစ်ပွဲတွင် အရှုံးကြီးရှုံးနေ၏။ 
မြန်မာပြည်မှာ အသို့ရှိသနည်း။
မိဘ၊ ဆရာတို့၏ စကားကို မြေဝယ်မကျ လိုက်နာမှုအားနည်း သွားပြီ။
ဆိုရှယ်မီဒီယာထဲက သတင်းအချက်အလက်များကို မဆံ့မပြဲ လက်ခံရယူပြီး လောကကြီးကို ကစားစရာအဖြစ် သဘောထားလာ ကြပြီ။
ရှေးရှေးက ကလေးတို့ စုပေါင်းကစားရာမှာ ဆိုကြသော လင်္ကာ ကို သတိရ၏။
“ဆီမီးခွက်ကယ်ပြောင်းပြန် ... ပိုးလိုးပက်လက်လန်” ဟူ၏။
“ပညာဆီမီး” တို့မှာ မှိတ်တုတ်မှိတ်တုတ်သာ ရှိလေပြီ။