
ဆရာမဲဇာ
ငယ်စဉ်က ဆီဝယ်သည့် အလုပ်ကို ကလေးတွေ လုပ်ရပါသည်။ ဆီပုလင်းလေးယူပြီး ဆီသည်ထံ သွားဝယ်ရာတွင် ငါးကျပ်သား၊ တစ်ဆယ်သား ခြင်ခွက် ကလေးတွေနှင့် ထည့်ပေးသည်ကို သဘောကျပါသည်။ ကစားသည့် ဂေါ်လီလုံးသာသာ ခြင်ခွက်ကလေးတွေ၊ ဂျင်ပေါက်ကစားသည့်အရွယ် ခွက်ကလေးများကို ကိုင်၍ ဆီပုံးထဲမှ ခြင်တွယ်ရောင်းချနေသည်မှာ ကြည့်၍လှ၏။ အလွန်လျင်မြန် ကျွမ်းကျင်စွာ ခြင်တွယ်ပေးသော ဈေးသည်ကလေးတွေကို ကြည့်၍ အံ့ဩမိ၏။
အရွယ်ရောက်လာသည့်အခါတွင် ဓာတ်ဆီဆိုင် မှာ အလုပ်လုပ်သည့်အခါမှ ခြင်တွယ်သူ၏ ကျွမ်း ကျင်မှုက အရေးကြီးပါလားဟု သတိထားမိ၏။ ဓာတ်ဆီရောင်းရာတွင် ဆီထည့်သည့် ဂေါက်ကို စက်ရပ်သည်နှင့် တစ်ပြိုင်နက် မြန်မြန်ထုတ်ယူနိုင် လျှင် ဓာတ်ဆီတွေ ပိုက်ထဲမှာ ကျန်ခဲ့မည်။ ထိုနည်း တူ ဆီသည်တို့မှာလည်း ဆီခြင်ခွက်၏ အနုတ် အသိမ်းအပေါ်ကြည့်၍ လက်ကျန်ရှိပါ၏။ ဆီကား ရေနှင့်မတူ။ ခွက်ကျန်များ၏။
ဆီနှင့်ငွေ
“ဆီနှင့်ရေလိုပဲ” ဟု နှိုင်းယှဉ် မြန်မာစကားရှိ၏။ အရည်အသွေး ကွာခြားမှုကို ညွှန်းဆိုပါ၏။ “ဆီနှင့် ငွေလိုပဲ” ဟူသော နှိုင်းယှဉ်စကားမျိုး မရှိသေးသည့် အတွက် ယခုဆောင်းပါးဖြင့် နှိုင်းယှဉ်၍ ပြလိုပါ ၏။ ငွေတန်ဖိုးအားဖြင့် ဆီသည် တရိပ်ရိပ်တက် လျက်ရှိ၏။ ငွေနှင့်နှိုင်းယှဉ်၍ ဆီတန်ဖိုး တက်သည် နှင့်အမျှ ဆီ၏အရည်အသွေးအပြောင်းအလဲရှိနေ၏။
“ Shrinkflation ” ဟု ယခုအခါ ကင်ပွန်းတပ်ကြ လေသည်။ ငွေတန်ဖိုးဖောင်းပွမှု၊ ဈေးမြင့်တက်မှုကို လှည့်စားသည့်အနေဖြင့် ဈေးမှန်ရောင်းကာ အထုပ် ထဲမှ ပစ္စည်းပမာဏလျှော့ချ၍ တွက်ခြေကိုက် အောင် လုပ်လာကြလေသည်။ ဤအဖြစ်အပျက်ကို Edgar Dworsky ဆိုသူက သုတေသနပြုဖော်ထုတ် ခဲ့လေသည်။ သူတို့နိုင်ငံတွင် အာလူးကြော်ကအစ ပြောင်းဖူးပေါက်ပေါက်အဆုံး အထုပ်ထဲတွင် လျှော့ရာမှ ရှုံ့၍သွားခြင်း (Shrink) ဖြစ်ကြောင်း တွေ့ရ၏။ “ဒါမျိုးတွေ ဒီမှာရှိသလား” ဟု မေးလျှင် ရယ်ကြမည်မုချ။
မြန်မာပြည်တွင် သာလွန်မင်းကြီး လက်ထက် ကတည်းကစ၍ အလေး၊ တင်းတောင်း အချိန် အတွယ်ကို စိစစ်ပြီးသား။ မမှန်မကန်ပြုလုပ်သူများ ကို ထိရောက်ပြင်းထန်စွာ အရေးယူခဲ့သည်ဖြစ်၍ တန်ဖိုးကြီးသောဆီကို အလေးခိုးရောင်းချမည့်သူ မရှိဟု ယူဆရပေသည်။ သို့ရာတွင် လက်လီရောင်း ချရာ၌သုံးသော ဆီမှုတ်ခြင်ခွက်များမှာ အလေးချိန် ကို ထုထည်နှင့် ဖလှယ်ရောင်းချနေခြင်းဖြစ်ရာ မည်မျှမှန်ကန်ကြောင်း သုတေသနပြုသည့် မြန်မာ ပညာရှင်တို့ မပေါ်ပေါက်သေးချေ။
ထို့အတူ အတူမနေသော ဆီထဲသို့ ရေထိုးထား ခြင်း ရှိ မရှိ၊ ဆီထဲသို့ ရေရော၍ ပွားနိုင်သော နည်းပညာ ရှိ မရှိ ကျွန်ုပ်တို့မသိ။ ရေးရေးမျှ သိလာ ရသည့် အချက်ကား ဆီကိုဆီရော၍ ရောင်းချ နေကြောင်းပင်။ တန်ဖိုးရှိသော ဆီကို တန်ဖိုးနည်း သောဆီဖြင့် ရောနှောရောင်းချခြင်းဖြင့် ရှုံ့တွမှု (Shrinkflation) မဖြစ်နိုင်။
သို့သော် စားသုံးသူများ၏ နှလုံးသွေးကြော ကလီစာများမှာ ထိုဆီရောများကြောင့် ရှုံ့တွ ပျက်စီး မှုများ ဖြစ်လာမည်မှာ သေချာ၏။ ငွေတန်ဖိုးဖောင်းပွ မှုနှင့်အတူ လူတို့မှာ ဖောရောင်ဖောင်းပွမှုများ ဖြစ်ပေါ်လာမလား၊ စိုးရိမ်စရာ ဖြစ်ပါတော့၏။
အရောအနှောမပါဘဲ ဆီအစစ်၊ ဆီအသန့် တင်သွင်းရမှုကို လေ့လာမိသော အချက်ကား ၁၈-၁၀-၂၀၂၁ ရက်နေ့က နိုင်ငံတော်ဝန်ကြီးချုပ်၏ မိန့်ခွန်းတွင် “၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်းမှာ ပြည်ပကနေ စားသုံးဆီတန်ချိန် ရှစ်သိန်းကျော် တင်သွင်းခဲ့ရပါတယ်။ အမေရိကန်ဒေါ်လာအားဖြင့် သန်းပေါင်း ၈၃၀ ကျော် ဖြစ်ပါတယ်။ လူတစ်ယောက် ကို ခြောက်ပိဿာနှုန်းနဲ့ စားမယ်ဆိုရင်တောင်မှ မြန်မာနိုင်ငံမှာ ဆီလိုအပ်ချက်ဟာ တန်ချိန်ငါးသိန်း ပဲရှိပါတယ်။ တကယ်လို့ ခုနစ်ပိဿာနှုန်းနဲ့ စားမယ် ဆိုရင် ဆီလိုအပ်ချက် ၅ ဒသမ ၆ သိန်းရှိပါမယ်။ တကယ်လို့ ရှစ်ပိဿာနဲ့ စားမယ်ဆိုရင် ဆီလိုအပ် ချက် ၆ ဒသမ ၆ သိန်းရှိပါတယ်။ အခု ရှစ်သိန်းကျော် သွင်းထားတဲ့အတွက်ကြောင့် ဆီစားသုံးမှုဟာ လွန်စွာမှများပြားနေတယ်လို့ ပြောရမှာ ဖြစ်ပါ တယ်”ဟု ပြောကြားပြီး ဆီစားသုံးမှုကို ကျန်းမာ ရေးအမြင်အရသော်လည်းကောင်း၊ နိုင်ငံရဲ့ လိုအပ် ချက်အရသော်လည်းကောင်း ဒါကို ကြပ်ကြပ် မတ်မတ်နဲ့ထိန်းသိမ်းစားသုံးဖို့ မေတ္တာရပ်ခံသွားတာ မှတ်သားမိပါသည်။
ပညာပေးမှုများ
ကျန်းမာရေးအမြင်အရ ဆီစားသုံးမှုသည် ဘေးအန္တရာယ် ဖြစ်လောက်အောင် များပြားနေ ကြောင်း ပညာပေးခဲ့၊ ပြောခဲ့၊ ရေးခဲ့ပေါင်းများပြီ ဖြစ်ပါသည်။ နှစ်ပေါင်းနှစ်ဆယ်ကျော်မျှ ပညာပေး လုပ်ငန်းများ ကျွန်တော်တို့ လုပ်ခဲ့ကြ၏။ လူပေါင်း မည်မျှကို မည်သည့်နည်းဖြင့် အသိပညာပေးလိုက် ကြောင်း၊ ဆောင်းပါးပေါင်းမည်မျှရှိ၍ မည်သူတွေက မည်သို့ရေးခဲ့ကြောင်း အထောက်အထားတွေကို ပညာပေးထွက်ကုန် (Output) အဖြစ် တွေ့ရှိနိုင်ပါ သည်။
ထိရောက်မှု ရှိ မရှိ သုံးသပ်ကြည့်ကြပါစို့။
*၁၉၉၂ ခုနှစ်က လူတစ်ယောက် နေ့စဉ် ဆီစားသုံးမှု ၀ ဒသမ ၅၄ ကျပ်သား ၊
* ၁၉၉၅ ခုနှစ်မှာ လူတစ်ယောက် နေ့စဉ် ဆီစားသုံးမှု ၁ ဒသမ ၇၂ ကျပ်သား ၊
* ၁၈-၁၀-၂၁ တွေ့ရှိချက်ကို မှန်းဆတွက်ချက် ကြည့်လျှင် လူတစ်ယောက် တစ်နေ့ဆီစားသုံးနှုန်းမှာ နှစ်ကျပ်ခွဲသားမှ သုံးကျပ်သားအထိ ရှိလာပါသည်။
ပညာပေးလေ ဆီစားသုံးမှု တိုးလေဖြစ်ပြီး ၁၉၉၂ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ငါးဆ ခြောက်ဆမျှ ပို၍ စားသုံးလာကြကြောင်း တွေ့နိုင်ပါသည်။ ဆီစား သုံးမှု များလာခြင်းကြောင့် ကျန်းမာရေးထိခိုက်မှု ရလဒ်များ (Health Impact) ကိုမူ သူသူငါငါ ရေးပြ လျက်ရှိပါသည်။ စားသုံးသူတွေ ဘာ့ကြောင့်မလိုက် နာကြပါသလဲဆိုသည်ကို လေ့လာသုံးသပ်၍ ပိုမို ထိရောက်သည့်နည်းများကို ရှာဖွေကျင့်သုံးဖို့ လိုနေ ပြီဖြစ်ပါသည်။
လိုရင်းတိုရှင်း တင်ပြလိုပါသည်။
“ဆီဝင်လျှင် ငွေထွက်မည်” ဟူ၍ပင်။
ယခု ၂၀၂၀-၂၀၂၁ မှာ ဆီဝင်ဖို့အတွက် ငွေထွက် မှုများမှာ ဒေါ်လာသန်းပေါင်း ၈၃၀ ကျော် ရှိပါသည်။ နိုင်ငံအနေဖြင့် ဤမျှငွေထွက်သွားသည်ထက်ပို၍ မိသားစုတိုင်း၏ အိတ်ကပ်ထဲမှ ငွေများ ထွက်ကုန်ပါ သည်။ ဆီလက်ကားရောင်းချသူများက ၂ ရာခိုင်နှုန်း မျှသာ အမြတ်ယူသည်ဆိုလျှင်ပင် ဒေါ်လာသန်း ၂၀ မျှ ရှိပါမည်။ လက်လီရောင်းသူတွေက ထပ်ပြီး ဝန်ဆောင်ခ အကျိုးအမြတ် ယူသောအခါ တွင် စားသုံးသူတို့ သုံးစွဲလိုက်ရသော ငွေကြေးသည် ဆီဖိုးတစ်ခုတည်းအတွက်ပင် မနည်းလှပေ။
ဆီထွက်လျှင် ငွေဝင်မည်
ပြောင်းပြန်စဉ်းစားကာ ကောင်းသည့်ဘက်က တွက်ပါမည်။ “ဆီထွက်လျှင် ငွေဝင်မည်”ဟူ၍။
မြန်မာနိုင်ငံတွင် ဆီထွက်သီးနှံ စိုက်ပျိုးဧက ရှစ်သန်းရှိပါသည်။ ပြည်တွင်းဆီထွက်တန်ချိန် လေးသိန်းမျှရှိပါသည်။ လူထုစားသုံးမှုက ဆီတန်ချိန် ခြောက်သိန်းမျှရှိပြီး နောက်ထပ် တန်ချိန်ငါးသိန်း ခန့်မှာ စားသောက်ဆိုင်များ၊ ဟိုတယ်များနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းများက သုံးစွဲနေကြ ကြောင်း သိရပါ၏။
ကျန်းမာရေးအတွက်သာမက ဈေးကွက်ထဲမှာ ပါ တန်ဖိုးကြီးသော ဆီများ မြန်မာနိုင်ငံမှ ထွက်ပါ သည်။ မြန်မာနိုင်ငံထွက် နှမ်းနက်များကို ဂျပန်၊ တောင်ကိုရီးယား စသည့်နိုင်ငံများက ကြိုက်၏။ နှမ်းဖြူ၊ ညို၊ နက် ရောင်စုံများကို တရုတ်က သိမ်းဝယ်၏။ အင်္ဂလိပ်၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန် မှ စ၍ ဂရိနိုင်ငံအထိ မြန်မာ့နှမ်းဆီ ဈေးကွက်ရှိ၏။ ယုတ်စွအဆုံး မြန်မာနိုင်ငံထဲ ပြန်ဝင်လာသော ဂျပန် နှမ်းဆီပုလင်းကလေးများကို ဈေးကြီးပေး၍ ပြန်လည် စားသုံးနေကြရလေသည်။
သို့သော် မြန်မာ့နှမ်း၊ ပဲ စသည့် ထွက်ကုန်များမှာ ကုန်ကြမ်းအဖြစ်သာ မျက်နှာငယ်ငယ်နှင့် ဝယ်သူ အကြိုက်ရောင်းနေကြရ၏။ တန်ဖိုးမြင့်ထွက်ကုန်အဖြစ်ရောင်းချရန် ကြိုးစားနေကြသော်လည်း နည်း ပညာနှင့် အရင်းအနှီးပံ့ပိုးမှုများစွာ လိုအပ်နေပါသေး ၏။ စိုက်ပျိုးထွက်ရှိသည့်နေရာမှ စားသုံးသူ ပါးစပ် ထဲအရောက် ကွင်းဆက်မပြတ် စံချိန်မီဖို့၊ ကျန်းမာ ရေးနှင့်ညီဖို့ လုပ်ငန်းတွေ များစွာရှိနေရာ ပဲ၊ နှမ်း၊ ပြောင်း စသည့် သီးနှံစိုက် တောင်သူများကစ၍ ဉာဏ်အမြော်အမြင်ရှိရှိ၊ သိပ္ပံနည်းသိသိ၊ ရောင်းသူ ဈေးကွက်ဖြစ်အောင် လုပ်ရာတွင် အားစိုက်ထည့်ဖို့ နောက်မကျသေးပေ။
ယခု ကျွန်တော်တို့ တိုင်းပြည်မှာ စားသုံးဆီ မလောက်ငှပါ။ သို့ဖြစ်၍ ဈေးချိုသော စားအုန်းဆီ များကို လှည့်လည်ဝယ်ယူနေရလေသည်။ အဓိက ဆီရောင်းပေးသော မလေးရှားနိုင်ငံသာမက ထိုင်း နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံများကလည်း ဆီအုန်းများကို အကြီးအကျယ် စိုက်ပျိုးကြပြီး ကမ္ဘာ့စားသုံးဆီ (Palm Oil) ဈေးကွက်ကို လွှမ်းမိုးထားကြလေသည်။
ထိုင်းနိုင်ငံတောင်ပိုင်းမှသည် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ရောက်ခါနီးအထိ ဆီအုန်းတော ကြီးများကို လေယာဉ်ပေါ်မှ မြင်နိုင်ပါသည်။ သို့ရာ တွင် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံရှိ ဆီအုန်းတောများမှာ အိုမင်းသွားပြီ ဖြစ်ပါသည်။ တိုးချဲ့စိုက်ပျိုးရန် မြေလည်း မရှိတော့ချေ။ ဆီအုန်း ထွက်နှုန်းသာမက အရည်အသွေးပါ ကျဆင်းနေ သည့် ပြဿနာကို ဖြေရှင်းနေကြရ၏။ တစ်ပြိုင် တည်းတွင် ဆီအုန်းကို တန်ဖိုးမြှင့် ထွက်ကုန် ဖြစ်လာ၍ နည်းလမ်း အမျိုးမျိုးဖြင့် ကမ္ဘာ့ဈေးကွက် ထဲမှာ ထိန်း၍ထားကြ၏။
ဆီအိုးဖြစ်နိုင်စွမ်း
မြန်မာနိုင်ငံတွင်လည်း ဆီအုန်းစိုက်ပျိုးမှုတွေ လုပ်ခဲ့၏။ သဘာဝတောရိုင်းကြီးတွေကို ခုတ်ထွင် ရှင်းလင်းပြီး ဆီအုန်းခြံတွေ ထူထောင်ခဲ့ကြသော် လည်း တိုင်းပြည်၏ ဆီလိုအပ်ချက်အတွက် မည်မျှ ဖြည့်ဆည်းနိုင်သည်ကို မသိရှိရသေးပါ။ စားသုံးရန် သင့်သည့် ဆီအုန်းများ ထုတ်နိုင်ရန်အတွက် ဆီစက် များသည် ဆီအုန်းခြံနှင့်နီးမှသာ (Virgin Oil) ကို ထုတ်ယူနိုင်မည်ဖြစ်ပြီး ဆီအုန်းခိုင်များကို ခုတ်ပြီး ခရီးလမ်းတွင် ကြာမြင့်သွားပါက ဆီအုန်းအရည် အသွေး ကျဆင်းသွားတတ်ကြောင်း သိရ၏။
မည်သို့ဆိုစေ ကျွန်တော်တို့မှာ “ဆီအိုး” ဖြစ်နိုင် စွမ်းရှိနေသည်မှာ စိတ်ကူးယဉ်မဟုတ်ချေ။ တန်ဖိုး မြှင့်၍ ရောင်းချနိုင်သော နှမ်းဆီ၊ မြေပဲဆီ၊ ပဲပုပ်ဆီ၊ ပြောင်းဆီ၊ နေကြာဆီကအစ မြန်မာပြည်မှာ ထုတ်လုပ်ရောင်းချနိုင်၏။ ဈေးသက်သက်သာသာ နှင့် ဝယ်စားနိုင်သော ဆီအုန်းများကိုလည်း တောမပျက် တောင်မပျက် ဆက်လက်တိုးမြှင့် ထုတ်ယူနိုင်ရန် စီမံနိုင်၏။ သံလွင်ဆီ၊ ထောပတ်သီး ဆီမှစ၍ အမည်သစ်များ ထုတ်လုပ်ရန်ကြံဆနိုင်၏။
ဆီထွက်သည်နှင့်အမျှ ငွေဝင်မှာ သေချာ၏။
တစ်ဖက်ကလည်း ငွေအထွက်နည်းရန် ဆီသုံး ချွေတာဖို့ လိုလာသည်။
ဆီအစားလွန်သောကြောင့် ဖြစ်လာနိုင်သော ရောဂါပြဿနာများကို ကျက်မှတ်ရွတ်ဆိုနေရုံနှင့် မလုံလောက်ဘဲ လက်တွေ့ကျကျ အလုပ်လုပ်ကြဖို့ အချိန်ပင်။
“ဆီနှင့်ငွေ အတူမနေကြောင်း” သေသေချာချာ သဘောပေါက်ဖို့တော့ လိုလာသည်။ မသုံးနိုင်သူနှင့် ဖြုန်းနိုင်သူတို့ ညှိကြဖို့လည်း လိုပါသည်။ ။
- Log in to post comments