ဆီနည်းနည်း အရသာရှိရှိ

 

 

မြန်မာတို့ဆီစားသုံးမှု လိုတာထက်ပိုနေသည်ဟု  ကျန်းမာရေး ဆိုင်ရာပညာရှင်တို့က သတိပေးကြသည်။ ဆီလျှော့စားရန်၊ အဆီ ဓာတ်နည်းသောအစာကို စားရန်၊ ပြည့်ဝဆီဟုခေါ်သည့် ကျန်းမာရေး အတွက်  မသင့်သောဆီများကို   မစားရန်   စသည်စသည်တို့ကို နည်းလမ်းမျိုးစုံဖြင့်   သတိပေး၊   အသိပညာများပေးကြစေကာမူ တစ်သက်လုံးစွဲလာခဲ့သည့် အစွဲမို့ ချွတ်ရခက်သည်။ ဆီစားများသော ကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးနှစ်ခုရှိရာ တစ်ခုမှာ ဆီစားများသူ အတွက် ကျန်းမာရေးဆိုင်ရာဆိုးကျိုးဖြစ်ပြီး ကျန်တစ်ခုမှာ စားသုံးဆီ မလုံလောက်သဖြင့် နိုင်ငံခြားမှတင်သွင်းရန် နိုင်ငံခြားငွေအမြောက် အမြားသုံးစွဲရသည့် ဆိုးကျိုးဖြစ်သည်။ ပထမဆိုးကျိုးက ဆီစား များသူကို ထိခိုက်ပြီး ဒုတိယဆိုးကျိုးက နိုင်ငံတော်ကိုထိခိုက်သည်။
မြန်မာတို့   ယနေ့ခေတ်  စားသောက်နေကြသည့်   နေ့စဉ် ဟင်းလျာများမှာ  ဆီနှင့်  အငန်တို့ကဲနေသည်။ မြန်မာဟင်းလျာ ချက်ပြုတ်ပုံမှာ အရှေ့တောင်အာရှတွင် ဆီသုံးစွဲမှုအများဆုံး ပုံစံ ဖြစ်နေသည်။ ရှေးကမူ ဆီစားသုံးမှုမများခဲ့။  ဒုတိယကမ္ဘာစစ်မတိုင်မီ  လွန်ခဲ့သည့် နှစ်ပေါင်း ၈၀ ကျော်ကာလကပင်လျှင် လူတစ်ဦး တစ်နှစ် လျှင် ဆီစားသုံးမှု နှစ်ပိဿာခွဲခန့်သာရှိခဲ့ရာမှ  ဆယ်စုနှစ်အလိုက်  မြင့်တက်လာခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံ၏ လူတစ်ဦးချင်း ဆီစားသုံးမှု နှုန်းသည် တစ်နှစ်လျှင် ၁၁ ပိဿာခန့် ရှိလာသည်ဟု သတင်းတစ်ပုဒ် တွင် တွေ့ရသည်။ ပြည်ပမှစားအုန်းဆီတင်သွင်းမှု မြင့်တက်လာခဲ့ရာ  ယမန်နှစ်က တန်ချိန် ရှစ်သိန်းအထိ ရှိခဲ့ပြီး တရားမဝင်တင်သွင်းမှု မှာလည်း တန်ချိန် တစ်သိန်းဝန်းကျင်အထိ ရှိခဲ့ကြောင်း၊ မြန်မာတို့ ပုံမှန်စားသင့်သည်ထက်  များစွာပို၍   စားသုံးနေကြောင်းလည်း သတင်းတွင် တွေ့ရသည်။
ယနေ့ လက်လီဆီဈေးကွက်တွင် ရောင်းချနေသည့် ဆီများမှာ  စားသုံးရန်မသင့်သော၊ မမှန်ကန်သောဆီ၊ ရောနှောထားသည့်ဆီ၊ အရောင်အနံ့တို့ထည့်သွင်းပြုပြင်ထားသည့်ဆီအတု စသည်တို့ကို ရောင်းချမှုက  များပြားနေသည်ဟု   သိရသည်။   ၎င်းဆီများကို ဝယ်ယူစားသုံးမှုကြောင့်   စားသုံးသူများ   ကျန်းမာရေးကို ရေရှည်တွင် ထိခိုက်စေသကဲ့သို့ပင် ပြည်တွင်းစားသုံးဆီထုတ်လုပ်မှုလုပ်ငန်းများကိုလည်း တိုက်ရိုက်ထိခိုက်စေခဲ့သည်။ ဈေးကွက်ထဲ သို့  ရောက်ရှိ လာပြီး   မျက်မြင်အခြေအနေအရ   အရောင်အဆင်း၊ အနံ့အရသာတို့ လှပမွှေးပျံ့နေသည့် မြေပဲဆီအတုကို အသွင်အပြင်အရရော၊ ဈေးနှုန်း အရပါ  မယှဉ်ပြိုင်နိုင်သည့်အတွက်   ပြည်တွင်းဆီစက်လုပ်ငန်း အများအပြားမလည်ပတ်နိုင်တော့ဘဲ ရပ်ဆိုင်းလိုက်ကြရကြောင်း လည်း သိရသည်။ ဝယ်ယူစားသုံးသူတို့အနေဖြင့်  ကုန်ပစ္စည်း  စစ် မစစ်၊ မှန် မမှန် မစစ်ဆေးနိုင်သည့်အပြင် ဈေးနှုန်းသက်သာမှုဆိုသည့် အဓိကအကြောင်းတရားကြောင့်ပင်     လက်လီဈေးကွက်တွင် အလွယ်တကူ  တွေ့ရသည့်ဆီများကို  ဝယ်ယူစားသုံးလိုက်ကြခြင်း ဖြစ်သည်။  ဆီကိုလျှော့၍  မစားသုံးနိုင်ခြင်း၊   ဆီနည်းနည်းဖြင့် မချက်ပြုတ်တတ်တော့ခြင်း အကြောင်းကြောင့်ဟုလည်း ဆိုရမည် ဖြစ်သည်။
လူ့ခန္ဓာကိုယ်စွမ်းအင်အတွက် ဆီ၊ အဆီဓာတ်လိုအပ်သည်။ သို့ရာတွင် အဆီမှရသော ကယ်လိုရီသည် ၁၀ ရာခိုင်နှုန်းထက် မပို သင့်ဟု အာဟာရပညာရှင်တို့က ဆိုသည်။ မပြည့်ဝဆီ (Unsaturated Fatty  Acid) သည်သာ စားသုံးသင့်သည့် ဆီဖြစ်ရာ သီးနှံများမှရ သော ဆီမျိုးများပင်ဖြစ်သည်။ မြေပဲဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီ၊ ပြောင်းဖူး ဆီ၊ နေကြာဆီ၊ သစ်ဆိမ့်ဆီကဲ့သို့သော ဆီမျိုးများဖြစ်သည်။ မြန်မာ တို့ ပြည်ပမှအများဆုံးတင်သွင်း စားသုံးနေကြသည့် စားအုန်းဆီမှာ  အထက်ဖော်ပြပါဆီအမျိုးအစားတွင်မပါ။ စားအုန်းဆီစားသုံးမှုနှင့် ပတ်သက်၍  အငြင်းပွားမှုများစွာရှိသော်လည်း စားသုံးရန်အဆင့်မီ ထုတ်လုပ်ထားသည့် စားအုန်းဆီကို သင့်တင့်စွာ စားသုံးနိုင်သည် ဟုမူ  သဘောညီကြသည်။ 
မည်သို့ဆိုစေ မြန်မာတို့ ဆီစားသုံးမှုနှင့် အငန်စားသုံးမှုတို့ များနေပြီး ကျန်းမာရေးနှင့်ညီညွတ်စေရန် တစ်ဦးချင်းစားသုံးမှုတို့လျှော့ချသွားကြရမည်ဖြစ်သည်။ ဆီနည်းနည်းနှင့် အရသာရှိရှိ ချက်ပြုတ်စားသောက်နိုင်သည့် ဟင်းလျာအမယ်ပေါင်းများစွာသည် မြန်မာ့ဟင်းလျာများထဲမှာသာမက   တိုင်းရင်းသားတို့၏ ဟင်းလျာ များ၊  မြန်မာတို့ခံတွင်းတွေ့သည့်  တရုတ်စာ၊  ထိုင်းစာများမှာပါ  မြောက်မြားစွာရှိနေရာ  ကျန်းမာရေးနှင့်လည်း ညီညွတ်၊ အရသာ လည်းရှိသည့်      ဟင်းလျာများ   ချက်ပြုတ်စားသောက်နိုင်ကြပါ စေကြောင်း။      ။