ဆည်ရေသောက်စနစ်မြှင့်တင်ပြုပြင်ခြင်းဖြင့် တောင်သူစီးပွားတိုးပွားစေမည်

Type
1

 

ရွှေယွန်းစံ

(ယမန်နေ့မှအဆက်)
ထို့ပြင်    ရေလှောင်တမံများ ဘေးကင်းလုံခြုံမှု    ရှိစေရန်နှင့် အောက်ဘက်ရှိ  မြို့ပြကျေးရွာများ  အန္တရာယ်ကင်းစေရန်အတွက် (Dam Safety)လုပ်ငန်းစဉ်များကို စနစ်တကျ ရေးဆွဲဆောင်ရွက်လျက် ရှိသည့်အပြင် ကြံ့ခိုင်မှုစစ်ဆေးခြင်းကိုလည်း နေ့စဉ်၊ အပတ်စဉ် ပုံမှန် စစ်ဆေးမှုများဖြင့် ပြုလုပ်လျက်ရှိသည်။  နှစ်စဉ်   မိုးရာသီမတိုင်မီ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့‌လေးဖွဲ့ဖြင့် အရေးကြီးသော  ရေလှောင်တမံ များကို  ဦးစားပေးအလိုက်  ကွင်းဆင်းစစ်ဆေးကာ  အားနည်းချက် ရှိသည့်နေရာများ ရှာဖွေဖော်ထုတ်ပြီးကြံ့ခိုင်မှုရှိစေရန် အချိန်မီပြုပြင် လျက်ရှိသည်။
ရေဘေးကာကွယ်ရေးတာများပြုပြင်
မိုးရာသီကာလ ရေဘေးကာကွယ်ရေးတာများ ပြုပြင်ထိန်းသိမ်း ခြင်းနှင့်ပတ်သက်သည့် သရုပ်ပြပွဲများကို နှစ်စဉ်ပြုလုပ်၍ ပြည်သူထံ အသိပညာပေးလျက်ရှိသည်။ ဇွန်လပထမပတ်မှစတင်ပြီး အရေးပေါ် ပစ္စည်းများ စုဆောင်းခြင်းလုပ်ငန်းကို ဆောင်ရွက်သကဲ့သို့ အကယ်၍ မြစ်ရေကြီးမှုဖြစ်ပေါ်ပါက အချိန်နှင့် တစ်ပြေးညီ သိရှိရန် ၂၄  နာရီ ကင်းလှည့်စောင့်ကြည့်မည့် အစီအမံများကို ဆောင်ရွက်ထားသည်။
ရေကင်းတဲများကိုတာမိုင်(၄)မိုင်တွင်(၁)လုံးတည်ဆောက် ထားရှိ ကာ စောင့်ကြည့်သွားမည်ဖြစ်သလို  စိုးရိမ်ရေမှတ်ရောက်သည်နှင့် တာမိုင် (၂) မိုင်တွင် ကင်းတဲ တစ်လုံးစီ ထပ်မံထည့်သွင်းတည်ဆောက်၍ အချိန်ပြည့်ကင်းလှည့်စောင့်ကြည့်ပြီး ထိန်းသိမ်းစောင့်ရှောက်လျက်ရှိ သည်။
ဆည်တာတမံများ ကြံ့ခိုင်ရေးကို အလေးထားဆောင်ရွက်နေပြီး တစ်ဖက်မှလည်း    တမံအောက်ဘက်ဒေသများတွင်   တမံရေကြီးမှု ကြုံတွေ့လာပါက ဒေသနေပြည်သူများကို ဘေးအန္တရာယ် ကင်းရှင်း သည့်   ရေလွတ်နေရာများသို့  ရှာဖွေပို့ဆောင်ပေးနိုင်သည့် Flood Hazard Map များကို တောင်နဝင်း၊ ကညင်၊ မမြ၊ သုံးဆယ်၊ မုက္ခာ၊ ဆွာချောင်း၊ ဘောနီ၊ သဲကော၊ မာလဲနတ်တောင်၊ မြောက်ယမား၊ ဆင်သေနှင့် ငလိုက်စသည့် ရေလှောင်တမံ  ၁၂ ခုတွင်  ရေးဆွဲထားရှိပြီး ဖြစ်သည်။
တမံအောက်ဘက်ဒေသများ ဘေးအန္တရာယ်ကြုံတွေ့ပါက အလျင် မြန်ဆုံး ဘေးလွတ်ရာသို့ စီမံဆောင်ရွက်ပေးနိုင်မည့် အရေးပေါ်အခြေ အနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်ကိုလည်း ရေလှောင်တမံနှင့် ရေဘေး ကာကွယ်ရေးတာတစ်ခုချင်းအလိုက် ရေးဆွဲထားပြီး လိုက်နာဆောင် ရွက်လျက်ရှိသည်။
“အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုစီမံချက်အရ အရေး ပေါ်အခြေအနေ အဆင့်သုံးဆင့် သတ်မှတ်ထားပြီးတော့ အစိမ်းရောင်၊ အဝါရောင်၊ အနီရောင်အလံတွေကို ရေလှောင်တမံ၊ ရေဘေး ကာကွယ် ရေးတာတွေနဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ စိုက်ထူပြီးတော့ ပြည်သူ တွေကို အသိပေးနိုင်အောင်  ဆောင်ရွက်ထားတယ်။ အဓိကကအရေး ပေါ် အခြေအနေဖြစ်ပေါ်မယ်ဆိုရင် လျင်လျင်မြန်မြန် တုန့်ပြန်ဆောင် ရွက်တတ်ဖို့၊ ထိခိုက်မှုအနည်းဆုံးဖြစ်ဖို့အထိ ဆက်သွယ်ရေးလမ်း ကြောင်းကအစ သက်ဆိုင်ရာအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေအထိပါအောင် ရေးဆွဲထားတယ်။ ဒါတွေကို ပြည်သူတွေ သိအောင်၊ ပါဝင်ဆောင်ရွက်တတ်အောင် အသိပညာပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ် ”ဟု  ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်စိုးက ရှင်းပြသည်။
 ကြံ့ခိုင်မှုအားဖြည့်ဆောင်ရွက်
ရေလှောင်တမံများ၏ ငလျင်ဒဏ်ခံနိုင်ရည်ရှိမှုကို  ယနေ့ခေတ် အခြေအနေနှင့် ကိုက်ညီသည့် အချက်အလက်များကို  အသုံးပြုကာ ခေတ်မီနည်းပညာဖြင့်     ပြန်လည်တွက်ချက်ပြီး      ကြံ့ခိုင်မှုအားဖြည့် ဆောင်ရွက်ခြင်းများကို ရဲနွယ်တမံနှင့် မုန်းတမံတို့တွင် ကနဦး စတင် နိုင်ရန် စီမံဆောင်ရွက်နေပြီဖြစ်သည်။
ရာသီဥတုထူးကဲစွာပြောင်းလဲမှုဖြစ်စဉ်များကြောင့် မိုးရွာသွန်းမှု နည်းပါးပြီး ဆည်အတွင်း  ရေဝင်နည်းပါး၍ စိုက်ပျိုးရေမလုံလောက်မှု များကြုံတွေ့နေရသဖြင့် စိုက်ပျိုးရေကို အကျိုးထိရောက်စွာ ပေးဝေနိုင် ရန်၊ အလေအလွင့်နည်းပါးစေရန် ဆည်ရေသောက် ဧရိယာများတွင် ဆည်ရေပေးဝေမှု  တိုးတက်ခေတ်မီရေးနှင့်   ဆည်မြောင်းဆိုင်ရာ သုတေသနစီမံကိန်းကို (Pilot Areas) ရှေ့ပြေးဧရိယာများ သတ်မှတ် ဆောင်ရွက်လျက်ရှိသည်။ ယခု  ၂၀၂၀-၂၀၂၁ ခုနှစ်အတွင်း ဆည်ရေ ပေးဝေမှု တိုးတက်ခေတ်မီရေးနှင့် ဆည်မြောင်းဆိုင်ရာ သုတေသန လုပ်ငန်းစီမံကိန်းများအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေးနှင့်  ပဲခူးတိုင်းဒေသကြီးအတွင်း  ဆည်ရေသောက်စနစ်  ၁၂  ခုတွင် ကွက်ဆင့်သောက်    လယ်မြေဧက ၆၉၀၀ အား( Topographic Survey )တိုင်းတာခြင်း၊  ကွင်းမြေပုံထုတ်ခြင်း၊ ပုံစံထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။ 
ပေါင်းလောင်း၊   ချောင်းမငယ်၊   မဲဇလီဆည်၊   မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေးနှင့် မြောက်နဝင်းဆည်ရေသောက် ငါးခုရှိရှေ့ပြေး ဧရိယာ  ၂၁၇၁  ဧကအတွင်း တူးမြောင်း၊ ရေနုတ်မြောင်းများ တူးဖော် ခြင်း၊ လယ်ကြားရေပေးမြောင်းများ  တူးဖော်ခြင်း၊ ရေထုတ်ပေါက် ရေတံခါးများ   တပ်ဆင်ခြင်းလုပ်ငန်းများကို   လျာထားဆောင်ရွက် လျက်ရှိသည်။
လိုအပ်ချက်အလိုက်  ဦးစားပေး
ထိုကဲ့သို့ ဆည်တာတမံများ   ကြံ့ခိုင်ကောင်းမွန်အောင်   ပြုပြင် ထိန်းသိမ်းခြင်း၊ ရေသောက် စနစ်များ အဆင့်မြှင့်တင်ဆောင်ရွက်ခြင်း နှင့် ရေစီမံခန့်ခွဲမှုစနစ်  ပိုမိုတိုးတက်ကောင်းမွန်စေရန် ဆောင်ရွက် ခြင်း၊ တောင်သူများအတွက် မရှိမဖြစ် လိုအပ်သည့် စိုက်ပျိုးရေ ရရှိရေး လုပ်ငန်းများ၊ မြို့ရွာများနှင့် စိုက်ပျိုးပြီးသီးနှံများ ရေကြီးနစ်မြုပ်မှု မရှိစေရေးအတွက် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ၊ ဒေသ စိမ်းလန်းစိုပြည်ရေးနှင့် သောက်သုံးရေရရှိရေးလုပ်ငန်းများကို လိုအပ် ချက်အလိုက်  ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်ရင်းဖြင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနသည် ပြည်သူတို့ ၏ အကျိုးစီးပွား၊ ဒေသခံတောင်သူများ၏ အကျိုးစီးပွားကို ကြိုးစားဖော်ဆောင်လျက်ရှိပါကြောင်း တင်ပြလိုက်ရပါသည်။    ။