ဆရာကြီးမောင်ပေါ်ထွန်း - လင်းလက်တောက်ပဆဲ စာပေကြယ်ကြီးတစ်ပွင့်

Type
5

 

ယဉ်မင်းထွေး (စာပေဗိမာန်)
 

 

၂၀၁၄   ခုနှစ်အတွက်  အမျိုးသားစာပေ ဆုနှင်းသဘင်ကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် (၁၃၇၇ ခုနှစ် စာဆိုတော်နေ့) တွင် ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံ၌ ကျင်းပခဲ့ရာ အမျိုးသားစာပေ တစ်သက် တာဆုအတွက် စာရေးဆရာကြီး  သုံးဦး၊ အမျိုးသားစာပေဆုအတွက်   စာရေး ဆရာ၊ ဆရာမကြီး ၁၅ ဦးနှင့် စာပေဗိမာန် စာမူဆုအတွက် စာရေးဆရာ၊ ဆရာမကြီး ၂၆ ဦးတို့ကို ချီးမြှင့်ခဲ့ပါသည်။

 


အမျိုးသားစာပေ   တစ်သက်တာဆု ချီးမြှင့်ခံရသူ ဆရာကြီး သုံးဦးမှာ ဆရာ ကြီး  ဦးဝင်းဖေ   (စာရေးဆရာ မြဇင်)၊ ဆရာကြီး  ဦးခင်မောင်စိုး(စာရေးဆရာမောင်ပေါ်ထွန်း)နှင့် ဆရာကြီး ဦးကိုလေး (ကဗျာဆရာကိုလေး-အင်းဝဂုဏ်ရည်) တို့   ဖြစ်ကြသည်။  ထိုနှစ်က  စာပေ မိုးကောင်းကင်တွင် ရောင်စုံကြယ်ပွင့်ကြီး များ  ဝေဆာစွာ   လင်းလက်ခဲ့သကဲ့သို့ ဖြစ်ခဲ့သည်။

 


ပူးတွဲဆုရရှိ


အသက် ၈၈ နှစ်အရွယ် ဆရာမြဇင် မှာ မြန်မာစာပေလောက၌ သုတ၊ ရသ စာပေကို အင်္ဂလိပ်ဘာသာဖြင့် ကျွမ်းကျင် နိုင်နင်းစွာ ရေးဖွဲ့နိုင်သည့် စာပေပညာရှင် ကြီးဖြစ်သကဲ့သို့ အသက် ၇၉ နှစ်အရွယ် ဆရာကိုလေး  (အင်းဝဂုဏ်ရည်)မှာ မြန်မာကဗျာလောက၏ ဦးသျှောင်ဆရာ ကြီး ဖြစ်ပါသည်။ အသက် ၈၀ အရွယ် ဆရာကြီး မောင်ပေါ်ထွန်းမှာ ဘာသာပြန် စာပေပညာရှင်ကြီးဖြစ်ပြီး ဘာသာပြန် လုံးချင်းစာအုပ်များစွာ    ထုတ်ဝေခဲ့သူ ဖြစ်ပါသည်။ တိုက်ဆိုင်မှုတစ်ခုမှာ မြန်မာ ကို   ကမ္ဘာကသိရန်  မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ပြန်ဆို၍ အားထုတ် ကြိုးပမ်းခဲ့သော  ဆရာကြီး  ဦးဝင်းဖေ (မြဇင်)နှင့်   ကမ္ဘာကို  မြန်မာကသိရန် အင်္ဂလိပ်ဘာသာမှ  မြန်မာဘာသာသို့ ဘာသာပြန်ဆို၍   အားထုတ်ကြိုးပမ်း ခဲ့သည့်   ဘာသာပြန်ဆရာကြီး  နှစ်ဦး ပူးတွဲဆုရရှိခြင်း ဖြစ်ပါသည်။

 


ဆုရရှိသူဆရာကြီးများတွင် ကျွန်မ နှင့် ပိုမိုရင်းနှီးသူမှာ ဆရာကြီး မောင်ပေါ် ထွန်း ဖြစ်ပါသည်။ ဆရာကြီးသည် စာပေ ဗိမာန်၏   အငြိမ်းစားဝန်ထမ်းတစ်ဦး ဖြစ်သကဲ့သို့ စာပေဆိုင်ရာ အကြောင်းရပ် များစွာနှင့် စာပေဗိမာန်နှင့် အစဉ်မပြတ် သွားလာဆက်နွှယ်နေခဲ့သူလည်း ဖြစ်ပါ သည်။ အမျိုးသားစာပေဆုအစည်းအဝေး များ၊ စာတမ်းဖတ်ပွဲဆိုင်ရာ၊ စာပေဖွံ့ဖြိုး ရေးဆိုင်ရာ အစည်းအဝေးများမှတစ်ဆင့် ဆရာကြီးနှင့်   ရင်းနှီးခင်မင်ခွင့်  ရခဲ့ပါ သည်။ စာပေဗိမာန်ဆိုင်ရာ ရှေးဟောင်း နှောင်းဖြစ်များကို  ဆရာကြီးမှတစ်ဆင့် သိရှိမှတ်တမ်းတင်ခွင့်လည်း    ရရှိခဲ့ပါသည်။

 


အငြိမ်းစားယူ


ဆရာကြီး  မောင်ပေါ်ထွန်းကို  ရခိုင် ပြည်နယ် မာန်အောင်မြို့နယ် ရေမျက်ဝ ရွာတွင် အဖ ပန်းချီ၊ ပန်းပု လက်သမား ဆရာကြီး ဦးမောင်ပု၊ အမိ ဒေါ်အေးသာ တို့က ၁၉၃၅ ခုနှစ် မေလ ၁၄ ရက်၌ မွေးဖွားခဲ့ပါသည်။    မူလတန်းပညာကို ဇာတိရပ်ရွာ ဘုန်းတော်ကြီးကျောင်းနှင့် မူလတန်းကျောင်းတို့တွင်  သင်ကြားခဲ့ သည်။ ၁၅ နှစ်သားတွင် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ပြီး   အလွတ်ပညာသင် ကျောင်းတက်သည်။    လှကော်မာရှယ် ကောလိပ်မှ မြန်မာလက်ရေးတို ပထမဆု ရခဲ့သည်။ ၁၉၅၅ ခုနှစ်တွင် မြန်မာနိုင်ငံ ဘာသာပြန်စာပေအသင်း (စာပေဗိမာန်) အဖွဲ့၌ လက်နှိပ်စက်လက်ရေးတို စာရေး အဖြစ် စတင်အမှုထမ်းခဲ့သည်။ ၁၉၆၇-၆၈ ခုနှစ်တွင် အခြေခံပညာအထက်တန်း စာမေးပွဲကို    ဘာသာပြန်ဘာသာရပ် ဂုဏ်ထူးဖြင့် အောင်မြင်သည်။ သတင်း စာပညာ  အတတ်သင်ကျောင်း အပတ် စဉ် (၁)တွင် ပထမဆုရခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် လုပ်သားများကောလိပ်မှ ဝိဇ္ဇာ (သမိုင်း) ဘွဲ့ ရရှိခဲ့သည်။ ၁၉၇၈ ခုနှစ်တွင် စာပေဗိမာန်  စာအုပ်အသင်း ကြီးကြပ် ရေးမှူးအဖြစ်မှ အငြိမ်းစားယူခဲ့သည်။

 


ရေးသားထုတ်ဝေ


စာပေဗိမာန်တွင်        ဆရာအလုပ် စတင်ဝင်ရောက်သောဌာနမှာ   စာအုပ် ထုတ်ဝေရေး   သုတေသနဌာနဖြစ်ပြီး ဌာနမှူးမှာ ဇေယျကျော်ထင်၊ ဝဏ္ဏကျော် ထင် ဗိုလ်မှူးဗကို (ဗိုလ်ဗကို) ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ကုန်သည်လမ်း၊ စာပေ ဗိမာန်ရုံးခွဲ၌   ရောင်းဝယ်ရေးဌာနသစ် ဖွင့်လှစ်၍ ဗိုလ်ဗကို (ရုပ်ရှင်သရုပ်ဆောင်) က  ဌာနမှူးအဖြစ်  ပြောင်းရွှေ့တာဝန် ထမ်းဆောင်သောအခါ       ဆရာက လက်ရေးတိုစာရေးအဖြစ် ရာထူးတိုးကာ ကုန်သည်လမ်း၊ စာပေဗိမာန်သို့ ပြောင်း လာခဲ့ရသည်ဟု   သိရပါသည်။  စာပေ ဗိမာန်တွင် တာဝန်ထမ်းဆောင်စဉ် ဆရာ တက္ကသိုလ်ထင်ကြီး၊   ဆရာ  ဦးစိုးလှ (သိပ္ပံစိုးလှ)၊ ဦးမြတ်စိုး (သိပ္ပံမြတ်စိုး)တို့ လက်အောက်တွင် တာဝန်ထမ်းဆောင် ရာမှ ဘာသာပြန်ဆိုခြင်း အတွေ့အကြုံ များ ရရှိခဲ့သည်။ လက်ရည်သွေးခြင်း လည်း ပြုလုပ်ခွင့်ရရှိရာမှ ဘာသာပြန် စာအုပ်များစွာ   ရေးသားထုတ်ဝေနိုင်ခဲ့ သည်ဟု ဆိုပါသည်။

 


ဘာသာပြန်ဝတ္ထု ရေးသား


ဆရာသည်   ၁၉၅၈  ခုနှစ်တွင် စာပန်းချီမဂ္ဂဇင်း၌  ခုနစ်နှစ်အရွယ် သမီး ငယ် (Seven Years Old Girl) ရုရှားပုံပြင် ဘာသာပြန်ဖြင့် စာပေလောကသို့ စတင် ဝင်ရောက်ခဲ့သည်။ မဂ္ဂဇင်း၊ ဂျာနယ်များ တွင် ဘာသာပြန်ဝတ္ထု၊ ဆောင်းပါးများ ရေးသားခဲ့သည်။      စာအုပ်လောက စာစောင်၊ ပန်မဂ္ဂဇင်း၊ ချယ်ရီမဂ္ဂဇင်းနှင့် စီးပွားရေးမဂ္ဂဇင်းတို့တွင် အယ်ဒီတာ၊ အယ်ဒီတာချုပ်နှင့် အတိုင်ပင်ခံ အယ်ဒီ တာအဖြစ် လုပ်ကိုင်ခဲ့သည်။
စာပေဗိမာန်တွင်     တာဝန်ထမ်း ဆောင်စဉ် ‘စာအုပ်ဟူသည်’ စာအုပ်ကို ဆရာမောင်ဆုရှင်နှင့်     လည်းကောင်း၊ ‘စာနယ်ဇင်းဟူသည်’ စာအုပ်ကို ဆရာ မောင်ဆုရှင်၊  ဆရာသိန်းတန်  (ဟံသာ ဝတီ)တို့နှင့်လည်းကောင်း      တွဲဖက် ရေးသားထုတ်ဝေခဲ့သည်။

 


နိုင်းလ်မြစ်ဝှမ်းမှ      တော်လှန်ရေး၊ ကျွန်မချစ်တဲ့ဆူကာနို၊ ပင်တဂွန်၊ ယက်ဗ် ဂျင်နီ ယက်ဗ်တူရှင်ကို၊ မောင့်ဘက်တန် နှင့်     အိန္ဒိယလွတ်လပ်ရေးတိုက်ပွဲ (သန်းခေါင်ယံလွတ်လပ်ရေး)၊ ကမ္ဘာ့ရန်၊ အကြီးအကဲ၊    ကျေရာကျေကြောင်း၊ ငွေရှာနည်း ငွေသုံးနည်း၊ စံပြအရောင်း သမား၊ ဟားဗတ်စီးပွားရေးတက္ကသိုလ်မှာ မသင်ခဲ့ရသမျှ၊    စံပြခေါင်းဆောင်မှု၊ ကိုယ်စွမ်းကိုယ်စဖြင့် ကြီးပွားရေး၊ မဟာ ဒီလှိုင်း၊     အောက်စ်ဖို့တက္ကသိုလ်သုံး အင်္ဂလိပ်သဒ္ဒါကျမ်း၊ ခေတ်သစ်ရောင်း ဝယ်ရေးဗျူဟာ၊   ကန္တာရစမ်းရေအိုင် စသည့် ဘာသာပြန်လုံးချင်းစာအုပ်များ မှာ   ထင်ရှားပါသည်။  ဆရာကြီးသည် လုံးချင်းစာအုပ်   စုစုပေါင်း  ၇၈  အုပ် ထုတ်ဝေခဲ့ပါသည်။ ဆရာ့တွင် ကလောင် ခွဲများစွာရှိပြီး ယင်းတို့အနက် လှကျော် သူ၊ မောင်ကျော်ဒွန်း၊ တက္ကသိုလ်စိုးဝင်း ထင်၊ ခင်သန္တာဖြူ စသည့်ကလောင်အမည် များမှာ ထင်ရှားသည်။ ဆရာကြီးသည် မိမိဘာသာပြန်ဆိုသည့်    စာအုပ်များ အတွင်း အားရအနှစ်သက်ဆုံး စာအုပ်မှာ “သန်းခေါင်ယံလွတ်လပ်ရေး” စာအုပ် ဖြစ်ပြီး   ဘာသာပြန်စာရေးဆရာများ အနက် ဆရာကြီး အနှစ်သက်ဆုံး စာရေး ဆရာမှာ ဆရာမြသန်းတင့် ဖြစ်သည်ဟု ဆိုပါသည်။

 


 တစ်သက်တာဆု


ဆရာကြီးသည် ၁၉၉၇ ခုနှစ်တွင် “ကန္တာရစမ်းရေအိုင်”စာအုပ်နှင့် ၂၀၀၆ ခုနှစ်တွင် “ကံကြမ္မာ အကျဉ်းသား” စာအုပ်ဖြင့်   အမျိုးသားစာပေဆုတို့ကို ရရှိခဲ့ပြီး၂၀၁၄ ခုနှစ်အတွက် အမျိုးသား စာပေ   တစ်သက်တာဆုကို   ရရှိခဲ့သူ ဖြစ်ပါသည်။

 


အမျိုးသားစာပေ  တစ်သက်တာဆု ကြေညာပြီးသည့်အခါ    ဆရာကြီးကို ကြေးမုံသတင်းစာက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါသည်။ ဆရာကြီးက “စာပေ ပညာရှင်ကြီးတွေ၊   ထုတ်ဝေသူတွေ၊ စာဖတ်ပရိသတ်တွေကို   ကျေးဇူးတင်ပါ တယ်လို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ စာအတော်အတန် ဖတ်ဖြစ်လာ တော့ စာရေးဆရာ  အလွန်ဖြစ်ချင်လာ တယ်။  အလုပ်ရွေးချယ်မှုလည်း မှန်ကန် ခဲ့တယ်  ဆိုရမှာပေါ့။   စာပေဗိမာန်မှာ အလုပ်ဝင်ခဲ့တယ်။ စာပေဟင်းအိုးကြီးနဲ့ သွားတွေ့တာပါ။ စာရေးဆရာအစုံနှင့် တွေ့ပြီး   အားကျလေ့လာဆည်းပူးပြီး စာပေကို တစိုက်မတ်မတ်လုပ်ဖြစ်ခဲ့လို့ ဒီဆုကိုရတဲ့အတွက်    ကျေးဇူးတင်ပါတယ်။

 


… အမျိုးသားစာပေတစ်သက်တာဆု ကို  ၂၀၀၁   ခုနှစ်ကစတင်ပြီး   နှစ်စဉ် ဆုချီးမြှင့်ခဲ့တာ ယခုနှစ်မှ ဘာသာပြန် ရေးတဲ့သူကို  ပထမဆုံးဆုချီးမြှင့်တာပါ။ ကျွန်တော်က ဘာသာပြန်ကို အဓိကရေး တဲ့သူပါ။ တစ်သက်တာ စာပေဆုထဲမှာ ဘာသာပြန်ရေးတဲ့သူထဲက   ပထမဆုံး ရတယ်ဆိုတော့ အတိုင်းမသိ အထူးပင် ကျေးဇူးတင်ပါတယ်။

 


…ပြည်ပမှ    စာပေပညာရှင်ကြီး တစ်ဦးက စာပေလောကမှာ ဘာသာပြန် တွေက မရှိလို့မဖြစ်ဘူး။ ဒါပေမယ့် သူတို့ ကို မေ့ထားကြတယ်လို့  ပြောဖူးတယ်။ ဘာဖြစ်လို့လဲဆိုတော့ နဂိုကတည်းက ဘာသာပြန်စာအုပ်တွေကို လူတိုင်းမဖတ် ဘူး။   အခုခေတ်ဆိုရင်  ပိုဆိုးတာက စာအုပ်ဈေးတွေက ကြီးတယ်။ စာဖတ် ချင်လို့     စာအုပ်သွားဝယ်ရင်တောင် ဘာသာပြန်စာအုပ်ကို   သိပ်မရွေးဘူး။ အခုက အင်တာနက်၊ ဖုန်း၊ တီဗွီတွေနဲ့ အချိန်ကုန်လာကြတယ်။   စာအုပ်ကို အချိန်ပေးပြီး       သိပ်မဖတ်တော့ဘူး။ အဓိကဆိုလိုချင်တာကတော့   လူငယ်ဘာသာပြန်စာရေးဆရာ  နည်းပါးလာမှု အပေါ်ကို ပြောချင်ပါတယ်။ တချို့လူငယ် တွေမှာ လက်ကောင်းတယ်။ ထုတ်ဝေသူ က    ကလောင်သစ်ဖြစ်တာကြောင့် စာအုပ်မထုတ်ပေးကြဘူး။ တချို့ကတော့ လည်း ဘာသာပြန်ရေးတာကို ဝါသနာပါ တယ်။  မိမိအလုပ်တစ်ဖက်နဲ့ဆိုတော့ မလုပ်ဖြစ်ကြဘူး။   ဒါကြောင့်လည်း ဘာသာပြန်စာရေးသူလူငယ်တွေ ရှားပါး လာတာပါ။

 


…  ဘာသာပြန်စာအုပ် ရေးသားရာ မှာ အင်္ဂလိပ်စာက အဓိကအရေးမကြီး ဘူး။ မိခင်ဘာသာစကားက အရေးကြီး တယ်။   ဘာသာပြန်ရေးတဲ့နေရာမှာ မြန်မာစာပေတွေ    အများကြီးဖတ်ဖို့ လိုတယ်။   မြန်မာစာဝေါဟာရကြွယ်ဖို့ လိုတယ်။ ဆရာလင်းယုန်မောင်မောင်က မြန်မာစာမတတ်ရင် ဘာသာမပြန်နဲ့လို့ ပြောဖူးတယ်။ ဒါမှသာ ဘာသာပြန်ရေးတဲ့ နေရာ  အရေးအသား၊ ရေးဟန်၊ စတိုင် တို့ရှိမှ      စာဖတ်ပရိသတ်အတွက် ဆွဲဆောင်မှုရှိတဲ့      စာအုပ်တစ်အုပ် ဖြစ်မယ်။

 


…ဘာသာပြန်      ရေးတဲ့နေရာမှာ ဘာသာပြန်ကြည့်ပါ။    မကြိုက်ရင် ပြန်ရေးပါ။ မိတ်ဆွေတစ်ဦးကို ဖတ်ခိုင်း ပါ။ ဖတ်တဲ့သူဟာလည်း ဗဟုသုတလည်း ရှိ၊ ပြန်ပြင်နိုင်တဲ့ ပုဂ္ဂိုလ်မျိုးကို ရှာဖတ် ခိုင်းပါ။ ဘာသာပြန်တဲ့  နေရာမှာလည်း အဆင့်ကျော် မပြန်ပါနဲ့။ ဥပမာ ပုံပြင်၊ ဝတ္ထုတို၊   ဝတ္ထုရှည်တို့ကို  တစ်ဆင့်ပြီး တစ်ဆင့်လုပ်ကြပါ”ဟူ၍ စာပေမုဒိတာ စကား ပြောကြားခဲ့ပါသည်။ ဆရာကြီး၏ မုဒိတာစကားမှတစ်ဆင့်   ဘာသာပြန် လေ့ကျင့်နေသူ လူငယ်များ၊ ဘာသာပြန် စာပေဝါသနာရှင်များအတွက် ဘာသာ ပြန်ဆိုရန် အင်အားတစ်ခု ဖြစ်ပေါ်စေခဲ့ပါသည်။

 


အမွေဆက်ခံရန် အားထုတ်ရမည်


မြန်မာနိုင်ငံတွင်   မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ဘာသာပြန်ဆိုခြင်း လုပ်ငန်း     တိုးတက်အောင်မြင်ရန်နှင့် ဘာသာပြန်စာပေဖွံ့ဖြိုးရေးလုပ်ငန်းကို မျိုးဆက်သစ်လူငယ်များက လက်ဆင့် ကမ်း  အမွေဆက်ခံရန် အားထုတ်ရမည် ဟူသော အတွေးဝင်လာပါသည်။

 


ဒုတိယကမ္ဘာစစ်ကြီး    ဖြစ်ပွားပြီး နောက် အရာအားလုံး ချွတ်ခြုံကျနေသည့် မြန်မာနိုင်ငံ     ပြန်လည်ထူထောင်ရန် အတွက်“ မြန်မာပြည် ပြန်လည်ထူထောင် ရေး ကွန်ဖရင့်”ကို ရန်ကုန်မြို့၊ အမှတ် ၃၆၁၊      ပြည်လမ်းရှိ    ဆိုရန်တိုဗီလာ အဆောက်အဦ၌ ၁၉၄၇ ခုနှစ် ဇွန်လ ၅ ရက်မှ ၇ ရက်အထိ ကျင်းပခဲ့သည်။ ယင်းကွန်ဖရင့်တွင် ဗိုလ်ချုပ်အောင်ဆန်း က  “… စာအုပ်တွေ  ထုတ်တဲ့နေရာမှာ လည်း လူအများအတွက် အရေးတကြီး လိုအပ်သည့် စာအုပ်တွေ၊ အသုံးကျမည့် စာအုပ်တွေကို  ဘာသာပြန်ပြီး  ပုံနှိပ် ထုတ်ဝေဖို့ကို စိတ်ထဲမှာ စွဲထားရမည်။ ဘာသာပြန်ဌာနကြီးကြီးတစ်ခုကို ဖွင့်ရ မည်။…”ဟု  မိန့်ခွန်းတွင်  ထည့်သွင်း ပြောကြားခဲ့ပါသည်။ ထိုလမ်းညွှန်ချက် အရပင် ၁၉၄၇ ခုနှစ် ဩဂုတ်လ ၂၆ ရက် တွင်    မြန်မာနိုင်ငံ  ဘာသာပြန်စာပေ အသင်း (စာပေဗိမာန်) ကို စတင်တည် ထောင်ခဲ့ခြင်း ဖြစ်သည်။ စာပေဗိမာန် သည်   ကမ္ဘာကို   မြန်မာက  သိစေရန်၊ မြန်မာကို    ကမ္ဘာကသိစေရန်အတွက် ဘာသာပြန်စာအုပ်များစွာ ထုတ်ဝေခဲ့ပါ သည်။

 


အသက် ၈၀ ကျော်သည့်တိုင် 
ပညာဗဟုသုတ ဖြန့်ဝေလျက်ရှိ


မြန်မာစာပေတိုးတက်မှုဖြစ်စဉ်တွင်  ဘာသာပြန်စာပေကဏ္ဍမှာ တစ်ရှိန်ထိုး တိုးတက်မှုမရှိဟု    ဆိုနိုင်သော်လည်း မှန်မှန်အရှိန်နှင့်      သွားနေပါသည်။ ဘာသာပြန်စာရေးဆရာများက  အများ ပြည်သူ   ဗဟုသုတရရှိစေမည့်  နိုင်ငံ တကာမှ စာအုပ်များကို တစိုက်မတ်မတ် ဘာသာပြန်ဆိုလျက်ရှိကြပါသည်။ ဆရာ ကြီး   မောင်ပေါ်ထွန်းသည်လည်း  မိမိ တတ်ကျွမ်းသည့် ဘာသာပြန်ပညာရပ် ဖြင့် အသက် ၈၀ ကျော်သည့်တိုင် ပညာ ဗဟုသုတ    ဖြန့်ဝေလျက်ရှိသည်ကို လေးစားဂုဏ်ယူမိပါသည်။

 


ကမ္ဘာ့ခေတ်ပြိုင်အခြေအနေ၊  ကမ္ဘာ့ ခံစားမှုများနှင့် ကမ္ဘာ့အတွေးအမြင်များ၊ ကမ္ဘာ့အခင်းအကျင်းများ၊  ကမ္ဘာကျော် ပုဂ္ဂိုလ်များကို မြန်မာပြည်သူပြည်သား များနှင့်   မိတ်ဆက်ပေးသည့်အတွက် ဘာသာပြန်စာရေးဆရာကြီးများကို အမြဲ ကျေးဇူးတင်ရှိရပါသည်။ 

 


ဆရာကြီးသည်  ဘာသာပြန်စာရေး ဆရာအဖြစ် သုတရော ရသပါ  နှစ်မျိုးစလုံး ကျွမ်းကျင်ပိုင်နိုင်စွာ ဘာသာပြန်ဆိုနိုင် သည်။    အိုးဝေဂျာနယ်တွင်    လစဉ် ဆောင်းပါးဆက်အဖြစ် ရေးသားခဲ့သည့် “ကျွန်မချစ်တဲ့ ဆူကာနို”စာအုပ်နှင့် ဓန စီးပွားရေးမဂ္ဂဇင်းတွင်    လစဉ်နီးပါး ရေးသားဖော်ပြခဲ့သည့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်ကြီးများ အတ္ထုပ္ပတ္တိ ဆောင်းပါးများကို   စုစည်း၍   နှစ်တွဲ ထုတ်ဝေခဲ့သည့် “ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေး သူရဲကောင်းများ”စာအုပ်မှာ ရောင်းရသွက်သော စာအုပ်များ ဖြစ်ခဲ့ သည်။   လူငယ်များဖတ်ရှုရန် အထူး သင့်လျော်သည်။ “ကမ္ဘာ့အအောင်မြင်ဆုံး စီးပွားရေး” စာအုပ်မှာ ကမ္ဘာတစ်ခွင်၏ လုပ်ငန်းနယ်ပယ်အသီးသီးမှ    စွန့်ဦး တီထွင်လုပ်ငန်းရှင်ကြီး ၃၈ ဦး၏ ဘဝ များ၊      သူတို့၏လုပ်ငန်းနှင့်   သူတို့၏ အတွေ့အကြုံများကို စီးပွားရေးဆိုင်ရာ ရှုထောင့်စုံမှ       တင်ပြထားသည်။ Asiaweek ၊ Asian Business ၊ World Executive   Digest ၊  Far  Eastern Economic Review ၊ Retail Asia စသည့် နိုင်ငံတကာစီးပွားရေးမဂ္ဂဇင်း၊ ဂျာနယ် များ၌ ဖော်ပြခဲ့သော ဆောင်းပါးများကို ဘာသာပြန်ရေးသားထားသည်။ စာအုပ် ကို   နှစ်တွဲခွဲ၍  ထုတ်ဝေခဲ့ပြီး  ယနေ့ ဈေးကွက်စီးပွားရေးခေတ်၊  အဆင့်မြင့် စက်မှုနည်းပညာခေတ်တွင်  စီးပွားရေး လောကသို့ ဝင်ရောက်ပြီး စွန့်စွန့်စားစား လုပ်ကိုင်လိုသော မျိုးဆက်သစ်လူငယ် များအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိနိုင်သည်ဟု    လေးနက်စွာ ယုံကြည်ပါသည်ဟုလည်း ဆရာကြီးက စာအုပ်အမှာတွင် ရေးသားထားပါသည်။

 


မိတ်ဆက်ဖတ်ရှုခွင့်ရ


ဆရာကြီး    ဘာသာပြန်ဆိုခဲ့သည့် “တယောသံတွေ တိတ်ခဲ့ပြီနှင့် အခြား စစ်နောက်ခံဖြစ်ရပ်မှန်ဝတ္ထုများ” စာအုပ် တွင်    ဝတ္ထုတိုလေးပုဒ်     ပါဝင်သည်။ “တယောသံတွေ  တိတ်ခဲ့ပြီ” ဝတ္ထုမှာ ဒုတိယကမ္ဘာစစ်အတွင်းက ခြေသလုံး အိမ်တိုင် ဂျစ်ပစီတို့သည် နာဇီအန္တရာယ် ကြောင့် ပိုလန်နယ်စပ်ကို ဖြတ်ကျော်၍ ဟန်ဂေရီထဲသို့ဝင်ရန် ကြိုးစားကြသည်။ ရက်စက်ခါးသီးလှသည့်   စစ်ဘေးဒုက္ခ တွေကြားက   ပြင်းရှရှအချစ်ဇာတ်လမ်း ကိုလည်း   ရောယှက်ထားသည်။  “မူဆို လီနီ နောက်ဆုံးနေ့များ”စာအုပ်သည် အီတလီ ဖက်ဆစ်အာဏာရှင် မူဆိုလီနီ ၏ ဇာတ်သိမ်းမလှပုံကို ရေးသားထားပြီး “လူမသိသော ကယ်တင်ရှင်”စာအုပ်မှာ ဒုတိယကမ္ဘာစစ်အတွင်းက ဟစ်တလာ ၏  ညာလက်ရုံး ဗိုလ်ချုပ်ကြီး ဟင်းမလား ၏ အနှိပ်သမားတော်ကြီးက ဂျူးလူမျိုး များကို  အသက်ဘေးမှ ကယ်တင်ပေးခဲ့ ပုံကို ရေးသားထားသည်။ “လောကငရဲမှ လွတ်မြောက်ရာသို့”မှာ ကမ္ဘောဒီးယား၏ ခမာနီတို့လက်မှ  လွတ်မြောက်လာသူ ဆရာဝန်တစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။ ဝတ္ထုလေးပုဒ်လုံး နေရာဒေသ၊ အကြောင်း အရာ မတူကြသော်လည်း “စစ်ဆန့်ကျင် ရေး ငြိမ်းချမ်းရေး”ရည်ရွယ်ချက်တစ်ခု တည်းဖြစ်ပြီး နိုင်ငံတကာမှ စစ်နောက်ခံ အကြောင်းရပ်များကို မိတ်ဆက်ဖတ်ရှု ခွင့် ရခဲ့ပါသည်။

 


ချီးမွမ်းတသဖြစ်


ဆရာကြီးသည် ၁၉၉၇ ခုနှစ်အတွက် အမျိုးသားစာပေဆု (ဘာသာပြန်-ရသ) ဆုကို စာရေးဆရာ သောမတ်စ်မီဟန်း ရေးသားသည့် Annie ဝတ္ထုကို ဘာသာ ပြန်သည့် “ကန္တာရစမ်းရေအိုင်” စာအုပ် ဖြင့် ရရှိခဲ့သည်။ ယင်းဘာသာပြန်ဝတ္ထုမှာ ဖြစ်ရပ်မှန်ဝတ္ထုပုံစံဖြစ်ပြီး ပျောက်ဆုံး နေသည့် မိဘနှစ်ပါးကို ရှာပုံတော်ဖွင့် သော  မိဘမဲ့ဂေဟာရောက်  ၁၁  နှစ် အရွယ် လူမမည် မိန်းကလေးတစ်ဦး၏ ဇာတ်လမ်းဖြစ်သည်။ အမျိုးသားစာပေ ဆု    စိစစ်ရွေးချယ်ရေးကော်မတီက “ဘာသာပြန်ဆိုသူသည် ဘာသာပြန်ဆို ပုံ၌ ရင့်ကျက်တည်ငြိမ်ခြင်း၊ မြန်မာစာ အရေးအသား   ပြေပြစ်ချောမွေ့ခြင်း၊ စံပြုထိုက်သော    ဘာသာပြန်လက်ရာ ကောင်းဖြစ်ခြင်း    စသည့်အကြောင်း  အချက်များကြောင့်   ဆုရွေးချယ်ခြင်း ဖြစ်သည်”ဟု   မှတ်ချက်ပြုခဲ့ပါသည်။ ယင်းမှတ်ချက်အတိုင်းပင် ၁၁ နှစ် သမီး ကလေး အင်နီသည် နေ့စဉ်နှင့်အမျှ မိဘ နှစ်ပါးအား    တမ်းတရှာပုံတော်ဖွင့်ပုံ၊ ဂေဟာမှူး၏ နှိပ်စက်မှုကို အံကြိတ်ပြီး တင်းခံပုံ၊ ဖြစ်ရပ်မှန်ဇာတ်လမ်းဟု ထင်ရ လေအောင် ကရုဏာရသနှင့် သန္တရသ တို့ကို ပေါ်လွင်အောင် ရေးဖွဲ့ထားသဖြင့် စာဖတ်ပရိသတ်မှာ စွဲလမ်းနှစ်ခြိုက်ကြ ရသည်။ ဆရာကြီး၏ ဘာသာပြန်လက်ရာ ကို ချီးမွမ်းတသ ဖြစ်ကြရပါသည်။

 


ဒုတိယအကြိမ် ထပ်မံရရှိ


ဆရာကြီးသည် အမျိုးသားစာပေဆု (ဘာသာပြန်-ရသ)ဆုကိုပင် ၂၀၀၆ ခုနှစ် တွင် ဒုတိယအကြိမ် ထပ်မံရရှိခဲ့ပါသည်။ ဆုရရှိသော စာအုပ်မှာ “ကံကြမ္မာအကျဉ်း သား”   စာအုပ်ဖြစ်ပြီး  မူရင်းဝတ္ထုမှာ K.A.ABBAS ရေးသားသည့် Mera Naam Joker စာအုပ်ဖြစ်သည်။ ဆင်းရဲသော မုဆိုးမ   မိခင်ကြီးက  ၁၅  နှစ်အရွယ် သားဖြစ်သူကို ပညာတတ်ဖြစ်စေလိုသော် လည်း ဖခင်အမွေကို ဆက်ခံကာ လူရွှင် တော်ဖြစ်လာသည့် ရာဂျူး၏ ဇာတ်လမ်း ဖြစ်သည်။      ဆပ်ကပ်လာကြည့်ရင်း သားဖြစ်သူ လူရွှင်တော်ဘဝ ရောက်နေ သည်ကိုတွေ့သော မိခင်မှာ နှလုံးရောဂါ ဖြင့် ပွဲခင်းထဲမှာပင် ကွယ်လွန်သွားသည်။ အချစ်ရေးတွင်လည်း   ရှုံးနိမ့်မှုများခဲ့ သည့်  အဓိကဇာတ်ဆောင် ရာဂျူးသည် ဘဝတက္ကသိုလ်ကျောင်းဆင်း  ပီသစွာ လောကဓံကို ကြံ့ကြံ့ခံနိုင်သည်။ ဘဝ၏ ဒုက္ခသုက္ခများကို     ကျော်ဖြတ်နေထိုင် နိုင်သည်။ လူရွှင်တော်ဘဝဖြင့် လူတွေ အား   ဘဝကြေးမုံပြင်ကို  မြင်အောင် ပြသနိုင်သူဖြစ်သည်။ အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက “ဤဝတ္ထု ကို ဖတ်ရှုခြင်းဖြင့် ဘဝ၏ ဒဿနကို ပိုမို သဘောပေါက်လာကြဖွယ်       ရှိသည်။ ကျစ်လျစ်စွာ မြန်မာဘာသာသို့ ပြန်ဆို ထားသည်” ဟု မှတ်ချက်ပြုခဲ့သည်။

 


(ဆက်လက်ဖော်ပြပါမည်)