ဆူပူအကြမ်းဖက်သူလူအုပ်စုများက လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများအသုံးပြု၍ အကြမ်းဖက်မှုလုပ်ရပ်များ လုပ်ဆောင်

 

နေပြည်တော်   မေ   ၂၈


အစွန်းရောက် အကြမ်းဖက်သမားများသည် အေးချမ်းစွာနေထိုင်သော ပြည်သူလူထုနှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက် နေသော   အုပ်ချုပ်ရေးတာဝန်ရှိသူများကို   ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များကို ငွေကြေးထောက်ပံ့ မှုများရယူကာ   အချို့နေရာများ၌  အများပြည်သူသွားလာနေသော လမ်းမကြီးများ၊  လမ်းများနှင့် ဌာနဆိုင်ရာရုံးများအား လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့်ဖောက်ခွဲပစ်ပေါက်တိုက်ခိုက်ခြင်းများ ပြုလုပ်လျက်ရှိသည်။ 

 


ထိုသို့ အကြမ်းဖက်လုပ်ရပ်များပြုလုပ်ခဲ့ရာ ယနေ့နံနက် ၆ နာရီခွဲ ခန့်တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့ မြို့မ(၄)ရပ်ကွက် မြဝတီ လမ်းရှိ မြို့နယ်ပညာရေးမှူးရုံးဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက  သွားရောက်စစ်ဆေးခဲ့ရာ မြို့နယ်ပညာရေးမှူးရုံးဝင်ပေါက်အနီးရှိ  ကားဂိုဒေါင်နှင့် ခြံစည်းရိုး အုတ်တံတိုင်းအကြား၌ အချိုရည်ဘူးခွံဖြင့် ပြုလုပ်ထားသည့် လက်လုပ် မိုင်းတစ်လုံး    ပေါက်ကွဲထားသည်ကို   တွေ့ရှိရပြီး  ပေါက်ကွဲမှုကြောင့် ခြံစည်းရိုးအုတ်တံတိုင်း အနည်းငယ်ကွဲအက်ကာ ကားဂိုဒေါင် အမိုးသွပ် တစ်ချပ် ပျက်စီးခဲ့ကြောင်းနှင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။ 

 


အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများ ကို ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်