စီးပွားဖြစ်ဝါးစိုက်ခင်းများ တည်ထောင်

 

မြန်မာနိုင်ငံသည် သဘာဝအလျောက်  ပေါက်ရောက်သည့် ဝါးတောများ ကျယ်ပြန့်များပြားစွာ ပိုင်ဆိုင်သည့်  နိုင်ငံဖြစ် သည်။ ကမ္ဘာနှင့်ချီ၍ ပြောရလျှင် တရုတ်၊ အိန္ဒိယတို့ပြီးလျှင် တတိယမြောက် အများဆုံးသော သဘာဝဝါးတောများကို ပိုင်ဆိုင်ထားသည်။ မြန်မာ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသော ကျေးလက်ဒေသနေ   ပြည်သူလူထု၏   လူနေမှုဘဝတွင် ဝါးသည် ကဏ္ဍများစွာ၌   ပါဝင်လျက်ရှိနေပြီး   မျှစ်နှင့်   ဝါး ထုတ်ယူမှုများကြောင့်  သဘာဝဝါးတောများ  လျင်မြန်စွာ ပြုန်းတီးလျက်ရှိနေသည်။

 


မြန်မာနိုင်ငံတွင် ဝါးမျိုးစု ၂၂ ခုနှင့် ဝါးမျိုးစိတ် ၁၀၀ ကျော် ပေါက်ရောက်သည်။ သဘာဝဝါးတောဧရိယာ ဧက ၁ ဒသမ ၇ သန်းကျော်ရှိနေပြီး လွန်ခဲ့သည့်နှစ်အနည်းငယ်မှစ၍ စီးပွား ဖြစ် ဝါးစိုက်ပျိုးလာကြသည်ဟု  သိရသည်။  ဝါးစိုက်ပျိုးခြင်း သည် ကုန်ကျစရိတ်နည်းခြင်း၊  ကယိကထ   မများခြင်းနှင့် ရေရှည်အကျိုးဖြစ်ထွန်းခြင်း စသည့်အားသာချက်များရှိသည် ဟုလည်း ဆိုကြသည်။   တရုတ်နိုင်ငံမှ   မူလဇာတိဖြစ်ပြီး တစ်နှစ်ပတ်လုံး မျှစ်ချိုထုတ်လုပ်နိုင်သည့် ဝါးမျိုးကို ထိုင်းနိုင်ငံ မှ တင်သွင်းစိုက်ပျိုးကြသည်ဟုလည်း သိရသည်။ မိမိတို့ နိုင်ငံတွင် သဘာဝဝါးတောများ ပေါများသည်မှန်သော်လည်း ထိန်းသိမ်းမှုကင်းမဲ့ခြင်း၊ စနစ်တကျထုတ်ယူမှုမရှိခြင်း၊ ဝါး တန်ဖိုးမြှင့် ထုတ်လုပ်မှုအတတ်ပညာ၊ နည်းပညာ အားနည်း ခြင်းတို့ကြောင့် စီးပွားဖြစ်ထွန်းမှုတွင်လည်း  နိမ့်ကျသည်။ ဝါးမှ လက်မှုအတတ်ပညာဖြင့်   ထုတ်လုပ်သည့်  ဆန်ကော၊ ဆန်ခါ၊  ခြင်း၊ တောင်းနှင့် အခြားလက်မှုပစ္စည်းများမှာလည်း အိမ်နီးချင်းနိုင်ငံများမှ   တင်သွင်းလာသည့်   ပလတ်စတစ် ပစ္စည်းများကို မယှဉ်နိုင်ဘဲ စျေးကွက်ပျောက်ခဲ့ရသည်မှာ ကြာပြီဖြစ်သည်။

 


စင်စစ်  ဝါးမှ  တန်ဖိုးမြင့်ထုတ်ကုန်များ  ထုတ်လုပ်ပြီး  စီးပွားဖြစ်ဝင်ငွေရှာဖွေနိုင်သည်။ အဆင့်မြင့် ဝါးကုန်ကြမ်းများ ရရှိနိုင်ရန်အတွက်မူ ရှိပြီးသဘာဝဝါးတောများကို စနစ်တကျ စီမံခန့်ခွဲခြင်း၊ ပြုစုထိန်းသိမ်းခြင်းနှင့်  ပြန်လည်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံစိုက်တောင်သူများအနေဖြင့်လည်း မြေအမျိုးအစား ကိုလိုက်၍ အခြားသီးပင် စားပင်များ၊ တွက်ခြေမကိုက်ပါက ဝါးစိုက်ပျိုးခြင်း၊ တစ်နိုင်တစ်ပိုင် ဝါးစိုက်ပျိုးခြင်းဖြင့် အရည် အသွေးကောင်းသည့် မျှစ်နှင့်ဝါးကုန်ကြမ်းများ ထုတ်လုပ် နိုင်ပြီး ယင်းမှတစ်ဆင့် တန်ဖိုးမြှင့်ကုန်ချောများကို ဆက်လက်  ထုတ်လုပ်နိုင်သည်။ ခေတ်မီအတတ်ပညာ၊ နည်းပညာနှင့် ထုတ်လုပ်သည့်ဝါးကုန်ချောအမျိုးမျိုးတို့၏ ပြည်ပစျေးကွက် များရှိနေရာ စီးပွားဖြစ်ဝါးစိုက်ခင်းများ တည်ထောင်လုပ်ကိုင် လာကြရေးနှင့် အဆင့်မြင့်ဝါးထုတ်ကုန်များ ထုတ်လုပ်နိုင်ရေး တို့အတွက်    ကြိုးပမ်းသွားကြရမည်ဖြစ်သည်။ သစ်တော နယ်မြေများတွင်   စီးပွားဖြစ်ဝါးစိုက်ခင်းများ  တည်ထောင် နိုင်ငံရေးအတွက် နိုင်ငံတော်က  ခွင့်ပြုအားပေးလျက်ရှိရာ အမှန်တကယ်စီးပွားဖြစ်   ဝါးစိုက်ပျိုးထုတ်လုပ်လိုသူများ အတွက် အခွင့်အလမ်းများရှိနေသည်။

 


ဝါးသည်  သဘာဝပတ်ဝန်းကျင်ကောင်းမွန်ရေးအတွက် လွန်စွာအကျိုးပြုနိုင်သည်။    အကျယ်အဝန်းပမာဏချင်း တူညီသော   ဝါးတောသည်   သစ်တောထက်   ကာဗွန်ကို ပိုမိုစုပ်ယူနိုင်ပြီး အောက်ဆီဂျင်ကို ပိုမိုထုတ်လုပ်ပေးနိုင်သည့် အတွက်လေထုသန့်စင်မှု  ပိုမိုကောင်းမွန်စေသည်။ ဝါးပင်၏ အမြစ်များက မြေဆီလွှာရေတိုက်စားမှုကို  ထိန်းသိမ်းပေးပြီး ဝါးပင်ရွက်ကြွေများက မြေဩဇာကြွယ်ဝစေသည်။ သဘာဝ ပတ်ဝန်းကျင် ပိုမိုကောင်းမွန်စေပြီး  စီးပွားလည်း  ဖြစ်ထွန်း နိုင်သည့်   ဝါးသည်   အလွယ်တကူပြုစုပျိုးထောင်နိုင်သည့် အပင်လည်းဖြစ်ရာ ယခုကဲ့သို့ သစ်ပင်စိုက်ပျိုးသောလရာသီ တွင်ဝါးပင်များကိုလည်း    တစ်နိုင်တစ်ပိုင်  တစ်အုပ်တစ်မမှ သည်   စီးပွားဖြစ်ဝါးစိုက်ခင်း၊    ဝါးတော၊   ဝါးဥယျာဉ်များ  တည်ထောင်လုပ်ကိုင်နိုင်ကြစေရေးအတွက်     အကျိုးမျှော် တိုက်တွန်းအပ်ပါကြောင်း။       ။