စီးပွားရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် UNGPs ကို မမေ့ကြစေချင်

Type

ဆောင်းပါး

=======

 

စီးပွားရေးလုပ်ငန်းများဆောင်ရွက်ကြရာတွင် UNGPs ကို မမေ့ကြစေချင်

=========================================

 

ဒေါက်တာခိုင်ခိုင်ဝင်း

 

တိုးတက်ပြောင်းလဲနေသော ယနေ့ကမ္ဘာလောကကြီးတွင် နိုင်ငံများသည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများကို အပြိုင်အဆိုင် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာနေကြပြီး စီမံကိန်းကြီး များ ဆောင်ရွက်ရန်အတွက် နိုင်ငံပိုင်ကုမ္ပဏီများ သို့မဟုတ် ဖက်စပ်ကုမ္ပဏီများနှင့် ပုဂ္ဂလိကကုမ္ပဏီများ ထံသို့ အပ်နှံဆောင်ရွက်ကြပါသည်။ ၎င်းစီမံကိန်းများ ကြောင့် ဒေသခံများ၏ မြေယာများ သိမ်းဆည်းခံရခြင်း ဖြင့် မြေပိုင်ဆိုင်မှုအခွင့်အရေးများ ဆုံးရှုံးနေရခြင်း၊ ကလေးလုပ်သားများအား ခိုင်းစေခြင်းဖြင့် ကလေးသူငယ် အခွင့်အရေးများဆုံးရှုံးနေရခြင်း၊ အန္တရာယ်ရှိ လုပ်ငန်း ခွင်များကြောင့် အလုပ်သမားများ အသက်ဆုံးရှုံး၍ အသက်ရှင်သန်ခွင့်ထိခိုက်နေခြင်း၊ အလုပ်သမားများ၏ ကျန်းမာရေးထိခိုက်နေပြီး ကျန်းမာရေးအခွင့်အရေးများ ဆုံးရှုံးနေရခြင်း၊ မိုင်းတွင်းများ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ စီမံကိန်းများကြောင့် သဘာဝပတ်ဝန်းကျင်ထိခိုက်စေပြီး လူသားများ၏ကျန်းမာရေး ထိခိုက်နေရခြင်းနှင့် အခြား သော ဆက်စပ်နေသည့် လူ့အခွင့်အရေးများ ချိုးဖောက် ခံနေရခြင်းများသည် ယနေ့ ကမ္ဘာ့နိုင်ငံအများအပြား အထူးသဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ တွေ့ကြုံနေရသော စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး ဆက်စပ် နေမှုအခြေအနေ၊ ပြဿနာများ ဖြစ်ပါသည်။

 

ယနေ့ ၂၁ ရာစုတွင် နိုင်ငံဖြတ်ကျော် စီးပွားရေး ပူးပေါင်းဆောင်ရွက်လာမှုများနှင့်အတူ တစ်ဖက်ကလည်း လူ့အခွင့်အရေးစံနှုန်း၊ အသိပညာများ မြင့်မားလာနေပြီး အပြည်ပြည်ဆိုင်ရာက လူ့အခွင့်အရေးကို အလေးထား လာသည့်ကာလလည်းဖြစ်ပါသည်။ ယင်းသို့ စီးပွားရေး လုပ်ငန်းများကြောင့် လူ့အခွင့်အရေး ချိုးဖောက်ခံရခြင်း များ မဖြစ်ပေါ်စေရန် လူမှုအဖွဲ့အစည်းများ၊ လူ့အခွင့် အရေး လှုပ်ရှားဆောင်ရွက်သူများက နိုင်ငံအစိုးရများနှင့် စီးပွားရေးလုပ်ငန်းရှင်များသို့ အင်တိုက်အားတိုက် တောင်းဆိုလာနေကြပါသည်။ ယခု ဆောင်းပါးကို စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ၊ စီးပွားရေးအသင်းအဖွဲ့များနှင့် စီးပွားရေးလုပ်ငန်းများဆောင်ရွက်ရန် ရည်ရွယ်ထားသူများအနေဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်သည့်နေရာတွင် စီးပွားရေးနှင့်လူ့အခွင့်အရေး ဆက်နွှယ်နေမှုများနှင့် ကုလသမဂ္ဂက အတည်ပြုပြဋ္ဌာန်းခဲ့သော ကုလသမဂ္ဂ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်မှုအခြေခံ မူများကို နားလည်သဘောပေါက်စေရန် ရည်ရွယ်လျက် ရေးသားပါသည်။

 

UN Global Compact ကို ဖွဲ့စည်းတည်ထောင်

 

၁၉၇၀ ပြည့်နှစ်များတွင် စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေး ဆက်စပ်နေမှုများကို ကမ္ဘာကြီးက စတင်သတိပြုမိခဲ့ကြပါသည်။ သို့သော်လည်း စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးတို့အတွက် သီးသန့် ချမှတ်ထားသော မူဝါဒများ၊ ကြေညာချက်များ မထွက် ပေါ်လာနိုင်ခဲ့ဘဲ ၂၀၀၀ ပြည့်နှစ်တွင်မှ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်သည့်အခါ လူ့အခွင့်အရေးစံနှုန်း များနှင့်အညီ ဆောင်ရွက်နိုင်ရန်အတွက် လူ့အခွင့်အရေး သဘောတရား ကိုးခုပါဝင်သည့် UN Global Compact ကို ဖွဲ့စည်းတည်ထောင်နိုင်ခဲ့ပါသည်။ (၁)အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်ရေး ကြေညာချက်များအား လေးစားမှုရှိရန်နှင့် အထောက် အပံ့ပေးရန်၊ (၂) လူ့အခွင့်အရေး အလွဲသုံးစားပြုမှုများ မပြုလုပ်ရန်၊ (၃) လွတ်လပ်သောအဖွဲ့အစည်းဖွဲ့စည်းခြင်း နှင့် အလုပ်သမားနှင့်အလုပ်ရှင် ဆွေးနွေးညှိနှိုင်းမှု အခွင့်အရေးကို အသိအမှတ်ပြုရန်၊ (၄) အလုပ်သမား များအား အမြဲမပြတ်နှင့် အတင်းအကျပ်ခိုင်းစေခြင်း မပြုလုပ်ရန်၊ (၅) ကလေးလုပ်သားများအားခိုင်းစေခြင်း မပြုရန်၊ (၆) အလုပ်ခန့်အပ်ခြင်းတွင် ခွဲခြားမှုများမပြု လုပ်ရန်၊ (၇) ပတ်ဝန်းကျင် စိန်ခေါ်မှုများအတွက် ကြိုတင် ကာကွယ်မှုနည်းလမ်းများဖြင့် ချဉ်းကပ်ရန်၊ (၈) သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ တာဝန်ယူမှုများရှိလာရေးကို မြှင့်တင်ရန်၊ (၉) သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်သည့်နည်းပညာများ တိုးတက်လာရေးနှင့် နည်းပညာ ပြန့်ပွားရေးကိုအားပေးရန် စသည့်အချက်များဖြစ်ပါ သည်။ ၂၀၀၄ ခုနှစ်တွင် နောက်ဆုံးအချက် ၁၀ အဖြစ် လာဘ်ပေးလာဘ်ယူတိုက်ဖျက်ရေးကို ထည့်သွင်းခဲ့ပါ သည်။

 

ကမ္ဘာ့ပထမဆုံး အဖွဲ့အစည်း

 

ယနေ့အချိန်တွင် နိုင်ငံပေါင်းများစွာရှိ ထောင်ပေါင်း များစွာသော ကုမ္ပဏီများသည် UN Global Compact တွင် ပါဝင်လာနေကြပြီး အထက်ဖော်ပြပါ အချက် ၁၀ ချက် နှင့်ကိုက်ညီမှုရှိသည့် အစီရင်ခံစာများကို လူသိရှင်ကြားတင်ပြနေကြပြီဖြစ်သည်။ UN Global Compact သည် စီးပွားရေးလုပ်ငန်းများလုပ်ရာတွင် လူ့အခွင့်အရေးကို ထည့်သွင်းစဉ်းစား၍ ဖွဲ့စည်းခဲ့သည့် ကမ္ဘာ့ပထမဆုံး အဖွဲ့ အစည်းဟု ဆိုနိုင်ပါသည်။

 

၂၀၀၅ ခုနှစ်တွင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ကိုဖီအာနန်က စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့် အရေးအကြောင်းအချက်အလက်များ ပြုစုရေးသား နိုင်ရန်အတွက် ဟားဗတ်တက္ကသိုလ်မှ Professor John Ruggie အား UN Special Representative အဖြစ်စတင် တာဝန်ပေးအပ်ခဲ့ပါသည်။ Professor John Ruggie သည် ကျွမ်းကျင်သူပညာရှင်များ၊ ကမ္ဘာ့နိုင်ငံများမှ ကိုယ်စားလှယ် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ်ဆွေးနွေးခြင်း၊ သုတေသနများကို ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်ခဲ့ခြင်းတို့ကို ခြောက်နှစ်ကြာ ကြိုးပမ်း ဆောင်ရွက်ခဲ့ပြီး ၂၀၁၁ ခုနှစ် မတ်လတွင် ကုလသမဂ္ဂ စီးပွားရေးနှင့်လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business & Human Rights-UNGPs)ကို ချမှတ်နိုင်ခဲ့ပါသည်။ UNGPs ဆိုသည်မှာ စီးပွားရေးလုပ်ငန်းများနှင့် ဆက်နွှယ်ပြီး ဖြစ်ပေါ် လာသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ် ပေးရန်နှင့် ကုစားပေးရန် ချမှတ်ထားသော ကမ္ဘာအနှံ့ တွင်ကျင့်သုံးရမည့် လမ်းညွှန်အခြေခံမူများ ဖြစ်ပါ သည်။

 

UNGPs

 

အဆိုပါ UNGPs ကို ၂၀၁၁ခုနှစ် ဇွန်လ ၁၆ ရက်နေ့ တွင် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်ချက် အမှတ် ၁၇/၄ ဖြင့် အတည်ပြုခဲ့ကြပါသည်။ UNGPs ကို Ruggie Principles ဟုလည်း ခေါ်ဝေါ်ကြပြီး စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးများအကြောင်း လေ့လာသူ များအနေဖြင့် သိရှိလေ့လာထားသင့်သည့် လမ်းညွှန် အခြေခံမူများဖြစ်ပါသည်။ UNGPs ကိုရေးဆွဲရသည့် အဓိက ရည်ရွယ်ချက်သည် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင် လူ့အခွင့်အရေးကို လေးစားရန်ပင် ဖြစ်ပါသည်။

 

UNGPs ပေါ်ထွက်လာခြင်းသည် စီးပွားရေးလုပ်ငန်း များကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းများ မဖြစ်ပေါ်ရေး ကျင့်သုံးရ မည့် အခြေခံမူများဖြစ်သည့်အတွက် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်မည့်သူနှင့် ဆောင်ရွက်ခွင့်ပေးထားသူတို့ လိုက်နာကျင့်သုံးရမည့် အခြေခံမူများဟုလည်း ခေါ်ဆိုနိုင်ပါ သည်။ UNGPs ပါ အခြေခံမူများကို စီးပွားရေးလုပ်ငန်း လုပ်ကိုင်သူတို့၏လုပ်ငန်းဖွဲ့စည်းပုံ၊ လုပ်ငန်းအရွယ်အစား၊ နေရာ၊ လုပ်ငန်းကဏ္ဍ၊ ပိုင်ဆိုင်သူတို့နှင့် မသက်ဆိုင်စေဘဲ နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများအားလုံး (နိုင်ငံပိုင် သို့မဟုတ် ပုဂ္ဂလိကပိုင်)က ကျင့်သုံးဆောင်ရွက် ရမည် ဖြစ်ပါသည်။

 

ပြန်လည်မွမ်းမံ

 

UNGPs ကို ပြဋ္ဌာန်းခဲ့သည့် ၂၀၁၁ခုနှစ်မှာပင် Organization for Economic Co-operation Development- OECD သည် ၎င်းတို့၏ Guidelines on multinational enterprises တွင် UNGPs ကို ကိုးကားပြီး လူ့အခွင့်အရေးကဏ္ဍ အခန်းတစ်ခန်းကို တိုးချဲ့ပြီး guidelines ကို ပြန်လည် မွမ်းမံခဲ့ပါသည်။

 

UNGPs တွင်အခြေခံမူ စုစုပေါင်း ၃၁ ချက်ပါဝင်ပြီး အပြန်အလှန်ဆက်စပ်မှီခိုမှုပြုနေကြသည့် အဓိက ကဏ္ဍ သုံးခုဖြစ်သည့် (၁) အစိုးရ၏ လူ့အခွင့်အရေးကို ကာကွယ် ရန် တာဝန် (The State Duty to Protect Human Rights)၊ (၂) လုပ်ငန်းအသင်းအဖွဲ့များ၏ လူ့အခွင့်အရေးကို လေးစား ရန်တာဝန်(The Corporate Responsibility to Respect Human Rights)၊ (၃) နစ်နာသူများအား ကုစားပေးရန် (Access to Remedy) တို့ကို ရှင်းလင်းတင်ပြထားပါ သည်။

 

UNGPs ကို အကောင်အထည်ဖော်ဆောင်ရွက်ရန် အတွက် နိုင်ငံများမှ အမျိုးသားအဆင့် အကောင်အထည် ဖော်ဆောင်ရွက်ရမည့်စီမံကိန်း(National Action Plan)ကို ရေးဆွဲရမည်ဖြစ်ပါသည်။ UNGPs ကို ကုလသမဂ္ဂတွင် အတည်ပြုခဲ့စဉ်က ကမ္ဘာ့နိုင်ငံများက တစ်ခဲနက် ထောက်ခံခဲ့ ကြသော်လည်း အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်ရေးအတွက် အမျိုးသားအဆင့်စီမံကိန်း (National Action Plan) ရေးဆွဲရေးတွင်မူ နှောင့်နှေး ကြန့်ကြာမှုများ ရှိနေကြောင်း တွေ့ရှိရပါသည်။

 

ကုလသမဂ္ဂမှ UNGPs အတွက် လွတ်လပ်သည့် ကျွမ်းကျင်သူ ငါးဦးပါ UN Working Group ကို UNGPs စတင်အတည်ပြုပြဋ္ဌာန်းခဲ့သည့် ၂၀၁၁ခုနှစ်မှာပင် ဖွဲ့စည်း ပေးခဲ့ပြီး အဓိကတာဝန်မှာ UNGPs အကြောင်း ကမ္ဘာ့ နိုင်ငံများက ပိုမိုသိရှိနားလည်ရန်နှင့် အကောင်အထည်ဖော် ဆောင်ရွက်ရန်တို့ဖြစ်ပြီး ၎င်းအဖွဲ့၏ လုပ်ပိုင်ခွင့်များကို လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ၁၇/၄ တွင် ဖော်ပြထားပါသည်။ UN လုပ်ငန်းအဖွဲ့၏ လေ့လာဆန်းစစ် ချက်အရ အမျိုးသားအဆင့်စီမံကိန်း(National Action Plan) ကို နိုင်ငံများတွင် စတင်ရေးဆွဲရာ ၎င်းနိုင်ငံများ တွင် ဖြစ်ပေါ်နေသော အခြေအနေအထောက်အထားများ ကို အခြေခံလေ့လာပြီး ပြုစုထားသည့် စီးပွားရေးလုပ်ငန်း များနှင့် လူ့အခွင့်အရေးမူဘောင်နှင့် ပတ်သက်ဆက်နွှယ် နေသော ကွာဟချက်များမှ စတင်သင့်ကြောင်း ဆိုထား ပါသည်။

 

နိဂုံးချုပ်အားဖြင့်ဆိုရလျှင် လွန်ခဲ့သည့် ဆယ်စုနှစ် များစွာကတည်းက ဖြစ်တည်လာခဲ့သော စီးပွားရေး လုပ်ငန်းများနှင့် လူ့အခွင့်အရေးဆက်နွှယ်မှုတို့၏ ပြောင်းလဲတိုးတက်မှုဖြစ်စဉ်များအနက် ၂၀၁၁ခုနှစ်တွင် ထွက်ပေါ်လာခဲ့သော ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ (UN Guiding Principles on Business and Human Rights) သည် တိုးတက်မှုဖြစ်စဉ် အမြင့်ဆုံးအကျိုးရလဒ် ဖြစ်ပါသည်။ သို့သော်လည်း လမ်းညွှန်ချက်များကို လေးစားလိုက်နာပြီး အကောင်အထည်ဖော် ဆောင်ရွက်မှုတွင် တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့်ကြည့်ပါက အားနည်းမှုများရှိနေသည့် အတွက်ကြောင့် လူ့အခွင့်အရေးကို အမှန်တကယ် လေးစားလိုက်နာသည့် နိုင်ငံအစိုးရတိုင်းသည် စီးပွား ရေးလုပ်ငန်းများတွင် လူအခွင့်အရေး ထိပါးခြင်းများ မရှိစေရေးအတွက် ကုလသမဂ္ဂစီးပွားရေးနှင့် လူ့အခွင့် အရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများနှင့် လိုက်လျောညီ ထွေမှုရှိသည့် မူဝါဒ၊ ဥပဒေများ ချမှတ်ပေးရန် လိုအပ်ပါ သည်။ စီးပွားရေးလုပ်ငန်းဆောင်ရွက်သူများကလည်း စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ စီးပွား ရေးလုပ်ငန်းများကြောင့် လူ့အခွင့်အရေးထိပါးခံရ ခြင်းများ မရှိစေရေး အလေးထားဆောင်ရွက်ရမည် ဖြစ်ပါသည်။ အရေးအကြီးဆုံးမှာ ပွင့်လင်းမြင်သာမှုနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးသည် အစိုးရနှင့် ပြည်သူ အကြား တည်ရှိနေပြီး စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် လာဘ်ပေးလာဘ်ယူမှုကင်းစင်ရေး ဆောင်ရွက်ရမည် ဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင် ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် အခြေခံလူ့အခွင့် အရေးများဖြစ်သည့် ခွဲခြားဆက်ဆံမှုမပြုခြင်း၊ လွတ်လပ် ခွင့်နှင့် တရားမျှတခြင်းတို့ကို လေးစားလိုက်နာရန် လိုအပ် ပါကြောင်း ရေးသားလိုက်ရပေသည်။ ။

 

ကိုးကားစာရင်း-

1. http://www.unglobalcompact.org/

2. J.Ruggie, Just Business, Norton Company, New York 2013

3. OECD, Guidelines for multinational enterprises, 2011 ed.

4. Guiding Principles on Business and Human Rights: Implementing the United Nations “ Protect, Respect and Remedy Framework”