စီးပွားရေးလုပ်ငန်းများ၏လူမှုအကျိုးပြုလုပ်ငန်း အကောင်အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရန် တိုက်တွန်းကြောင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်

Image not available
 
 
နေပြည်တော် ဖေဖော်ဝါရီ ၇
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေးပဉ္စမ နေ့ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်း အဝေးခန်းမ၌ ကျင်းပသည်။
 
အစည်းအဝေးတွင် စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်က မကွေး တိုင်းဒေသကြီး အောင်လံမဲဆန္ဒနယ်မှ ဦးအောင်ထူးမြင့် ကွယ်လွန်အနိစ္စရောက် ခဲ့ခြင်းအတွက် ဝမ်းနည်းကြောင်း အဆိုတင်သွင်းရာတွင် ဦးအောင်ထူးမြင့် သည် လွှတ်တော်တာဝန်၊ မဲဆန္ဒနယ်မြေတာဝန်၊ တိုင်းပြည်တာဝန်များကို ထမ်းဆောင်ခြင်းဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၆ ရက် ညနေ ၃ နာရီ ၅၂ မိနစ် တွင် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့ပါကြောင်း၊ ဦးအောင်ထူးမြင့်သည် နိုင်ငံတကာဆက်ဆံရေးကော်မတီတာဝန်များကိုလည်း ထမ်းဆောင်ခဲ့ပါကြောင်း၊ ထို့ကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားကွယ်လွန်ခဲ့သည့် ဦးအောင်ထူးမြင့်နှင့် တကွ ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းကြောင်းအဆို တင်သွင်းအပ်ပါ ကြောင်း ပြောကြားသည်။
 
ယင်းနောက် အောင်လံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ထူးမြင့် ကွယ်လွန်ခဲ့သည့်အတွက် အစည်းအဝေးခန်းမအတွင်းရှိ ပုဂ္ဂိုလ် များအားလုံး မတ်တတ်ရပ်၍ ၁ မိနစ်ခန့် ငြိမ်သက်ကာ ဝမ်းနည်းကြောင်းအထိမ်း အမှတ်ပြုလုပ်ကြသည်။
 
ဦးအောင်ထူးမြင့် ကွယ်လွန်အနိစ္စရောက်ခြင်းအတွက်
ဝမ်းနည်းကြောင်းအဆိုကို မှတ်တမ်းတင်
 
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က ဦးအောင်ထူးမြင့် ကွယ်လွန်ခဲ့သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၏ တစ်ရက်စာနေ့တွက် စရိတ်ဖြစ်သော ငွေကျပ် ၈၆ သိန်း ၂ သောင်းကို ကျန်ရစ်သူမိသားစုများထံ ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ဦးအောင်ထူးမြင့် ကွယ်လွန်အနိစ္စရောက်ခြင်း အတွက် ဝမ်းနည်းကြောင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာသည်။
 
ယင်းနောက် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ) ဇေယျာသော် ၏ ယာဉ်ပိုင်ရှင် အမည်ပြောင်းလဲရာတွင် အခွန်ရာဖြတ်ဌာနမှ ယာဉ်တန်ဖိုးများ ကို မည်ကဲ့သို့သတ်မှတ်ပြီး ကာလပေါက်ဈေးနှင့် ကွာခြားလျက်ရှိသည့် မော်တော်ယာဉ်ဈေးနှုန်းများကို မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ်ညှိနှိုင်းကာ ပြင်ဆင်သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အမည်ပြောင်းဆောင်ရွက်ရာတွင် ပြောင်းလဲခငွေကျပ် ၅၀၀၀ သာ ကောက်ခံ ပြီး ယာဉ်မှတ်ပုံတင်စာအုပ် (ကမ-၃)၊ သက်သေခံလက်မှတ်(အဝိုင်း)၊ နိုင်ငံသား စိစစ်ရေးကတ်မူရင်း၊ အရောင်းအဝယ်စာချုပ်နှင့် ပြည်တွင်းအခွန်ပုံစံ(၁)များ စိစစ်ပြီး ပြည်တွင်းအခွန်များဦးစီးဌာနက ဝယ်ယူခွန် အခွန်ပုံစံ (၁)တွင် ပါရှိသည့် အမည်၊ နေရပ်လိပ်စာအတိုင်း မှတ်တမ်းတင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ထော်လာဂျီနှင့် ရေယာဉ်တန်ဖိုးစံနှုန်း များ သတ်မှတ်ရာတွင် မော်တော်ယာဉ်ရောင်းဝယ်ရေးအသင်းများနှင့် ပေါင်းစပ် ညှိနှိုင်း၍ ပိုမိုနီးစပ်မှုရှိပြီး မျှတမှုလည်းရှိနိုင်မည့် စံနှုန်းများကို သတ်မှတ်ပေး ရန် အစီအစဉ်ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
ကောလင်းမဲဆန္ဒနယ်မှ ဦးမျိုးဇော်အောင်၏ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေကိုကျပ်သိန်း ၁၀၀၀ မှ ကျပ်သိန်း ၂၀၀၀ သို့မဟုတ် အခြားပမာဏ တစ်ခုသို့ တိုးမြှင့်သုံးစွဲခွင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေဥပဒေပုဒ်မ၄၊ ပုဒ်မ၅၊ ပုဒ်မ၇(က)(ခ)(ဃ)တို့တွင် ပြဋ္ဌာန်းချက်များအရ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ မူဝါဒချမှတ်မှု များနှင့် ဖွံ့ဖြိုးရေးရန်ပုံငွေကို နှစ်စဉ်လျာထားသတ်မှတ်၍ ပြည်ထောင်စုဘဏ္ဍာ ငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲနိုင်ရန်နှင့် ဘဏ္ဍာရေး ကော်မရှင်နှင့် ညှိနှိုင်းဆောင်ရွက်မှုများကို ဗဟိုကော်မတီက ဆောင်ရွက်နိုင် သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ သို့ပါ၍ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေသည် ဥပဒေနှင့်အညီ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
မယ်စဲ့မဲဆန္ဒနယ်မှ ဦးသန်းလင်းလင်း၏ မယ်စဲ့မြို့နယ်ရှိ ကျေးရွာအသီးသီး တွင် လိုအပ်နေသော ဘောလုံးကွင်း၊ ဘော်လီဘောကွင်း၊ ဖူဆယ်ကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းတို့ကို ဖော်ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်က ကယားပြည်နယ်တွင် မယ်စဲ့မြို့ အပါအဝင် မြို့နယ်ပေါင်း ခုနစ် မြို့နယ်ရှိပြီး ကျေးရွာအုပ်စု ၇၄ အုပ်စုနှင့် ကျေးရွာပေါင်း ၅၁၇ ရွာ ရှိပါကြောင်း၊ ၂၀၁၄-၂၀၁၅ ခုနှစ်မှစ၍ နှစ်စဉ် မြို့နယ်ဘဏ္ဍာရန်ပုံငွေ ခွဲဝေချထားပေးခဲ့ပါ ကြောင်း၊ ဘဏ္ဍာငွေခွဲဝေချထားမှုအရ တစ်ဘီလီယံခန့်သာ ရရှိကြသည့်အတွက် မြို့နယ်များအလိုက် မြို့နယ်ဘောလုံးကွင်းများ၊ အားကစားရုံများနှင့် ဝန်ထမ်း နေအိမ်များကို ဦးစားပေးအလိုက် ဘဏ္ဍာငွေများ ခွဲဝေဆောင်ရွက်ပေးနေရ သောကြောင့် မယ်စဲ့မြို့နယ်၏ ကျေးရွာများအားလုံးတွင် ဘောလုံးကွင်း၊ ဖူဆယ် ကွင်း၊ ဘော်လီဘောကွင်းနှင့် ပိုက်ကျော်ခြင်းကွင်းများကို ဆောင်ရွက်ပေးရန် အတွက် ဘဏ္ဍာငွေအနေအထားအရ လောလောဆယ်တွင် အစီအစဉ် မရှိသေး ပါကြောင်း၊ ကယားပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်ကို ရှင်းလင်းတင်ပြ လိုပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်၏ တင်ပြချက် အား လာမည့်ဘဏ္ဍာနှစ်များတွင် ပိုမိုစဉ်းစားဆောင်ရွက်ပေးသွားမည်ဖြစ်ပါ ကြောင်း ရှင်းလင်းဖြေကြားသည်။
 
သာရဝေါတိုက်နယ်ဆေးရုံတွင် လေးခန်းတွဲတစ်ထပ်
ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်း
၂၅ ရာခိုင်နှုန်းပြီးစီး
 
လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ လက်ပံတန်းမြို့နယ်ရှိ သာရဝေါ တိုက်နယ်ဆေးရုံအား စံကိုက်ဆေးရုံအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ကုသရေးဦးစီး ဌာနသည် လက်ပံတန်းမြို့နယ် သာရဝေါတိုက်နယ်ဆေးရုံတွင် လေးခန်းတွဲ တစ်ထပ် ဝန်ထမ်းအိမ်ရာတစ်လုံး ဆောက်လုပ်ခြင်းလုပ်ငန်းအား ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ လုပ်ငန်းတစ်ခုလုံး၏ ၂၅ ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ပါကြောင်း၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ခွဲစိတ်ခန်းပါ တိုးချဲ့တစ်ထပ် အဆောက်အဦအတွက် ရန်ပုံငွေကျပ်သန်း ၉၂ ဒသမ ၉၇ ပါရှိပြီး ယခုအခါ တင်ဒါခေါ်ယူဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ပြည်သူ့ဝန်ဆောင်မှု စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ရေး အခြေအနေများအရ ဖြည့်ဆည်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ရှင်းလင်းဖြေကြားသည်။
 
ဆက်လက်၍ ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာစံရွှေဝင်း၏ နိုင်ငံတွင်းမှ ပဋိဇီ၀ဆေးယဉ်ပါးမှု Antimicrobial Resistance (AMR) မဖြစ်အောင် မည်သို့ ဆောင်ရွက်ထားရှိကြောင်း သိလိုခြင်း မေးခွန်း၊ သံတောင်ကြီးမဲဆန္ဒနယ်မှ ဦးစောဗစ်တာခလိုက်၏ သံတောင်မြို့ ပြည်သူ့ဆေးရုံမှ ဓာတ်မှန်စက်နှင့် အခြား စက်ပစ္စည်းများ အသုံးပြုနိုင်ရန် ၁၁/၀ ဒသမ ၄ ကေဗွီ၊ ၁၀၀ ကေဗွီ X’ mer ထရန်စဖော်မာတစ်လုံး တပ်ဆင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း နှင့် မိုင်းရယ်မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ မိုင်းရယ်မြို့နယ် မန်မုံတိုက်နယ် ဆေးရုံအသစ် တည်ဆောက်ပြီးဖြစ်သဖြင့် လိုအပ်သော ဆရာဝန်၊ ကျန်းမာရေး ဝန်ထမ်းများ၊ ပရိဘောဂများနှင့် ဆေးရုံသုံးပစ္စည်းများအား ဖြည့်ဆည်းပေးကာ မည်သည့်ကာလတွင် စတင်ဖွင့်လှစ်ဆောင်ရွက်သွားမည်ကို သိလိုခြင်းမေးခွန်း တို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ရှင်းလင်းဖြေကြား သည်။
 
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင် ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေကြမ်းကို လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးတင်ပြပြီး ဥပဒေကြမ်းကော်မတီဝင် ဦးစိုင်းထွန်းအေးက အစီရင်ခံစာ ဖတ်ကြားတင်သွင်းသည်။
 
ယင်းနောက် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးက စီးပွားရေး လုပ်ငန်းများ၏ လူမှုအကျိုးပြုလုပ်ငန်း (CSR) အကောင်အထည်ဖော်ရာတွင် တိကျသည့်မူဝါဒချမှတ်ပြီး ဒေသခံပြည်သူပါဝင်နိုင်သော နည်းလမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန်အတွက် စီစဉ်ညွှန်ကြားပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်းအဆိုကို တင်သွင်းရာတွင် CSR စီမံ ချက်ကြောင့် ဝန်ထမ်းများတွင် အဖွဲ့အစည်းစိတ်ဓာတ်တိုးလာပြီး တစ်ဦးနှင့် တစ်ဦးကြား စည်းနှောင်မှုအားကောင်းလာပြီး ကောင်းမွန်သော ဆက်ဆံရေး ထူထောင်နိုင်မည့်အပြင် ဝန်ထမ်းများ ပိုမိုပေါင်းစပ်လာပြီး စိတ်ကျေနပ်မှုကို ပိုမိုတိုးမြှင့်စေနိုင်မည်ဖြစ်ပါကြောင်း၊ CSR အစီအစဉ်များကြောင့် ရပ်ရွာလူထု များအတွက် ပိုမိုကောင်းမွန်သည့် အခမ်းအနားများ ကျင်းပခြင်းဖြင့် ပါရမီရှိပြီး အဖိုးတန်သည့် ဝန်ထမ်းများနှင့် ရင်းနှီးမြှုပ်နှံသူများကိုလည်း ဆွဲဆောင်နိုင်မည် ဖြစ်ပါကြောင်း။
 
CSR လုပ်ငန်းများ အကောင်အထည်ဖော်ရန်အတွက် မူဝါဒများချမှတ် ရန် အရေးတကြီး လိုအပ်နေပါကြောင်း၊ နိုင်ငံတော်ပိုင်လုပ်ငန်းများ၊ လွှတ်တော် နှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများတွင် တာဝန်ယူမှုရှိသည့် ရင်းနှီးမြှုပ်နှံမှုအား မည်သို့မြှင့်တင်ရန်နှင့် အကျိုးစီးပွားမျှဝေမှုကို မည်သို့ဖော်ဆောင်မည်ဆိုသည် ကို အမျိုးသားအဆင့်ဆွေးနွေးပွဲများနှင့် တိုင်ပင်နှီးနှောဖလှယ်ပွဲများ ပြုလုပ် ပေးသင့်ပါကြောင်း၊ မူဝါဒများအကောင်အထည်ဖော်ရာတွင် ဒေသခံပြည်သူ များပါဝင်နိုင်သည့် နည်းလမ်းများဖြင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊။
 
ထို့ပြင် ကုမ္ပဏီများ၏ CSRမူဝါဒအသေးစိတ်အချက်အလက်များ ဖော်ပြ ပါဝင်သည့် နှစ်စဉ် CSR အစီရင်ခံစာပြုစုရန်နှင့် ယင်းအချက်အလက်များကို ကုမ္ပဏီ၏ Website တွင် ဖော်ပြထားရန်လည်း လိုအပ်ပါကြောင်း၊ CSR လုပ်ငန်း များတွင် ကတိကဝတ်ပေးထားသည့် နှုန်းထားများအတိုင်း သုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးကြပ်မတ်ပေးရန်နှင့် ကတိကဝတ်ပေးထားသည့် နှုန်းထားအတိုင်း သုံးစွဲရန် ပျက်ကွက်ပါက အကြောင်းအရင်းကိုလည်း ဖော်ပြထားပေးရန် လိုအပ် ပါကြောင်း၊ ထို့ကြောင့် တာဝန်ယူမှုရှိသည့် စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းများ ဖြစ်ပေါ်စေရန်အတွက် မူဝါဒများ ခိုင်ခိုင်မာမာ ချမှတ်ပေး ရန် တင်သွင်းရခြင်းဖြစ်ပါကြောင်း ရှင်းလင်းတင်ပြသည်။
 
ယင်းနောက် သန်လျင်မဲဆန္ဒနယ်မှ ဦးလွင်ကိုလတ်က အဆိုအား ထောက်ခံ ဆွေးနွေးသည်။
 
ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုအား လက်ခံဆွေးနွေး ရန် သင့်၊ မသင့် လွှတ်တော်၏ဆန္ဒရယူရာ သဘောတူသဖြင့် လက်ခံဆွေးနွေး ရန် ဆုံးဖြတ်ကြောင်း ကြေညာသည်။
 
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်က အဆိုနှင့်စပ်လျဉ်း ၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်ယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၅)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ဖေဖော်ဝါရီ ၁၁ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
 
အေးအေးသန့်(သတင်းစဉ်)