
နေပြည်တော် ဇွန် ၂၆
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၂၀၂၄ ခုနှစ်၊ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် ၈နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မူပိုင်ခွင့် ဦးစီး ဌာနရုံးအနီးရှိ မြေကွက်လပ်၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဌာနဆိုင်ရာ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက သဘာဝပတ်ဝန်းကျင်နှင့် ဂေဟ စနစ်ထိန်းသိမ်းရန်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ လေထုကို သန့်စင်ပေးနိုင်ရန်၊ မြေဆီလွှာ တိုက်စားမှုကို ကာကွယ်နိုင်ရန်၊ စားရေရိက္ခာဖန်တီးပေးရန်နှင့် ရာသီ ဥတုကောင်းမွန်စေရန် ရည်ရွယ်၍ သစ်ပင်များ စိုက်ပျိုးခြင်းဖြစ် ကြောင်း၊ သစ်ပင်များကို ရှင်သန် ဖွံ့ဖြိုးလာအောင် စိုက်ပျိုးပြုစု ပျိုးထောင်ပေးခြင်းဖြင့် ပတ်ဝန်း ကျင်ဆိုင်ရာ ဂေဟစနစ် ပိုမို အားကောင်းလာပြီး ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်သာယာလှပလာ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးက သတ်မှတ်နေရာ၌ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးပြီး ဒုတိယ ဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ပြည်ထောင်စု ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ အရာထမ်း၊ အမှုထမ်းများက အမျိုးသားရေး လှုပ်ရှားမှုအသွင်ဖြင့် သတ်မှတ်နေရာများ၌ ရတနာ တန်းဝင်ကျွန်းပင်နှင့် ပျဉ်းကတိုး ပင်များ စုပေါင်းစိုက်ပျိုးနေမှုကို လှည့်လည်ကြည့်ရှုအားပေးသည်။
စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေ ဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၃၁၃ ပင် နှင့် ပျဉ်းကတိုးပင် ၃၀၀၊ ပတ္တမြား ငမောက်ပင် ၈၀၀၊ စိန်တလုံး သရက် ၃၂၅ ပင်နှင့် ဝါးပိုးဝါး ၁၀၀ အပါအဝင် ပျိုးပင်စုစုပေါင်း ၂၀၉၈ ပင်တို့ကိုစိုက်ပျိုးခဲ့ပြီး ယခင်နှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတွင် စိုက်ပျိုးပြီးသော စိန်တလုံး သရက်ပင် ၁၁၀၀၀၊ ပတ္တမြား ငမောက်သရက်ပင် ၇၀၀၊ ရတနာ တန်းဝင်ကျွန်းပင် ၂၁၀၀၊ ပျဉ်းကတိုး ပင် ၄၀၀၊ မဟော်ဂနီပင် ၁၅၀၊ မန်ဂျန်ရှားပင် ၁၅၀ နှင့် ဝါးပိုးဝါး ၁၀၀၀ တို့မှာ အောင်မြင်ဖြစ်ထွန်း လျက်ရှိသည်။
ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရုံးအမှတ်(၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပ သည့် ကုန်သွယ်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဇာနည်တင်က Implemen-tation of Article 66.2 of the WTO TRIPS Agreement ခေါင်းစဉ် ဖြင့် ဆွေးနွေးသော စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်သည်။
ဆွေးနွေးပွဲတွင် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့ဝင် ဖွံ့ဖြိုးပြီးနိုင်ငံများမှ ပေးအပ်သော ကင်းလွတ်ခွင့်များ၊ ကုန်သွယ်မှုဆိုင်ရာ အကျိုးခံစားခွင့် များနှင့်စပ်လျဉ်းပြီး တင်ပြ ဆွေးနွေးရာ ပြည်ထောင်စုဝန်ကြီး က ကုန်သွယ်မှုဆောင်ရွက်ရာတွင် သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက် ရန်နှင့် ပို့ကုန်မြှင့်တင်ရေးကို အလေးထား ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိ သည်။ သတင်းစဉ်