
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး
Challenge Grant ပြိုင်ပွဲများအကြောင်း တရားဝင်ထုတ်ပြန်မည့် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်
============================================================================================================
နေပြည်တော် နိုဝင်ဘာ ၁၁
ကိုဗစ်-၁၉ ကြောင့် စီးပွားရေးထိခိုက်မှု သက်သာစေရေး စီမံချက်(CERP)ပါ ပန်းတိုင်(၅)အောက်ရှိ Challenge Grant ပြိုင်ပွဲများအကြောင်းနှင့် ပါဝင်ယှဉ်ပြိုင်နိုင်သည့် အခွင့် အလမ်းများကို အများပြည်သူသိရှိစေရေး သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၌ Zoom Application ဖြင့် ကျင်းပသည်။
အခမ်းအနားသို့ Digital Trade နှင့် E-Commerce ဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ်(UNDP Myanmar) မှ ဌာနေကိုယ်စားလှယ် Mr. Titon Mitra တို့ တက်ရောက်အမှာစကား ပြောကြားသည်။
ဒုတိယဝန်ကြီးက အမှာစကားပြောကြားရာတွင် မိမိတို့ ဝန်ကြီးဌာနအနေဖြင့် E-Commerce ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ရေးအတွက် အစိုးရအဖွဲ့အစည်းများ၊ ကုန်သည်ကြီးများအသင်း၊ စီးပွားရေးဆိုင်ရာ အသင်းအဖွဲ့ များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဒစ်ဂျစ် တယ် အသွင်ကူးပြောင်းမှုရည်မှန်းချက်များကို အကောင် အထည်ဖော်နိုင်ရေးအတွက် မြှင့်တင်ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ လက်ရှိဖြစ်ပွားနေသည့် ကမ္ဘာ့ကူးစက် ရောဂါသည် မိရိုးဖလာ စီးပွားရေးလုပ်ငန်းအမြောက်အမြား ကို ခြိမ်းခြောက်နေသောကြောင့် မိမိတို့အနေဖြင့် ဒစ်ဂျစ်တယ် အသွင်ပြောင်းမှုကို ရှေးရှုလျက် ဒစ်ဂျစ်တယ်ဆန်းသစ်တီထွင် မှုကို အရှိန်မြှင့်တင်ရန်၊ ဆန်းသစ်တီထွင်မှုမှတစ်ဆင့် ဒစ်ဂျစ်တယ်ကူးပြောင်းမှုကို အားပေးမြှင့်တင်ရန်နှင့် ပြည်တွင်း/ပြည်ပရှိ စီးပွားရေးကဏ္ဍ စုံလင်စွာ တိုးမြှင့် ဆောင်ရွက်နိုင်ရန်အတွက် UNDP ကဲ့သို့သော ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ကိုဗစ်-၁၉ သက်ရောက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေး အဓိကမဟာဗျူဟာတစ်ခုအဖြစ် စီးပွားရေး လုပ်ငန်းများအနေဖြင့် အွန်လိုင်းအသုံးပြုနည်းလမ်းများကို လိုက်ပါအသုံးပြုသွားနိုင်ရန် မျှော်လင့်ပါကြောင်း ပြောကြားသည်။
အဆိုပါ Virtual သတင်းစာရှင်းလင်းပွဲတွင် MoCOM E-Commerce Challenge Grant ပြိုင်ပွဲနှင့်ပတ်သက်သည့် အကြောင်းအရာများကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမင်းမင်းနှင့် Facilitation Team က အသေး စိတ် ဆွေးနွေးပြောကြားခဲ့ပြီး အမေး/အဖြေကဏ္ဍတွင် မီဒီယာများက မေးမြန်းလာမှုများကို ကုန်သွယ်ရေးဦးစီးဌာန၊ UNDP Myanmar နှင့် Facilitation Team တို့မှ တာဝန် ရှိသူများက ဖြေကြားသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ လူငယ်ဆန်းသစ်တီထွင်သူများ၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ၊ ဂေဟစနစ်အတွင်းမှာ ပါဝင်ဆောင်ရွက် နေကြသူများကို အားပေးခြင်းဖြင့် Industrial Revolution 4.0 ကို အပြည့်အဝ လက်ခံကျင့်သုံးနိုင်သော၊ တီထွင် ဆန်းသစ်မှုများက တွန်းအားပေးမောင်းနှင်သော စီးပွားရေး တစ်ရပ်ဖြစ်ပေါ်လာရေးအတွက် အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ရန်နှင့် မြန်မာနိုင်ငံ E-Commerce ကဏ္ဍ၏ အနာဂတ် ကို ဖော်ဆောင်ရာတွင် အားပေးကူညီသွားနိုင်ရန် ရည်ရွယ် ပြီး MoCOM E-Commerce Innovation Challenge အမည် ရှိ Challenge Grant ပြိုင်ပွဲများကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP Myanmar)၏ ရန်ပုံ ငွေထောက်ပံ့မှုဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ Challenge Grant ပြိုင်ပွဲများကို ကိုဗစ်-၁၉ စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (CERP)၏ ပန်းတိုင် (၅) အောက်ရှိ လုပ်ငန်းအစီအစဉ်- ၅.၁.၂ (ဃ) အရ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကာ ပြိုင်ပွဲများ ကို Round နှစ်ခုဖြင့် ပြုလုပ်သွားမည်ဖြစ်ပြီး Round တစ်ခု လျှင် Theme နှစ်ခုနှုန်းဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း၊ Theme လေးခုမှာ ကိုဗစ်-၁၉ သက်ရောက်မှုကို ကြံ့ကြံ့ခံ တွန်းလှန်နိုင်ရေး (Building Resilience against the COVID-19)၊ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်း များ စနစ်တကျ တည်ထောင်နိုင်ရေး (MSMEs Formalization)၊ E-Commerce လုပ်ငန်းကဏ္ဍ နယ်ပယ်တွင်းမှ အမျိုးသမီး များနှင့် စားသုံးသူအခွင့်အရေးနှင့် အွန်လိုင်းမူပိုင်ခွင့်တို့ ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အဆိုပြုလွှာများကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၁၁ ရက်မှ ဒီဇင်ဘာ ၇ ရက်အထိ သတ်မှတ် Round များအလိုက် လက်ခံသွားမည်ဖြစ်ပြီး အသေးစိတ် သိရှိလိုပါက https://www. connectthedot. com.mm/ တွင်လည်းကောင်း၊ MoCOM E-Commerce Innovation Challenge အမည်ရှိ Facebook Page တွင်လည်းကောင်း ကြည့်ရှုနိုင်ကြောင်း သိရသည်။
သတင်းစဉ်