စီးပွားရေးဝန်းကျင်ကောင်းကိုဖန်တီးခြင်း စကားဝိုင်းကျင်းပ အပိုင်း(၂)

Image not available
 
 
တာရာ
 
စီးပွားရေးဝန်းကျင်ကောင်းကိုဖန်တီးခြင်း စကားဝိုင်းဆွေးနွေးပွဲကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ရိုက်ကူးထုတ်လွှင့်ခဲ့သည်။
 
အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဦးသူရိန်လွင်က အစီအစဉ်မှူးအဖြစ်ဆောင်ရွက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး (စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရလွယ်ကူမှုအထောက်အကူပြုအဖွဲ့ အဖွဲ့ခေါင်းဆောင်)၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင် (စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်း အညွှန်းကိန်းနှင့် အနည်းစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်)၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး (ဆောက်လုပ်ခွင့်ရယူခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့ခေါင်းဆောင်)နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန် သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ် (ပုဂ္ဂလိကကဏ္ဍကိုယ်စားလှယ်) တို့က ပါဝင်ဆွေးနွေးခဲ့ကြသည်။
 
အစီအစဉ်မှူး။ အခု ဒုတိယပိုင်းမှာ
စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ရလွယ်ကူမှု အညွှန်းကိန်းတွေမှာ တိုးတက်တဲ့ကဏ္ဍတွေရှိသလို မတိုးတက် သေးတဲ့ ကဏ္ဍတွေရှိတယ်လို့လည်း သိရပါ တယ်။ အဲဒါနဲ့ပတ်သက်တဲ့ အကြောင်းအရာ ကို ရှင်းပြပေးပါဦးခင်ဗျာ။
 
ဦးအောင်ထူး။ အညွှန်းကိန်းကို တွက်
ရာမှာ အဓိကအားဖြင့် အညွှန်းကိန်း ၁ဝ ခုရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က တိုးတက်ခဲ့တာ အညွှန်းကိန်း ငါးခုမှာ တိုး တက်ခဲ့တာ ဖြစ်ပါတယ်။ ကျန်တဲ့အညွှန်း ကိန်း ငါးခုမှာ သိပ်သိသာတဲ့တိုးတက်မှုကို မရပါဘူး။ တချို့ကအပြောင်းအလဲမရှိဘဲ တန့် နေပါတယ်။ ဒီလိုအညွှန်းကိန်းအချို့မှာ ပြောင်းလဲမှုမရှိရတဲ့ အကြောင်းအရင်းတွေ မှာ အခက်အခဲတစ်ချက်က အညွှန်းကိန်းတွေ နဲ့ပတ်သက်တဲ့ ဥပဒေ၊ နည်းဥပဒေတွေကို ပြဋ္ဌာန်းပြီးမှုမရှိခြင်း ဖြစ်ပါတယ်။
 
ဥပမာအားဖြင့် စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရာမှာ ငွေကြေးအကျပ်အတည်းဖြစ် တယ်။ ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတဲ့ ဥပဒေ ကျွန်တော်တို့ဆီမှာ မရှိသေးပါဘူး။ ဒါကြောင့် ဒီဟာကို ဖြေရှင်းပေးနိုင်ဖို့အတွက် Insolvency Law ကို လွှတ်တော်မှာ တင်ပြ ထားပြီး ဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ Insolvency Law နဲ့ပတ်သက်လို့ ပြဋ္ဌာန်းနိုင် မယ်ဆိုရင် ကျွန်တော်တို့ရဲ့ အမှတ်က တက်လာမှာ ဖြစ်ပါတယ်။
 
နောက်တစ်ခုက ချေးငွေရရှိနိုင်မှုနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ဆီမှာ လိုနေတဲ့ အချက်တစ်ခုက Secured Transactions Law လို့ခေါ်တဲ့ ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းတွေ ကို အပေါင်ထားပြီး ချေးငှားတဲ့ဥပဒေကို ကျွန်တော်တို့ အခုမှစပြီး ပြုစုနေပါတယ်။ ဒီဥပဒေရယ်၊ Credit Bureau လို့ခေါ်တဲ့ ချေးငွေရုံး၊ ချေးငွေမှတ်တမ်းရုံး ဒါတွေသာ ပြီးသွားမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ အမှတ်က တက်လာမှာ ဖြစ်ပါတယ်။ အချို့ အပိုင်းတွေမှာ ဥပဒေကြောင်းအရ ဆောင်ရွက် ရမှာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ဆောင်ရွက်မှုတွေမှာ အချိန်ယူရတဲ့အတွက် တချို့သော အညွှန်းကိန်းတွေမှာ တိုးတက် နိုင်မှုမရှိသေးတာကို တွေ့ရပါတယ်။
အစီအစဉ်မှူး။ အနည်းစုအစု ရင်းနှီး
မြှုပ်နှံသူများအား အကာ အကွယ်ပေးခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်အကူပြုအဖွဲ့အနေနဲ့ မြန်မာနိုင်ငံ ရဲ့ Doing Business အဆင့်နဲ့ ရမှတ်တွေတိုး တက်အောင် ဘယ်လိုပြုပြင်ပြောင်းလဲမှု တွေကို ဆက်လက်လုပ်ဆောင်သွားဖို့ရှိလဲ ဆိုတာ ရှင်းပြပေးပါဦး။
 
ဦးသန့်စင်လွင်။ Protecting Minority
Investor အနည်းစု အစုရင်းနှီးမြှုပ်နှံသူများအား အကာအကွယ် ပေးခြင်း အညွှန်းကိန်းမှာ ကိုးဆင့်တက်လာတာ ရှိပါတယ်။ အဲဒီအဆင့်သတ်မှတ်ချက်တွေထဲမှာ လုပ်ငန်းအဆင့်ကိုကြည့်ရင် ရှစ်ဆင့်ရှိပါတယ်။ လုပ်ငန်းအဆင့် ရှစ်ဆင့်မှာ အပေါ်က ငါးဆင့်က မြန်မာနိုင်ငံကုမ္ပဏီများဥပဒေမှာပါတဲ့ အကျုံး ဝင်တဲ့အချက်တွေအရ လိုက်လျောညီထွေရှိတဲ့ အတိုင်းအတာတစ်ခုကို ရောက်သွားပါပြီ။ အဲဒီအထဲ မှာ လိုက်လျောညီထွေမရှိသေးတာက အများပြည်သူ ယုံကြည်မှုဆိုင်ရာနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။
 
ဒါကဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ ကုမ္ပဏီတွေ ခုနစ်သောင်းကျော် ရှိပါတယ်။ အဲဒီအထဲမှာ အများပြည်သူနဲ့ဆိုင်တဲ့၊ အများ ပြည်သူပိုင်ဆိုင်တဲ့ Public Company ၁၀၀ ကျော်ရှိပါတယ်။ နိုင်ငံတကာမှာ Public Company တွေဟာ နိုင်ငံတကာရဲ့ Stock Exchange မှာဝင်ပြီး အာမခံမှုရှိအောင် ဆောင်ရွက်ဖို့ အတွက် စာရင်းဝင်ဖြစ်ဖို့ လိုပါတယ်။
 
Public Company က စာရင်းဝင်ဖြစ် လာပြီဆိုရင် ဒါကယုံကြည်မှုရှိလို့ပဲလို့ ယူဆ ရမှာ ဖြစ်ပါတယ်။ ဘာကြောင့် Listed Company မဖြစ်သလဲ၊ ဘာကြောင့် Public Company မဖြစ်သလဲဆိုရင် Cooperate Governance ဆိုတဲ့ ကော်ပိုရေးရှင်း စီမံခန့်ခွဲ အုပ်ချုပ်မှုအပိုင်းမှာ စီးပွားရေးလုပ်ငန်း လုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေက မသိရှိသေးလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့က Cooperate Governance ကို စီးပွားရေးလုပ် ငန်းလုပ်ကိုင်နေတဲ့ ကုမ္ပဏီတွေရဲ့ ကော်ပိုရေးရှင်းစီမံခန့်ခွဲအုပ်ချုပ်မှုတွေကို သိရှိအောင် ကျွန်တော်တို့က ဆောင်ရွက်နေတာဖြစ်ပါ တယ်။
 
ဒါကို SECM ဆိုတဲ့ Stock Exchange Authority အဖွဲ့၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန၊ မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နဲ့ နိုင်ငံတကာ ကျွမ်းကျင်ပညာရှင်တွေ ပူးပေါင်းပြီး Cooperate Governance Code ကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ကော်ပို ရိတ် စီမံခန့်ခွဲမှုနည်းလမ်းကို သိလာပြီး လုပ်ဆောင်နိုင်လာပြီဆိုရင် Public Company တွေပိုပြီး ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
 
ဒီလိုပိုပြီး ပေါ်ပေါက်လာပြီဆိုရင် Listed ထဲကို ဝင်လာမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ကုမ္ပဏီ ခုနစ်သောင်းကျော်ထဲမှာ Listed Company ငါးခု ရှိပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ သုံးသပ်ချက်အရ Listed Company ၁၀ ခုဖြစ်မှ စပြီးဆောင်ရွက်ရမှာဖြစ်တဲ့အတွက် အစိုးရနဲ့ ပုဂ္ဂလိက တိတိကျကျ ပူးပေါင်းဆောင်ရွက်မှ သာ တိုးတက်မှာဖြစ်တယ်လို့ တွေ့ရှိရပါတယ်။
အနည်းစုအစု ရင်းနှီးမြှုပ်နှံသူများအား အကာအကွယ်ပေးခြင်းအညွှန်းကိန်းမှာ Public က Listed ဖြစ်အောင် အများစုရဲ့ယုံကြည်မှုရှိ အောင် စောင့်ရမှာဖြစ်တဲ့အတွက် အချိန်တော့ အနည်းငယ်ယူရမှာ ဖြစ်ပါတယ်။ ဒီဟာသာရရှိ လာပြီဆိုရင် ကျွန်တော်တို့အဆင်ပြေမှာ ဖြစ်ပါ တယ်။ နောက်တစ်ခုက ကျွန်တော်တို့ကုမ္ပဏီ ဥပဒေနဲ့ ဩစတြေးလျ Cooperate Act နဲ့က တစ်ပုံစံတည်းပါ။ တော်တော်များများမှာ တူညီ ပါတယ်။
 
ဒါပေမယ့် ဩစတြေးလျ Cooperate Act ကို သူတို့က အမှတ်အများကြီးပေးထားပြီး ကျွန်တော်တို့ မြန်မာကုမ္ပဏီဥပဒေကို အမှတ် နည်းနည်းပဲပေးတာ ဘာကြောင့်လဲဆိုပြီး မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ ဆိုလိုတာက ဩစတြေးလျ၊ စင်ကာပူနဲ့ နယူးဇီလန်တို့လို နိုင်ငံမျိုးက စနစ်ကျပြီးသား လမ်းကြောင်းပေါ် မှာ သူတို့ဥပဒေက ရပ်တည်နေတာဖြစ်နေတဲ့ အတွက် တစ်ခုလုပ်လိုက်ရင် ကျန်တာတွေ အားလုံးဆက်စပ်ပြီး စနစ်ကျသွားတယ်လို့ ကျွန်တော်တို့က တွက်ချက်လို့ရပါတယ်။
 
ကျွန်တော်တို့က အများသိကြတဲ့အတိုင်း ဌာနတွေ၊ တာဝန်ယူရတဲ့ အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကကဏ္ဍတွေ ဒါတွေကို ချိတ်ဆက်ဖို့ အချို့နေရာလေးတွေမှာ အလှမ်းဝေးနေတာ ရှိပါတယ်။ ဒါကြောင့်လို့ ကျွန်တော်တို့က သိရ ပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ဒေါ်ခိုင်ခိုင်နွယ် ပြောသွားသလို ကျွန်တော်တို့လုပ်ဆောင်တာကို သိအောင်ပြောပြဖို့ လိုပါတယ်။ ဒီလိုပြောပြဖို့ အတွက်လည်း ကမ္ဘာ့ဘဏ်ရဲ့ Ease of Doing Business ကို စောင့်ကြည့်နေတဲ့အဖွဲ့ကို ဆက် သွယ်ရပါတယ်။
ကျွန်တော်တို့ လုပ်ဆောင်နေ တာကို ရှင်းပြရပါတယ်။ ဒီဟာတွေကို ပူးပေါင်း ပြီး လုပ်ဆောင်နိုင်မယ်ဆိုရင် အနည်းစုအစု ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးခြင်း အညွှန်းကိန်းအမှတ်က တက်လာမယ်လို့ မျှော် လင့်ရပါတယ်။
 
အစီအစဉ်မှူး။ ဆောက်လုပ်ခွင့်ရယူခြင်း
အညွှန်းကိန်း ဆိုင်ရာ အထောက်အကူပြုအဖွဲ့အနေနဲ့ မြန်မာနိုင်ငံရဲ့ အဆင့်နဲ့ ရမှတ်တွေတိုးတက်အောင် ဘယ်လို ပြုပြင်ပြောင်းလဲမှုတွေ ဆက်လက်လုပ်ဆောင် ဖို့ရှိတယ်ဆိုတာကို ရှင်းပြပေးပါဦး။
 
ဒေါ်လှိုင်မော်ဦး။ ကျွန်မတို့အနေနဲ့ ကာလ
တို၊ ကာလလတ်နဲ့ ကာလရှည်ဆောင်ရွက်ရမယ့် လမ်းကြောင်းကို အစောကြီးကတည်းက ချထားပြီး ဖြစ်ပါတယ်။ အဲဒီလိုချထားတဲ့ အခြေအနေအရလည်း အဆောက်အဦ ဆောက်လုပ်ခွင့် ခွင့်ပြုမိန့်တွေကို ချတဲ့အချိန်မှာ ထိခိုက်နိုင်တဲ့အခြေအနေနဲ့ဘေးဖြစ်နိုင်တဲ့ အခြေအနေအပေါ်မူတည်ပြီး ထိခိုက်ဖွယ်ရာ သိပ်ပြီး အန္တရာယ်မရှိဘူးဆိုတဲ့ကိစ္စမျိုး၊ အလယ်အလတ်လူနဲ့ ပစ္စည်းဥစ္စာကို သိပ်ပြီး မထိခိုက်တဲ့ကိစ္စမျိုး၊ ဒါမှမဟုတ် အချို့ အဆောက်အဦတွေကျတော့ အများကြီးကို ထိခိုက်နိုင်တဲ့ အဆောက်အဦတွေ အဲဒီလို Low Risk, Medium Risk နဲ့ High Risk ဆိုပြီး အဆောက်အဦတွေကိုခွဲပြီး အဲဒီအခြေအနေ အပေါ်မူတည်ပြီး ခွင့်ပြုမိန့်တွေကိုပေးတဲ့စနစ် တွေကို ကျွန်မတို့က ဆောင်ရွက်နေပါ တယ်။
 
နိုင်ငံတကာမှာ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကိုလည်း ကျွန်မတို့ကြည့်ပါတယ်။ Risk ပေါ်မှာမူတည်ပြီး Low Risk ဆိုရင် လွယ်လွယ်ကူကူ ပေးပါတယ်။ Medium Risk က အသင့်အတင့်ကြည့်ပါတယ်။ High Risk ဆိုရင် အများကြီး စိစစ်ပေးတာရှိပါတယ်။
 
ဒီလိုအခြေအနေမျိုးကို အခြေခံတဲ့စနစ် ကို စတင်ဆောင်ရွက်နေပါတယ်။ ဒါကို ဆောင်ရွက်တဲ့အပြင် အဆင့်တွေ၊ အချိန်ကာလ တွေကိုလျှော့ချနိုင်ဖို့ Online Submitting Automation System ကိုလည်း ကျွန်မတို့ ဆောင်ရွက်နေတာ ရှိပါတယ်။ Automation System ကိုဆောင်ရွက်ရာမှာ ကျွန်မတို့အနေနဲ့ ၂၀၁၈ ခုနှစ် မေ ၇ရက်ကတည်းက ကမ္ဘာ့ဘဏ် (IFC)နဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့ Advisory Agreement ထိုးခဲ့ပြီး ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါတယ်။
 
ကျွန်မတို့ရဲ့ လက်ရှိရှိနေတဲ့ Procedure တွေထဲမှာလျှော့ချရမယ့် Procedure တွေ၊ အဆင့်တွေကို လျှော့ချပါတယ်။ အဲဒီအပေါ်မှာ အကောင်းဆုံးဖြစ်နိုင်မယ့် နည်းလမ်းကို အွန်လိုင်းဖြစ်ဖို့ ဆောင်ရွက်နေတာ ရှိပါတယ်။ ခုနတုန်းက ညွှန်ကြားရေးမှူးချုပ်ပြောသွား သလိုပါပဲ ကျွန်မတို့က ရှိနေတဲ့နည်းပညာကို လည်း အကူအညီယူရပါတယ်။ ကျွန်မ ပထမ ပိုင်းမှာ ပြောခဲ့သလိုပါပဲ အမှတ်ပေးရာမှာ လုပ်ကိုင်တဲ့ အဆင့်တွေ၊ အချိန်ကာလတွေ၊ ငွေကြေး ကုန်ကျစရိတ်တွေ၊ အရည်အသွေးနဲ့ ပတ်သက်ပြီး ဘယ်လောက်အထိ အာမခံချက် ပေးနိုင်သလဲဆိုတဲ့ အပိုင်းတွေပါတော့ အဆင့် အနေနဲ့ အွန်လိုင်းဆောင်ရွက်ခြင်းအားဖြင့် အဆင့်တွေ လျှော့ချမယ်။
 
အွန်လိုင်း ဆောင်ရွက်ခြင်းအားဖြင့် အချိန် တွေကိုလျှော့ချမယ်ဆိုရင် ဒါက အခြားကမ္ဘာ့ နိုင်ငံတွေနဲ့ စီးပွားရေးဝန်းကျင်ကောင်းရှိတဲ့ နိုင်ငံတွေနဲ့ တန်းတူရည်တူ ရင်ပေါင်တန်းနိုင် တဲ့အခြေအနေကို ရောက်မှာဖြစ်တဲ့အတွက် အဲဒီစနစ်ကိုလည်း စတင်ဆောင်ရွက်နေပါ တယ်။ Pilot Test Run ကို၂၀၁၉ ခုနှစ် ဩဂုတ် ၉ ရက်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။
အဲဒီလို ဆောင်ရွက်ရာမှာ Communication အပိုင်းတွေ အများကြီး ပါဝင်ပါတယ်။ ကျွန်မတို့ချည်းပဲ ဆောင်ရွက် လို့ မရပါဘူး။ ကမ္ဘာ့ဘဏ်က ကူညီနေသလို ဆက်စပ်နေတဲ့ပညာရှင်တွေ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံဗိသုကာကောင်စီတို့နဲ့လည်း ပူးပေါင်းဆောင်ရွက်နေ တာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ရာမှာ ကျွန်မတို့အနေနဲ့ သင်တန်းကို ခုနစ်ကြိမ်ပေး ခဲ့ပြီးပါပြီ။ မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာကောင်စီက မှတ်ပုံတင် ပေးတဲ့ အင်ဂျင်နီယာဗိသုကာပေါင်း ၁၂၅၉ ယောက်ကို ဒီခုနစ်ကြိမ်မှာ ကျွန်မတို့ သင်တန်းပေးနိုင်ခဲ့ပါတယ်။
 
သင်တန်းအပေါ်မူတည်ပြီး ရှိနေတဲ့ အွန်လိုင်းစနစ်က တကယ်လွယ်ကူအောင်ဆောင်ရွက်နိုင်သလား၊ မဆောင်ရွက်နိုင်ဘူး လားဆိုတာ၊ ဘယ်လိုအခက်အခဲရှိသလဲ ဆိုတာ အပြည့်အဝ အသုံးမချသေးခင်မှာသင်တန်းပေးထားတဲ့ ကျွန်မတို့နဲ့ပူးပေါင်းဆောင်ရွက်နေတဲ့ အင်ဂျင်နီယာ၊ ဗိသုကာ ပညာရှင်တွေနဲ့ အခုပူးပေါင်းဆောင်ရွက်ရာ မှာ အခုဆိုရင် ဇန်နဝါရီ ၁၃ ရက်အထိ Case ပေါင်း၂၃၁ ခု ကျွန်မတို့ အွန်လိုင်းမှာ တင်လာတာ ရှိပါတယ်။
 
အဲဒီမှာရှိနေတဲ့ အခက်အခဲ၊ သူတို့ ဘက်က အခက်အခဲတွေကို ကျွန်မတို့ဘက် က ဖြေရှင်းရတဲ့ အနေအထားတွေကိုလည်း ဆက်လက်ပြီး ညှိနှိုင်းဆောင်ရွက်နေပါတယ်။ အဲဒီမှာ ကျွန်မတို့ ဘာသွားတွေ့သလဲဆိုတော့ အရင်တုန်းက Construction Permit ရဖို့ ဖြတ်ညှပ်ကတ်နဲ့ လက်မှတ်ထိုးရုံလုပ်ခဲ့တဲ့ပုဂ္ဂိုလ်တွေ ရှိပါတယ်။ အခုလို တကယ်တိတိ ကျကျပြန်ပြီး ဆောင်ရွက်ရတဲ့အခါ သူတို့ ဘက်မှာ အခက်အခဲ နည်းနည်းရှိတာလေး တွေရှိပါတယ်။
 
ကျွန်မတို့အတွက် ဒါကစိန်ခေါ်မှု ဖြစ်လာပါတယ်။ ဆိုလိုချင်တာက တင်တဲ့ အချိန်မှာ ကျွန်မတို့ ဘယ်လောက်ပဲ Training ပေးပေး သူတို့အနေနဲ့က တစ်ခါ တလေကျရင် မရှင်းလင်းတာတွေကို ကျွန်မတို့က ပူးပေါင်းဆောင်ရွက်ပေးရပါ တယ်။ Training ပေးပြီး Case တင်လာတဲ့ အင်ဂျင်နီယာတွေ၊ ဗိသုကာပညာရှင်တွေ ထဲက အခက်အခဲရှိတဲ့သူတွေကို ကျွန်မတို့က သီးခြားပြန်ခေါ်ပြီး သူတို့ရဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဝိုင်းပြီးဖြေရှင်းပေးပါတယ်။ အဲလိုဖြေရှင်းတာလည်း နှစ်ကြိမ်ရှိပါပြီ။ မနေ့ကဆိုရင်လည်း လူ ၆၀ လောက်ကို ခေါ်ပြီး သူတို့ရဲ့ Case တွေကို ဘယ်လိုအခက် အခဲရှိတယ်၊ ဒီလိုလုပ်ရတယ်ဆိုတာကို ပူးပေါင်းဆောင်ရွက်ပေးနေတာ ရှိပါတယ်။ ဒါကတစ်ပိုင်းပါ။
 
 
ဒုတိယတစ်ပိုင်းက ကျွန်မတို့က ဒီအွန်လိုင်းစနစ်နဲ့ ပတ်သက်ပြီး ကာလတိုမှာ ဒီနှစ်ထဲမှာ Full Launch လုပ်နိုင်ဖို့ တွန်းအားပေးနေတာ တစ်ခုရှိပါတယ်။ ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ ခုနပြောတဲ့ စိန်ခေါ်မှုလေးတစ်ခုရှိပါတယ်။ ပညာရှင်တွေဘက်က ဘယ်လောက်အထိ ပူးပေါင်းဆောင်ရွက်ပေးနိုင်မလဲဆိုတာတစ်ပိုင်းရှိပါတယ်။
 
နောက်တစ်ပိုင်းက ဒုတိယဝန်ကြီး ပြောသွားသလို ပါပဲ၊ Communication ပိုင်းပါ။ ကျွန်မတို့ဆီကို Case တွေ ဘယ်လောက်တက်လာမလဲ လျှောက်ထားမှုက ဘယ်လောက်အထိရှိတယ်။ အဲဒီအထဲက ခွင့်ပြုမိန့်ကျ တာ ဘယ်လောက်ရှိတယ်။ အဲဒီအထဲမှာ ဘယ် Case တွေက ဘာကြောင့်မို့မကျတာလဲ ဒါတွေကို ကျွန်မတို့ ပြန်တောင်းထားပါတယ်။ ဘယ် Case တွေကို ပိတ်သိမ်း ပါတယ်ဆိုတဲ့ကိစ္စမျိုးတွေကို ကျွန်မတို့ အွန်လိုင်းတင် ပေး ပါတယ်။
 
နှစ်ပတ်တစ်ကြိမ် ခွင့်ပြုမိန့်ထုတ်ပေး
အွန်လိုင်းတင်တာက ကျွန်မတို့ရဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီရဲ့ YCDC ဝက်ဘ်ဆိုက်မှာ တင်သလို ဆက်စပ်နေတဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ မြန်မာ နိုင်ငံ အင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံ ဗိသုကာ ကောင်စီ ဒါ့အပြင် ဒုတိယဝန်ကြီးပြောသွားသလို Doing Business ဝက်ဘ်ဆိုက်နဲ့ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကိုရော ကျွန်မ တို့ ပို့ပေးပြီး Update လုပ်ပေးပါတယ်။ ကျွန်မတို့ဆီက နှစ်ပတ်တစ်ကြိမ် ခွင့်ပြုမိန့်ထုတ်ပေးနေတာကို Communicate လုပ်ပေးနေပါတယ်။
 
တစ်နည်းအားဖြင့် ဆိုလိုချင်တာက ခွင့်ပြုမိန့်မထွက်ဘူးဆိုရင်လည်း ဘာကြောင့်မထွက်ဘူးဆိုတဲ့ အကြောင်းအရာတွေကိုပါ တင်ပေးပါတယ်။
နောက်ပြီး တစ်ခုတွေ့တာက ကျွန်မတို့က ဘယ်လောက်အမှတ်ကောင်းအောင်လုပ်လုပ် အမှတ် တက်သွားတိုင်းမှာ အဆင့်မတက်တာလည်း တွေ့ရပါ တယ်။ သူတို့က ကြိုးစားနေကြတာဖြစ်တော့ သူတို့ ဘာလုပ်နေလဲ၊ ဘယ်လိုနည်းပညာတွေ အသုံးပြုနေလဲ ဆိုတာတွေကိုလည်း ကျွန်မတို့လေ့လာပြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။
 
အစီအစဉ်မှူး။ ရေရှည်မှာ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီအနေနဲ့ အခု
ဖြစ်ပေါ်လာတဲ့အခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ဖြေရှင်း သွားဖို့ အစီအမံတွေရှိလားဆိုတာ သိချင်ပါတယ်။
 
ဒေါ်လှိုင်မော်ဦး။ ခုနကျွန်မပြောသလိုပါပဲ၊ နှစ်ပိုင်း ရှိပါတယ်။ ကျွန်မတို့က အွန်လိုင်း
စနစ်ကို ကမ္ဘာ့ဘဏ်နဲ့ဆောင်ရွက်နေတော့ ပြည့်စုံအောင် မတင်တဲ့ Case တွေကို ကျွန်မတို့က တကယ်က လက်မခံ ချင်ပါဘူး။ အွန်လိုင်းစနစ်မှာကတည်းက ဖြတ်ချတဲ့ စနစ်ကို ကျွန်မတို့က လုပ်ချင်ပါတယ်။ ကျွန်မတို့ဆီကို တက်လာတဲ့ Case တွေက ပြန်ပြီးမပို့ရတော့ဘူး။ ဒါပေမယ့် ကမ္ဘာ့ဘဏ်က မြင်တာက အဲလိုမဟုတ်ဘူး။
 
ဒီတင်လာတဲ့သူတွေကို ကျွန်မတို့က ပညာပေးရ မယ်၊ သူတို့ဒီလမ်းကြောင်းပေါ်ရောက်အောင် ကျွန်မတို့ က တည့်မတ်ပေးရမယ်ဆိုတဲ့ အခြေအနေကြောင့် မူလ လုပ်တဲ့ သင်တန်း ခုနစ်ကြိမ်အပြင် အခက်အခဲရှိတဲ့သူ တွေကို ပူးပေါင်းဖြေရှင်းပေးတဲ့အဖွဲ့တစ်ဖွဲ့ထားပြီး ဆောင်ရွက်ပေးနေတာရှိပါတယ်။
 
နောက်ပြီး One Stop Service ကောင်တာဖွင့်ထား တာရှိပါတယ်။ ဖုန်းနံပါတ်က ၀၁ - ၃၇၄၀၅၅ ဖြစ်ပါ တယ်။ အဲဒီမှာ အဆောက်အဦတင်ဒါနဲ့ပတ်သက်တဲ့ အခက်အခဲတွေကို ကျွန်မတို့ဖြေရှင်းပေးနေတာ ရှိပါ တယ်။ ကျွန်မတို့အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာ နေ့တို့မှာ Case တင်တဲ့ကိစ္စတွေကို ဆောင်ရွက်ပေးနေပါ တယ်။
 
လက်ရှိအခြေအနေမှာ ကျွန်မပြောတဲ့ Case တွေက ထိခိုက်နိုင်ခြေနည်းတဲ့ Low Risk တွေကို ကျွန်မတို့ စတင်ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။ Low Risk နဲ့ Medium Risk ပါ။ High Risk ကိုလည်း ကျွန်မတို့ ဆက်လက်ဆောင်ရွက်ဖို့ အစီအစဉ်ရှိပါတယ်။ Full Launch ကိုလည်း ဒီနှစ်ထဲမှာ လုပ်နိုင်မယ်လို့ထင်ပါ တယ်။
 
Low Risk က နည်းနည်းစောပါမယ်။ အပြည့်အဝ ကတော့ ပြုပြင်ပြောင်းလဲရတဲ့အပိုင်းဆိုတာ Mindset ပြောင်းရတဲ့အပိုင်းပါ။ ကျွန်မတို့ဝန်ထမ်းတွေရဲ့ Mindset ပြောင်းဖို့လိုသလို တောက်လျှောက်အသုံးပြုခဲ့တဲ့ သူတွေ ရဲ့ Mindset ကို ကျွန်မတို့က ပြုပြင်ပြောင်းလဲပေးနေရတဲ့ အခြေအနေရှိပါတယ်။
 
အစီအစဉ်မှူး။ အစိုးရဌာနတွေကဆောင်ရွက်နေတဲ့လုပ်ဆောင်ချက်တွေအပေါ် ပုဂ္ဂလိက
ကဏ္ဍအနေနဲ့ ဘယ်လိုအမြင်ရှိတယ်၊ ဘာတွေထပ်ပြီး ဖြည့်စွက်ဆွေးနွေးပြောကြားချင်တယ်ဆိုတာကို ပြောပြ ပေးပါဦး။
ဒေါ်ခိုင်ခိုင်နွယ်။ ကျွန်မတို့အညွှန်းကိန်း ၁ဝ ခုရှိတယ်။ အဲဒီမှာ တက်သွားတာ ငါးခု၊ ဒီအတိုင်းတန်းနေတာ နှစ်ခု၊ သုံးခုလောက်ရှိတယ်။ မတက်တာလည်းရှိပါတယ်။ ဒါက ဘာလဲဆိုတော့ အညွှန်းကိန်း ၁ဝ ခုက ကြည့်လိုက်ရင် စက်ဝိုင်းကြီးတစ်ခုပါ။ Ease of Doing Business ဆိုတာ လွယ်ကူတယ်လို့ ပြောလိုက်တာပါ။
 
လွယ်ကူရုံနဲ့မပြီးဘူး။ ဒုတိယဝန်ကြီးပြောသလို လုပ်ငန်းတစ်ခုလာလုပ်တဲ့အခါ ရင်းနှီးမြှုပ်နှံမယ်။ ဘယ်လို စပြီး Run မယ်။ ဒီလို Starting a Business Registration ရပြီဆိုရင် သူက ဆောက်လုပ်ရေးဆောက်တော့မယ်ဆိုရင် Construction လာမယ်။ အဲဒီအချိန် လျှပ်စစ်လိုမယ်ဆိုရင် Getting Electricity လာမယ်။ ငွေကြေးလိုမယ်ဆိုရင် Getting Credit လာမယ်။
 
အခွန်တွေပေးရတော့မယ်ဆိုရင် အခွန်ဌာနနဲ့ ချိတ်ဆက်မှုတွေလာမယ်။ သွင်းကုန်၊ ထုတ်ကုန်တွေ လုပ် တော့မယ်ဆိုရင် Trading Across Border တွေလာမယ်။ ဒီလိုတွေလုပ်ဖို့ အားလုံးအဆင်ပြေရုံနဲ့ ပြီးသွားလားဆို တော့ မဟုတ်ပါဘူး။ အာမခံချက်တစ်ခုပေးဖို့လိုပါတယ်။ ဒါကြောင့် လုပ်ငန်းလုပ်တဲ့အခါ Business Contract တွေ လိုလာပါတယ်။ တစ်ခုနဲ့တစ်ခု စာချုပ်ချုပ်ပြီးလုပ်တဲ့အခါ အငြင်းပွားမှုဖြစ်လာရင် ဥပဒေအရ ဒါကို ဘယ်တရားရုံးက ဖြေရှင်းပေးမယ်ဆိုတာလည်း အညွှန်းကိန်းမှာပါတယ်။
 
ပြီးတော့မှလုပ်ငန်းက အမြဲတမ်းလိုလိုကောင်းနေရင် ကောင်းပါတယ်။ ဒါပေမယ့် မျှော်လင့်ထားရမှာက တစ်ခုခု ကြောင့် အခက်အခဲဖြစ်ခဲ့သော် ကယ်တင်နိုင်မယ့်ဥပဒေ၊ ငွေကြေးအခက်အခဲဖြစ်လာရင် ကယ်တင်နိုင်မယ့်ဥပဒေ ဆိုတာလည်း လိုလာပါတယ်။ ဒါတွေကို အကုန်ပြည့်သွားမှ သူက တစ်ပတ်လည်သွားတာဖြစ်ပါတယ်။ အဲဒီအခါ ကျတော့ တချို့သော အညွှန်းကိန်းတွေက ဌာနတစ်ခု သို့မဟုတ် နှစ်ခု၊ ဌာနတစ်ခုတည်းက အများကြီးလုပ်လို့ ရတာဆိုရင် အဆင်ပြေပါတယ်။
 
တချို့သောအညွှန်းကိန်းတွေက ဌာန လေး၊ ငါးခုနဲ့ လုပ်တဲ့အခါ ကိုယ့်ရဲ့ဌာနတစ်ခုတည်းမှာ စိန်ခေါ်မှုတွေက ရှိပါသေးတယ်။ ပုဂ္ဂလိကနဲ့ချိတ်ဆက်တဲ့အခါ စိန်ခေါ်မှု က ရှိပါသေးတယ်။ ဌာန လေး၊ ငါးခုနဲ့ ချိတ်ဆက်တဲ့အခါ အဲဒီစိန်ခေါ်မှုက တော်တော်ကြီးပါတယ်။ ဒါကြောင့် တချို့ သော အညွှန်းကိန်းတွေက လုပ်လို့မရတာမဟုတ်ပေမယ့် ခက်ခဲပါတယ်။ မလွယ်ကူဘူး။
 
အဲဒီတော့ ပုဂ္ဂလိကကဏ္ဍက ဘာတွေလုပ်နေသလဲ ဆိုတော့ အွန်လိုင်းစနစ် Phase 1 က စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနတစ်ခုတည်းနဲ့ လုပ်ရတဲ့လိုင်စင် ကိစ္စပါ။ Phase 1 မှာ အခုဆိုရင် သွင်းကုန်အွန်လိုင်းလိုင်စင် ရသွားပါပြီ။ Phase 2 မှာ Online Clearance System ဖြစ်တဲ့အတွက် အကောက်ခွန်ဦးစီးဌာနပါလာပြီ အကောက်ခွန်ဦးစီးဌာန၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနနဲ့ လုပ်ငန်းရှင်ပါ။ လုပ်ငန်း အားလုံးကို တစ်ပြိုင်နက်တည်း လုပ်ရတာမလွယ်ကူတဲ့ အတွက် Sector တစ်ခုဖြစ်တဲ့ အထည်ချုပ်လုပ်ငန်းနဲ့ ကျွန်မတို့က စတင်ပါတယ်။ Phase 2 မှာ ကျွန်မတို့က သွင်းကုန်အွန်လိုင်းလိုင်စင်ရသွားပြီ။
 
အွန်လိုင်းနဲ့ ချိတ်ဆက်
သို့သော် သွင်းကုန်၊ ထုတ်ကုန်ဒေတာတွေ စစ်ဆေး နေရပါသေးတယ်။ အသင်းအနေနဲ့ Commerce နဲ့ ချိတ်ပြီး စစ်ဆေးနေရပါသေးတယ်။ အကောက်ခွန်က သူ့ရဲ့သွင်းကုန် ထုတ်ကုန်ဒေတာကို သူ့ရဲ့ MACCS System က Commerce နဲ့ချိတ်ပြီး သူ့ရဲ့ Trade Net ထဲကို ထည့်လို့ရနေပါပြီ။ အဲဒါကို ကျွန်မတို့အွန်လိုင်းနဲ့ ချိတ်ဆက်ပါတော့မယ်။
 
ယခုနှစ်ဇန်နဝါရီလကနေ စလုပ်နေပါပြီ။ စလုပ်လို့ အောင်မြင်သွားတယ်ဆိုရင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန အကောက်ခွန်ဦးစီးဌာန CMP အထည်ချုပ်လုပ်ငန်းရှင်အသင်းတို့အတွက် ဘာအကျိုး ရှိလာမလဲဆိုတော့ လုပ်ငန်းရှင်တွေက ကျွန်မတို့ဆီလာပြီး ဘယ်ပစ္စည်း ဘယ်လောက်သွင်းတယ်၊ ဘယ်လောက် ထွက်သွားတယ်၊ ဘယ်လောက်ကျန်တယ်ဆိုတာ လာတွက် စရာမလိုတော့ပါဘူး။ သူက တစ်ခါတည်း အင်တာနက် ကနေ သူ့ရဲ့သွင်းတဲ့ပစ္စည်းက ဘယ်လောက်၊ သူထုတ်ကုန် အတွက် သုံးလိုက်တာက ဘယ်လောက်၊ လက်ကျန်က ဘယ်လောက် တစ်ခါတည်းပေါ်သွားမယ်ဆိုရင် အမှန်ထွက် လာတော့မယ်။ မဟုတ်တာလည်း ပြလို့မရပါဘူး။
 
အဲဒီအခါကျရင် လိုင်စင်လျှောက်ဖို့ အွန်လိုင်းကို တက်လိုက်တဲ့အခါ ကုန်ကြမ်းအများကြီးတင်သွင်းပြီး ပြန်မပို့တဲ့သူဆိုရင် လိုင်စင်ရကိုရမလာတော့ပါဘူး။ အဲဒီလို တွေဖြစ်လာတဲ့အထိ ကျွန်မတို့က ဆောင်ရွက်နေပါပြီ။ ယခုနှစ်ဇန်နဝါရီလမှာ ဆောင်ရွက်တာအောင်မြင်ခဲ့ရင် Trading Across Border လည်း တော်တော်အဆင်ပြေ သွားမယ်လို့ ထင်ပါတယ်။ အဲဒီအခါကျရင် Process တွေ က တော်တော်လေးလျော့သွားမှာ ဖြစ်ပါတယ်။
 
အမှန်အတိုင်း အတိအကျသိနိုင်
ကျွန်မတို့ဆီကိုလာပြီး စာရင်းတွေရှင်းစရာမလိုတော့ ဘူး။ နောက်ပြီးလုပ်ငန်းရှင်ဆိုရင်လည်း သူ့စားပွဲမှာ သူထိုင်ပြီး Username နဲ့ Password ရိုက်ထည့်လိုက်တာနဲ့ သူ့ရဲ့ပစ္စည်း ဘယ်လောက်တင်သွင်းတယ်၊ ဘယ်လောက် ထွက်သွားတယ်ဆိုတာကအစ စာရင်းကို အမှန်အတိုင်း အတိအကျသိနိုင်မှာဖြစ်တဲ့အတွက် ဒါကိုလည်း ပူးပေါင်း ဆောင်ရွက်နေတာရှိပါတယ်။
 
နောက်တစ်ခုက DG ပြောခဲ့တဲ့ Cooperate Governance Code ကိုလည်း မြန်မာနိုင်ငံ ငွေချေး သက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မြန်မာ နိုင်ငံတော် ဗဟိုဘဏ်၊ ကုန်သည်/စက်မှုအသင်းချုပ်နဲ့ လုပ်ငန်းရှင်အားလုံး ၁၁ ဦးပါဝင်တဲ့ Myanmar Institute of Directors - MIOD ကနေ လုပ်နေပါတယ်။ ဒါက မြန်မာ နိုင်ငံမှာရှိတဲ့ Cooperate Governance ကို ကျွန်မတို့က Training ပေးနေတာပါ။ DG တို့ရဲ့ Company Law မှာ ဒါရိုက်တာတစ်ယောက်ရဲ့ တာဝန်က ဘာလဲ၊ သူသည် ပွင့်လင်းမြင်သာမှုရှိရမယ်။ သူသည် ဘယ်လိုတာဝန်ယူရ မယ်ဆိုတဲ့အပိုင်းမျိုးမှာ MIOD က အများကြီးအထောက် အကူပြုသွားမယ်။
 
နိုင်ငံတော်အစိုးရရဲ့ဝန်ကြီးဌာနတွေက ပြုပြင် ပြောင်းလဲတဲ့အချက်အပေါ်မှာ ပုဂ္ဂလိကကဏ္ဍကလည်း ဒါကိုလိုက်ပြီး ပူးပေါင်းဆောင်ရွက်နေတာလို့ ပြောချင်တာ ဖြစ်ပါတယ်။ လိုအပ်နေပေမယ့် ကြိုးစားနေပါတယ်။
 
အစီအစဉ်မှူး။ ဒုတိယဝန်ကြီးကို မေးချင်တာက ရှေ့ဆက်လက်ပြီး ဆောင်ရွက်သွား
မယ့် အစီအမံတွေရှိတယ်ဆိုရင်လည်း ပြည်သူတွေ သိရှိ အောင် ရှင်းပြပေးပါဦး။
 
 
ဦးအောင်ထူး။ ကျွန်တော်တို့က အထောက်အကူပြု အဖွဲ့အားလုံးမှာ အနည်းဆုံး တစ်နှစ်
မှာ ပြုပြင်ပြောင်းလဲမှု သုံးချက်လုပ်ရမယ်ဆိုပြီး တောင်းခံ ပါတယ်။ ဒီနှစ်အတွင်းမှာလုပ်ရမယ့် ပြုပြင်ပြောင်းလဲမှုက အချက် ၄၀ လောက်ရပါတယ်။ အဲဒီအချက် ၄ဝ အပေါ်မှာ အခြေခံပြီး ကာလတို၊ ကာလလတ်နဲ့ ကာလရှည် ဘယ်လို အကောင်အထည်ဖော်မလဲဆိုတဲ့ Action Plan လုပ်ငန်း အစီအစဉ်ကို ကျွန်တော်တို့က ရေးဆွဲပါတယ်။ ရေးဆွဲပြီးမှ ဒါကို အကောင်အထည်ဖော်ဖို့ လုပ်ပါတယ်။ အကောင် အထည်ဖော်တဲ့အဆင့်တိုင်းမှာလည်း နှစ်ပတ်တစ်ကြိမ် အစည်းအဝေးလုပ်ပြီး ဒါတွေကို Follow up လုပ်ပြီးမှ ဆောင်ရွက်နေတာဖြစ်ပါတယ်။
 
ကျွန်တော်တို့ ရည်မှန်းချက်က မကြာမီကာလအတွင်း မှာ ကမ္ဘာ့ဘဏ်ရဲ့စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်ရ လွယ်ကူမှုအဆင့်မှာ ၁၀၀ အောက်ကို ရောက်အောင်လို့ စဉ်ဆက်မပြတ် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်လို့လည်း နိုင်ငံတော်အစိုးရ အထူးသဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌအနေနဲ့ အစဉ် တစိုက် ကျွန်တော်တို့ကို ကြီးကြပ်လမ်းညွှန်မှုတွေ ပြုလုပ် ပေးနေပါတယ်။ သူ့ရဲ့ကြီးကြပ်လမ်းညွှန်မှု၊ အားပေးမှု တွေနဲ့ ကျွန်တော်တို့ မမှိတ်မသုန်အကောင်အထည် ဖော်သွားမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို ကြည့်မယ်ဆိုရင် အာဆီယံနိုင်ငံထဲမှာ စီးပွားရေးအားဖြင့် အနိမ့်ကျဆုံး ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
 
အဲဒီတော့ ကျွန်တော်တို့ရဲ့ခံယူချက်က ငြိမ်းချမ်းရေး သီချင်းမှာလို မငြိမ်းချမ်းလို့မဖြစ်ဘူးဆိုသလို ကျွန်တော်တို့ က စီးပွားရေးမဖွံ့ဖြိုးလို့မဖြစ်ဘူးဆိုတဲ့ ခံယူချက်နဲ့ ဆောင်ရွက်နေတယ်လို့ ပြောကြားချင်ပါတယ်။
 
 
အစီအစဉ်မှူး။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း အညွှန်းကိန်းဆိုင်ရာ အထောက်
အကူပြုအဖွဲ့အနေနဲ့ အနာဂတ်အခြေအနေ အလား အလာဘယ်လိုရှိမယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျာ။
ဦးသန့်စင်လွင်။ စီးပွားရေးလုပ်ငန်းတစ်ခု စတင်ခြင်း ကို ကျွန်တော်တို့တာဝန်ယူနေတဲ့
အပိုင်းကို ခုနကကျွန်တော်ရှင်းပြသွားတဲ့ အချက် လေးချက်အပေါ် မူတည်ပြီးပြန်တွက်မယ်ဆိုရင် နှစ်ချက် က လုပ်ဖို့မလိုတော့ပါဘူး။ ကျန်တဲ့ နှစ်ချက်က လုပ်ဖို့ လိုပါသေးတယ်။ အဲဒါက စီးပွားရေးလုပ်ငန်းတွေ စတင် ရာမှာ အဆင့်၊ ကြာမြင့်တဲ့အချိန် ဒီနှစ်ခုကိုလျှော့ဖို့ လိုလာပါတယ်။
 
ကျွန်တော်တို့ ဌာနအနေနဲ့ လုပ်စရာရှိတာ တော်တော်များများ လုပ်ပြီးပါပြီ။ အားလုံးသိကြတဲ့ အတိုင်းပါ၊ နည်းပညာကို အသုံးပြုထားတယ်ဆိုရင် တော်တော်များများက အဆင်သင့်ဖြစ်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီအဆင့်တွေလျော့အောင် အခြားဌာနတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုပါတယ်။ ပူးပေါင်းဆောင်ရွက်ဖို့ လည်း ကျွန်တော်တို့မှာ သာဓကတွေရှိပါတယ်။
 
နောက်တစ်ခုက ဒါနဲ့ပတ်သက်ပြီး ပါလာတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုလုပ်ရာမှာ ငွေကြေးအကျပ် အတည်းဖြစ်ပေါ်လာရင် ဖြေရှင်းတဲ့နည်းလမ်း Insolvency Law ကို ပြည်သူ့လွှတ်တော်က အတည်ပြု လိုက်ပြီဆိုရင် Insolvency Law အရ ဖြစ်ပေါ်လာတဲ့ လူပုဂ္ဂိုလ် သို့မဟုတ် ကုမ္ပဏီကို မှတ်တမ်းတင်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှတ်တမ်းတင်ဖို့လည်း ကျွန်တော်တို့က အသင့်ဖြစ်နေပါပြီ။ ဒါက တစ်ချက်ပါ။
 
လမ်းဖွင့်ပြီး ချိတ်ဆက်ရမှာဖြစ်
နောက်တစ်ချက်က မြန်မာနိုင်ငံငွေကြေးခဝါချမှု ဥပဒေအရ ပေါ်ပေါက်လာတဲ့ အကျိုးအမြတ်ပိုင်ဆိုင်မှု ဆိုင်ရာဖော်ထုတ်မှု ဒါနဲ့ပတ်သက်လို့လည်း ကျွန်တော်တို့ လိုအပ်တဲ့မှတ်ပုံတင်မှု၊ လိုအပ်တဲ့ကြေညာချက်တွေကို ပြင်ဆင်ပေးနေပါတယ်။ အလားတူ အလုပ်သမားနဲ့ ပတ်သက်တာ၊ အကောက်ခွန်နဲ့ပတ်သက်တာ၊ ပြည်တွင်း အခွန်နဲ့ပတ်သက်တာ၊ လူမှုဖူလုံရေးနဲ့ပတ်သက်တာ ဒါတွေဆိုရင်လည်း ကျွန်တော်တို့ဘက်က လမ်းဖွင့်ပြီး ချိတ်ဆက်ရမှာဖြစ်ပါတယ်။
 
အဲဒီတော့ ကျွန်တော်တို့ဌာနအနေနဲ့ ကိုယ့်ဟာကို ဌာနတစ်ခုတည်းအနေနဲ့ တက်သွားလို့မပြီးဘဲ အခြား ဌာနတွေကိုပါ နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်အောင် ချိတ်ဆက်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်ဖို့ကိုလည်း ခွင့်ပြုချက်ရရှိထားပြီးဖြစ်ပါတယ်။
 
ငွေရေးကြေးရေးကအစ လိုအပ်တဲ့အချိန်မှာ ဖြည့် စွက်ပေးဖို့ဆိုတာလည်း ရရှိပြီးဖြစ်ပါတယ်။ အဲဒီတော့ နည်းပညာအကူအညီနဲ့ အခြားလိုအပ်တဲ့ဌာနတွေကို ချိတ်ဆက်ဖို့ ဆက်လက်ဆောင်ရွက်နေတာဖြစ်တဲ့အတွက် လာမယ့် စီးပွားရေးလုပ်ငန်းတစ်ခုစတင်ခြင်းမှာ အခြေ အနေကောင်းတစ်ခုရမယ်လို့ ကျွန်တော်တို့ မျှော်လင့် ထားပါတယ်။
 
တစ်လက်စတည်း ကျွန်တော်တို့ဌာနက တာဝန်ယူ ဆောင်ရွက်တဲ့ လူနည်းစုရင်းနှီးမြှုပ်နှံသူတွေ အကာ အကွယ်ပေးရေးဆိုင်ရာနဲ့ပတ်သက်လို့လည်း ပြည့်ပြည့် စုံစုံ ရှင်းပြခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နည်းပညာကို အသုံးပြုခြင်း၊ အသုံးပြုတဲ့နည်းပညာကို အခြားအဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေ၊ သက်ဆိုင်သော ဌာနတွေကို ဖြန့်ဝေခြင်း၊ နောက်တစ်ခုက ကျွန်တော်တို့ မှာ ရှိပြီးသား၊ လုပ်ပြီးသား အခြေခံရှိတဲ့အချက်အလက် တွေကို သိအောင်ကြေညာခြင်း၊ လုပ်ဆောင်မှု ရှိ၊ မရှိ ကို လိုက်လံကြည့်ရှုခြင်း၊ နောက်ဆုံးတစ်ချက်က အားလုံးမှာ အချုပ်ဖြစ်တဲ့ နည်းပညာနဲ့ အခက်အခဲတွေကို ကျော်လွှား မယ်လို့ ကျွန်တော်တို့ပြင်ဆင်ပြီး ကြိုတင်စီစဉ်ဆောင်ရွက် နေပါတယ်လို့ တင်ပြချင်ပါတယ်။
 
အစီအစဉ်မှူး။ ဆောက်လုပ်ခွင့်ရယူခြင်း အညွှန်း ကိန်းဆိုင်ရာ အထောက်အကူပြု
အဖွဲ့အနေနဲ့ ရှေ့အနာဂတ်အလားအလာအခြေအနေ ဘယ်လိုရှိမယ်လို့ မျှော်လင့်ထားပါသလဲခင်ဗျာ။
 
ဒေါ်လှိုင်မော်ဦး။ DG ပြောသလိုပါပဲ နည်းပညာတစ်ခုဖြစ်
တဲ့ အွန်လိုင်းစနစ်ကို ဆောင်ရွက်နေတာ ရှိပါတယ်။ ကျွန်မတို့ ဒါကရန်ကုန်မြို့မှာဆောင်ရွက်နေတဲ့အပိုင်းဖြစ်ပါတယ်။ ထိခိုက် နိုင်‌ခြေအပေါ် မူတည်ပြီး ခွင့်ပြုမိန့်တွေကို ထုတ်ပေးတဲ့ နိုင်ငံတကာမှာကျင့်သုံးနေတဲ့အစီအစဉ်မျိုးကို အွန်လိုင်းမလုပ်ရင်လည်း မြန်မာနိုင်ငံမှာရှိတဲ့ အခြားမြို့တွေက ဒီအပေါ် မှာမူတည်ပြီး ထိခိုက်နိုင်ခြေနည်းရင် နည်း သလို ခွင့်ပြုမိန့်တွေကို မြန်မြန်ဆန်ဆန် ထုတ်ပေးတဲ့နည်းလမ်းကို ကျင့်သုံးလို့ရအောင် လည်း ကျွန်မတို့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးနေပါတယ်။ ဒါကိုမျှဝေပေးနေပါတယ်။
 
ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့ရဲ့ အထောက်အကူပြုအဖွဲ့ထဲမှာ မန္တလေးနဲ့ နေပြည်တော်တို့လည်း ပါပါတယ်။ အခြား တိုင်းဒေသကြီးနဲ့ ပြည်နယ်စည်ပင်သာယာရေးကော်မတီတွေလည်းပါပါတယ်။ အဲဒီ တော့ အဆောက်အဦခွင့်ပြုမိန့်နဲ့ ပတ်သက်ပြီးပေးနေတဲ့ အထူးသဖြင့်တိုင်း ဒေသကြီးနဲ့ ပြည်နယ်စည်ပင်သာယာရေးကော်မတီတွေမှာရှိတဲ့ အဆောက်အဦတွေ တော်တော်များများက ထိခိုက်နိုင်ခြေနည်းတဲ့ အဆောက်အဦအနိမ့်တွေပါ။ လွယ်လွယ်ကူကူဆောင်ရွက်နိုင်ဖို့ကို ဝိုင်းပြီးကူပေးနေပါတယ်။ မြို့ကြီးတွေဖြစ်တဲ့ မန္တလေးနဲ့ နေပြည်တော် တို့ကလည်း ကျွန်မတို့သုံးနေတဲ့ အွန်လိုင်းစနစ် အောင်မြင်ရင် မျှဝေဆောင်ရွက်ဖို့လည်း အစီ အစဉ်ရှိပါတယ်။ ဒါပေမယ့် ခုနက ကျွန်မ ပြောသလိုပါပဲ။ ဒါက ကျွန်မတို့တစ်ဌာနတည်း လုပ်လို့ရတဲ့အပိုင်းကို ဆောင်ရွက်နေတာရှိ သလို အခြားဌာနတွေနဲ့ပူးပေါင်းဆောင်ရွက်ရတာတွေလည်း ရှိပါတယ်။ ဥပမာ-မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့လို အခြားဌာနတွေနဲ့ လည်း ညှိနှိုင်းဆောင်ရွက်နေပါတယ်။
 
အဲဒီအပိုင်းတွေကို ကျွန်မတို့တစ်ဌာနတည်း လုပ်လို့ရတာတွေ အကုန်လုပ်ပြီးရင်၊ ဒါမှ မဟုတ် အဆင့်တွေ၊ အချိန်တွေနဲ့ ပတ်သက်တဲ့ အပိုင်းတွေကိုလုပ်ပြီးရင် အရည်အသွေး Insurance နဲ့ပတ်သက်တဲ့ မူဝါဒပိုင်းဆိုင်ရာ တွေ၊ နည်းဥပဒေပိုင်းဆိုင်ရာတွေ ပါလာပါ တယ်။ ဥပမာ အာမခံပေးတဲ့ ကိစ္စမျိုးတွေဆိုရင် လည်း ကျွန်မတို့ဘက်ကလေ့လာပြီးနှစ်ပတ်တစ်ခါတွေ့တာရှိပါတယ်။ တစ်လတစ်ခါ တွေ့တာရှိပါတယ်။
ဒီလိုအခြေအနေတွေမှာ အခြားဌာနတွေ နဲ့ပေါင်းစပ်ပြီး မူဝါဒပိုင်းကိစ္စတွေကိုလည်း တင်ပြနေတာရှိတော့ ကျွန်မတို့ စီးပွားရေး ပတ်ဝန်းကျင်ကောင်းတစ်ခုကို မကြာခင် ဖန်တီးနိုင်မယ်လို့ ကျွန်မအနေနဲ့မျှော်လင့်ပါ တယ်။ ယုံကြည်ပါတယ်။ အားလုံးက စိတ်ဆန္ဒ ရှိနေကြပါတယ်။
 
ကျွန်မတို့နိုင်ငံမှာ စီးပွားရေးဝန်းကျင် ကောင်း ပေါ်ပေါက်ဖို့ ဆန္ဒရှိနေကြပါတယ်။ ကြိုးစားနေကြပါတယ်။ တစ်ဦးချင်းလည်း ကြိုးစားနေကြပါတယ်။ ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုတွေလည်း လုပ်နေကြပါ တယ်။ အပြင်မှာ ကျွန်မတို့ ခုနကပြောတဲ့ မူဝါဒပိုင်း၊ နည်းဥပဒေပိုင်း၊ ဥပဒေပိုင်း၊ လုပ်ထုံး လုပ်နည်းပိုင်းတွေကိုလည်း ကျွန်မတို့ရဲ့အထက် မှာရှိတဲ့ ပုဂ္ဂိုလ်တွေက တကယ်ကို အားပေး ဆောင်ရွက်နေတာဖြစ်လို့ ကျွန်မအနေနဲ့က အနာဂတ်ကာလမှာ စီးပွားရေးဆိုင်ရာလုပ်ငန်း တွေ ပိုမိုပွင့်လန်းလာမယ်လို့ယူဆပါတယ်။
 
အစီအစဉ်မှူး။ ဟုတ်ကဲ့ပါ။ ဒီတစ်ခါ ပုဂ္ဂလိကကဏ္ဍ အနေနဲ့
အနာဂတ်အခြေအနေ၊ အလားအလာဘယ်လို ရှိမယ်လို့ မျှော်လင့်ထားပါသလဲ။
 
 
ဒေါ်ခိုင်ခိုင်နွယ်။ Doing Business ကို တိုင်းတာကိုက အဓိက
အချက်သုံးချက်ဖြစ်ပါတယ်။ အချိန်သက်သာ မယ်၊ စရိတ်သက်သာမယ်၊ အဆင့်တွေလျော့ သွားမယ်။ ဒီ သုံးခုစလုံး ပုဂ္ဂလိကကဏ္ဍတွေက ကြိုက်တာပဲလေ။ ဒီအမှတ်တက်တယ်ဆိုတာ က ပုဂ္ဂလိကဘက်က ကောင်းတယ်လို့ပဲ တွက်ပါတယ်။
 
အမှတ်တက်ဖို့အတွက်ကို ပူးပေါင်း ဆောင်ရွက်မှုတွေလည်း လုပ်ပါတယ်။ လုပ်ငန်း အတွက်လည်းပါသလို တိုင်းပြည်အတွက်လည်း ပါပါတယ်။ ဒါကြောင့် ပူးပေါင်းဆောင်ရွက်ပါ တယ်။ ဒါပေမယ့် တစ်ခါတစ်ရံမှာ ပုဂ္ဂလိက ကဏ္ဍက လိုအပ်တာလေးတွေကျရင် အသံလေး တွေ နည်းနည်းပေးတတ်တာလေးတွေ ရှိပါ တယ်။ အသံပေးတဲ့အခါမှာ နားလည်ပေးဖို့ပါ။
အဲဒါက ဒီဘက်နောက်ပိုင်းတော်တော်လေး နားလည်လာတော့ အပြုသဘောဆောင်တဲ့ အသံပေးမှု၊ ဒါလေးတော့ ခက်ခဲပါတယ်။ ဒါလေး ကိုပြောင်းပေးပါဆိုပြီး ပူဆာသလိုမျိုးလေး ပေါ့လေ၊ ဒါလေးကိုနားလည်ပေးပြီး အတူတူ ပူးပေါင်းပြီး ပြောင်းလဲကြတယ်ဆိုရင် ရှေ့ အနာဂတ်မှာကောင်းလာမှာပါလို့ အသံလေး နည်းနည်းထွက်တာတော့ သည်းခံနားလည် ပေးပြီး ပူးပေါင်းဆောင်ရွက်ပေးပါလို့ ပြောချင် ပါတယ်။
ဒေါ်လှိုင်မော်ဦး။ ကျွန်မ တစ်ခုလေး ထပ်ဖြည့် ပြောချင်ပါ
တယ်။ ကျွန်မတို့က ရိုးရှင်းဖို့၊ လွယ်ကူဖို့၊ မြန်ဆန်ဖို့၊ သက်သာဖို့လိုသလို တစ်ဖက်မှာ လည်း အရည်အသွေးအနေနဲ့ အာမခံချက်ရှိဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်မတို့ တစ်ဖက်ကဖြေလျှော့ပေးနေသလို တစ်ဖက် က ထိန်းချုပ်နိုင်မယ့် အာမခံချက်နဲ့ပတ်သက် တဲ့ ဥပဒေတွေ၊ လုပ်ထုံးလုပ်နည်းတွေလည်း လိုမှာဖြစ်ပါတယ်။ လွယ်ပြီး၊ မြန်ပြီး၊ သက်သာပြီး အာမခံချက်မရှိရင်လည်း ရေရှည်မှာကျတော့ ခုနပြောတဲ့ စီးပွားရေးပတ်ဝန်းကျင်ကောင်းဖြစ်မှာ မဟုတ်ပါဘူး။
 
ဒါကြောင့် အရည်အသွေးနဲ့ပတ်သက်တဲ့ အပိုင်းကိုလည်း ကျွန်မဘက်က တစ်ခါ တလေ ထိန်းချုပ်ရတာရှိခဲ့ရင်လည်း ပုဂ္ဂလိကကဏ္ဍဘက်က နားလည်ပေးစေချင် ပါတယ်လို့ ပြောကြားချင်ပါတယ်။
 
 
အစီအစဉ်မှူး။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး
ဌာနအနေနဲ့ ထပ်ပြီးဘာများဖြည့်စွက်ပြောကြားချင်ပါသလဲ။
 
 
ဦးအောင်ထူး။ တခြားတော့မရှိပါဘူး။ ဒီလိုဆွေးနွေးခွင့်ရတဲ့
အတွက် ကျွန်တော့်အနေနဲ့ များစွာ ဝမ်းမြောက်ပါတယ်။ နောက်တစ်ကြိမ် ဒီလို တွေ့ဆုံပွဲဖြစ်လာတဲ့အခါ ဒီနှစ်မှာတိုးတက်မှု ရှိခဲ့သလို နောက်နှစ်မှာလည်း တိုးတက်မှု တွေ ရရှိလိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ပြောကြား လိုပါတယ်။
 
အစီအစဉ်မှူး။ ဟုတ်ကဲ့ပါ ခင်ဗျာ။ ကျွန်တော်တို့ရဲ့စီးပွား
ရေးစကားဝိုင်းအစီအစဉ်လေးကို ဒီမှာနိဂုံး ချုပ်လိုက်ရအောင်ခင်ဗျာ။ ။