စီရော်နယ်ဒို၏ ဟက်ထရစ်ဂိုးဖြင့် စပါးအသင်းကို အနိုင်ရရှိခဲ့သည့် မန်ယူ

ပရီမီယာလိဂ်ပွဲစဉ် (၂၉) မှ အကောင်းဆုံး ပွဲစဉ်တစ်ပွဲဖြစ် သည့် မန်ယူအသင်းနှင့် စပါး အသင်းတို့ပွဲစဉ်ကို မတ် ၁၃ ရက် နံနက်အစောပိုင်းက အိုးထရက် ဖို့ဒ်ကွင်း၌ အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ရာ မန်ယူအသင်း က စီရော်နယ်ဒို၏ ဟက်ထရစ်ဂိုး နှင့်အတူ သုံးဂိုး-နှစ်ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။ မန်ယူအသင်းသည် ယခုပွဲ အနိုင်ရရှိမှုကြောင့် ၂၉ ပွဲကစားပြီး ရမှတ် ၅၀ ရရှိလာပြီ ဖြစ်သည်။ ပွဲချိန် ၁၂ မိနစ်တွင် ဖရက်၏ ဖန်တီးမှုမှ စီရော်နယ်ဒို ဂိုးသွင်းယူ နိုင်ခဲ့သဖြင့် မန်ယူအသင်း ဦးဆောင်ဂိုး ရရှိခဲ့သည်။ သို့သော်လည်း ပွဲချိန် ၃၅ မိနစ်တွင် စပါးအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဟယ်ရီကိန်းက သွင်းယူပေး သည်။ မန်ယူအသင်းသည် ချေပဂိုးခွင့်ပြုပေးလိုက်ရပြီးနောက် မကြာမီ ဒုတိယဂိုးရရှိခဲ့ပြီး ဆန်ချို၏ ဖန်တီးမှုမှ စီရော်နယ်ဒိုက သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၂ မိနစ်တွင် မန်ယူအသင်း ခံစစ်မှူး မက်ဂွိုင်းယား ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့၍ စပါးအသင်း ဒုတိယဂိုးရရှိခဲ့သည်။ မန်ယူအသင်းအတွက် အနိုင်သေချာစေမည့် တတိယဂိုးကို ပွဲချိန် ၈၁ မိနစ်တွင် ခံစစ်ကစားသမား တဲလပ်စ်၏ ဖန်တီးမှု မှ စီရော်နယ်ဒိုက သွင်းယူပေးနိုင်ခဲ့သည်။ စီရော်နယ်ဒိုသည် အိုးထရက်ဖို့ဒ်သို့ တစ်ကျော့ပြန်ရောက်ရှိလာပြီးနောက် မန်ယူအသင်းအတွက် ပထမအဆုံးအကြိမ် ဟက်ထရစ်ယူနိုင် ခဲ့သည်။ မန်ယူအသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ - သင်း အဆင့် ဒုတိယအကျော့ ပွဲစဉ်အဖြစ် မတ် ၁၆ ရက်တွင် လာလီဂါကလပ် အက်သလက်တီ ကိုမက်ဒရစ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ ပြိုင်ဘက် စပါးအသင်းက မတ် ၁၇ ရက်တွင် ဘရိုက်တန်အသင်းနှင့် ယှဉ်ပြိုင်ကစား ရမည်ဖြစ်သည်။ အခြားပွဲစဉ်များတွင် ချယ်ဆီးက နယူးကာဆယ်ကို တစ်ဂိုး-ဂိုးမရှိ၊ ဝက်စ်ဟမ်းက ဗီလာကို နှစ်ဂိုး-တစ်ဂိုး၊ လိဒ်က နော့ဝှစ်ကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရသည်။ အောင်ဇော်