
ရှင်ထွေးလေး
ရန်ကုန်တက္ကသိုလ်မုခ်ဦးမှဝင်၍ အဓိပတိလမ်းကို ခြေချမိသူတိုင်းသည် အစွမ်းကုန် ပွင့်လန်းနေသော ရဲရဲနီနေသည့် စိန်ပန်းပွင့်များကို မြင်ရသည့်အခါ ရဲရင့်တက်ကြွသော စိတ်ခံစားမှု ဖြစ်ပေါ်လာကြပါသည်။ စိန်ပန်းနီများက မြင်ရသူတို့၏ စိတ်နှလုံးကို ရဲရင့် တက်ကြွစေခြင်းဖြစ်ပါသည်။ စိန်ပန်းနီတို့ လွှမ်းခြုံသော ရန်ကုန်တက္ကသိုလ်သည် ခေတ်ကာလအဆက်ဆက်၊ အခက်အခဲအမျိုးမျိုးကို ရဲရဲတောက် ကြံ့ကြံ့ခံရင်ဆိုင်ပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျက်ရှိရာ မကြာခင် ရောက်ရှိတော့မည့် ဒီဇင်ဘာလ ၁ ရက်နေ့တွင် နှစ် ၁၀၀ တိတိ ပြည့်မြောက်၍ ရာပြည့်သဘင်ပွဲတော်ကို ဆင်နွှဲရတော့မည် ဖြစ်ပါသည်။
ရန်ကုန်တက္ကသိုလ်နယ်မြေ
ရန်ကုန်တက္ကသိုလ်နယ်မြေသည် ကံ့ကော်တို့ မွှေးပျံ့ထုံသင်းရာ ဌာနီဖြစ်၍ ချစ်သူတို့နယ်မြေ၊ ကံ့ကော်မြေ၊ ကံ့ကော်တောဟုလည်း ထင်ရှားအမည် တွင်သည်။ ရန်ကုန်တက္ကသိုလ်ဟု နှုတ်ဖျားမှ ရွတ်ဆို လိုက်လျှင်လည်း လူတိုင်း၏ တက္ကသိုလ်အတွေးပုံရိပ်ကို ဆွဲဆောင်စိုးမိုးနိုင်သော ထင်ရှားကျော်ကြားသည့် အထိမ်းအမှတ်များမှာ ကံ့ကော်တော၊ ဂျပ်ဆင်ဘုရား ကျောင်း၊ ဘွဲ့နှင်းသဘင်နှင့် အထင်ကရ သစ်ပုပ်ပင်ကြီး တို့ပင်ဖြစ်သည်။ ထိုကဲ့သို့ ကံ့ကော်တော၊ ဂျပ်ဆင် ဘုရားကျောင်း၊ ဘွဲ့နှင်းသဘင်နှင့် အထင်ကရ သစ်ပုပ် ပင်ကြီးတို့လောက် ထင်ရှားကျော်ကြားခြင်း မရှိသော် လည်း ရန်ကုန်တက္ကသိုလ်ကို အလှဆင်နေသော အလှတရားတစ်ရပ်မှာ စိန်ပန်းပင်များပင် ဖြစ်ပါသည်။
စိန်ပန်းပင်များသည် ရန်ကုန်တက္ကသိုလ်၏ အဓိပတိလမ်းမ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ပေါက်ရောက်နေကြသည်။ စိန်ပန်းပင်များသည် အရွယ် အနိမ့်အမြင့် မညီညာကြသော်လည်း သူ့ရာသီအချိန် အခါရောက်လျှင် ပင်ပျို ပင်အိုမကျန် အပင်အားလုံးသည် ရဲရဲနီသော ပွင့်ချပ်များဖြင့် အဓိပတိလမ်းတစ်လျှောက် ရဲရဲနီ စွေးနေအောင် အစွမ်းကုန် အလှဆင်ထားကြ စမြဲသာ ဖြစ်သည်။ ပင်လုံးကျွတ် ထိန်ထိန်နီရဲနေအောင် ပွင့်ရုံသာမက အဓိပတိလမ်းတစ်လျှောက်လုံးလည်း ရဲရဲနီစွေးအောင် ခင်းပေးထားကြရာ ပတ္တမြားပန်းခင်း ကြီးနှင့်ပင် တူချေသေးသည်။ ထို့ပြင် ပွင့်ချပ်ပွင့်လွှာ ဖတ်တွေက တစ်ခါတစ်ခါတွင် လေအတိုးမှာ ဝေ့ဝဲကာ နွဲ့ယိမ်း ကြွေကျလာတတ်ကြသေး၍ ကြည်နူးစရာ ကောင်းလှသော မြင်ကွင်းဖြစ်ပါသည်။
စိန်ပန်းပင်နှင့် တက္ကသိုလ်
စိန်ပန်းပင်များသည် ရန်ကုန်တက္ကသိုလ်၏ အရိပ် အောက်ဝယ် မွှေးရနံ့ထုံသင်းသော ကံ့ကော်ပန်းပင်များ လောက် လူ့တို့နှုတ်ဖျားတွင် တသသမရှိသော်လည်း ကျောင်းတော်ကို အလှဆင်ရာ၌ အစွမ်းကုန် တာဝန် ကျေသည်သာဖြစ်၍ ရန်ကုန်တက္ကသိုလ်နှင့် စိန်ပန်း သည်လည်း ခွဲခြား၍ မရနိုင်ပါ။ ထို့ကြောင့်လည်း ခေတ်အဆက်ဆက် ပေါ်ထွန်းခဲ့သော တေးသံသာတို့တွင် စိန်ပန်းတို့အလှကို စာပေအက္ခရာထက် သီကျူးဖော်ဆို ခဲ့ကြသည်။ ခေတ်အဆက်ဆက် စိန်ပန်းအကြောင်း သီကုံးဖွဲ့ ဆိုထားသည့် ကဗျာစာပေများသာမက တေးသီချင်းသံ များသည် ယနေ့ထက်တိုင် ရှင်သန် နိုးကြားနေကြဆဲ ဖြစ်သည်။ ကျောင်းဖွင့်ချိန်ရောက်သော်လည်း အကြောင်း ကြောင်းကြောင့် ကျောင်းသို့မရောက်နိုင်ကြသည့်အခါ မည်သူမဆို “ကျောင်းဖွင့်ချိန် စိန်ပန်းတွေလည်း မြေမှာ ကျဲပြန့်နေ...ကံ့ကော်ပန်းတွေနဲ့ အတူ သူနဲ့တွေ့ရာမြေ...တက္ကသိုလ် သို့မဟုတ် မြကျွန်းသာ အင်းလျားကန် ရေမြေ” ဆိုသော တွံတေးသိန်းတန်သီချင်းနှင့် “ဒီအချိန် ကျောင်း တော်ကြီးရဲ့အလယ်မှာ စိန်ပန်းတွေလည်း ပွင့်နေပြီကွာ ... အချိန်စက်ဝိုင်းများက ကုစားမစွမ်းနိုင်ပါ ... အလွမ်းရယ် မပြေဘူး ကျောင်းသားဘဝ...”ဟူသည့် တေးသီချင်းများကို ဆိုညည်း တတ်ကြပါသည်။ ကျောင်းကို လွမ်းဆွတ်တမ်းတမိ တတ်ကြပါသည်။ အခါအခွင့်တိုက်ဆိုင်၍ ကံ့ကော်ကို မြင်လျှင် မြကျွန်းညိုညိုကျောင်းတော်ကို သတိရ တမ်းတ မိတတ်သကဲ့သို့ စိန်ပန်းကို မြင်ပါကလည်း မြကျွန်းညိုညို ကျောင်းတော်ကို လွမ်းဆွတ်တမ်းတကြ သည်သာ ဖြစ်သည်။
ကံ့ကော်နှင့် စိန်ပန်းတို့၏ အလှတရား
မြကျွန်းညိုတွင် ကံ့ကော်တွေ ပွင့်လန်းချိန်ရောက်ပြီ ဆိုလျှင် မွှေးပျံ့ကြိုင်သင်းသလို စိန်ပန်းတွေ ပွင့်လန်း ဝေဆာချိန်တွင်လည်း ပတ်ဝန်းကျင်တစ်ခုလုံးကို ပတ္တမြား သွေးနီနီစွေးကာ လောကအလှဆင်သည်သာ။ ကံ့ကော်လည်း ကံ့ကော်မွှေးရနံ့ ကံ့ကော်အလှနှင့် ရှိသလို စိန်ပန်းလည်း စိန်ပန်းအလှနှင့်သာပင်။
မည်သူက ပိုလှ ပိုသာပါသည်ဟု ကျွန်မတော့ မဆိုဝံ့ပါ။ ကံ့ကော်နှင့် စိန်ပန်းတွေသာ အသက်ရှိ၍ စကားများ ပြောတတ်ကြမည်ဆိုလျှင် အလှချင်းယှဉ် အပြိုင်ကြဲကြ လေမည်လားကိုတော့ မဆိုတတ်ပါ။ စင်စစ်တွင် ကျွန်မ တို့ကသာ ကံ့ကော်နှင့် စိန်ပန်းတို့၏ မတူညီသည့် အလှ တရားကို ခိုင်းနှိုင်းအတွေးနယ်ချဲ့နေမိ တတ်ကြခြင်း လည်း ဖြစ်နိုင်ပါသည်။
စိန်ပန်းသည် ကံ့ကော်ကဲ့သို့ မွှေးရနံ့ကြိုင်လှိုင် သင်းပျံ့ခြင်းမရှိ၊ လူတို့က ဆံကေသာထက် အမြတ်တနိုး ဂုဏ်ယူပန်ဆင်ခြင်း မခံရသော်လည်း သူ့ရာသီချိန်ခါ ရောက်လျှင် သစ္စာရှိစွာ ပွင့်လန်းမြဲ ဖြစ်သည်။ လောက ပတ်ဝန်းကျင်ကို နှိမ့်ချစွာ အလှဆင်ရန် ကြိုးပမ်းမြဲ ဖြစ်သည်။ လောက ပတ်ဝန်းကျင်တွင်လည်း အချို့သော လူများသည် စိန်ပန်းနှင့် တူသည်ဟု ကျွန်မ တွေးတော မိပါသည်။ လောကအတွက် မွှေးရနံ့ကို သူတို့ မပေးနိုင်ကြ သော်လည်း သူ့နည်း သူ့ဟန်တော့ အလှဆင်ပေး တတ်ကြသည် မဟုတ်ပါလား။ ထိုသို့ အလှဆင်သည့် အတွက်လည်း မည်သည့်အခွင့်အရေးကိုများ သူတို့ တောင့်တကြသနည်း။ တောင့်တကြဟန် မတူ ပါချေ။
စိန်ပန်းပင်များသည် နွေဦးရာသီအစမှ မိုးဖြိုင်ဖြိုင် ရွာသည့် မိုးလရာသီအထိ ဝေဝေဆာဆာပွင့်သည့် အခါတွင် တက္ကသိုလ်နယ်မြေတစ်ခုလုံး ပန်းချီကားချပ် ကြီးနှင့်ပင် တူနေပေသေးသည်။ မိုးထဲလေထဲတွင် မည်သည့်ပန်းများ ပွင့်ကြသည်ဖြစ်စေ၊ မပွင့်ကြတော့ သည်ဖြစ်စေ စိန်ပန်းများကတော့ ဝေဆာမြဲ၊ ဝေဆာဆဲ၊ ပွင့်လန်းမြဲ၊ ပွင့်လန်းကြသည်သာဖြစ်သည်။ လောက သဘာဝအရလည်း ကျွန်မ တို့ပတ်ဝန်းကျင်တွင် စိန်ပန်း လိုလူများရှိတတ်ကြပေသည်။ လောကအတွက် မိမိတို့၏ အကျိုးပြုမှုကို မည်သူက အသိအမှတ် ပြုကြသည်ဖြစ်စေ၊ အသိအမှတ် မပြုကြသည်ဖြစ်စေ မိမိတို့အလုပ် မိမိတို့ ဆက်လုပ်ကြသည်သာဖြစ်သည်။
အိမ်တစ်အိမ်တွင် မောင်ငယ်၊ နှမငယ်များအတွက် သားကြီးသမီးကြီးများသည် စိန်ပန်းနှင့်တူသည်ဟု ကျွန်မဆိုချင်လှသည်။ မိခင်၊ ဖခင်တို့သည်လည်း သားသမီးတို့အတွက် စိန်ပန်းနှင့်တူသည်သာ ဖြစ်ချေ သည်။ ရောင်စုံပန်းဥယျာဉ်ထဲ၌ ကံ့ကော်နှင့်တူသော မောင်ငယ်၊ နှမငယ်၊ သားငယ်၊ သမီးငယ်တို့ လှသွေးကြွယ် မွှေးပျံ့မလာခင်ဝယ် စိန်ပန်းတို့ကဲ့သို့ လောကအလှ ဆင်ပေးကြသည် မဟုတ်ပါလား။ စိန်ပန်းကို ကံ့ကော်ကဲ့သို့ မမွှေးပျံ့ရကောင်းလားဟု အပြစ်ဆိုပေက စိန်ပန်း ၏သစ္စာ၊ မေတ္တာကို စော်ကားခြင်းသာ မည်ပေသည်။ ကျွန်မတို့သည် အဘယ်ကြောင့်များ မတူညီသည့် အလှတရားများကို နှိုင်းယှဉ်ခိုင်းနှိုင်းနေဖို့ လိုမည်နည်း။ ကံ့ကော်လည်း ကံ့ကော်အလှနှင့်၊ စိန်ပန်းလည်း စိန်ပန်းအလှနှင့် ရှိကြ သည်ကို သတိပြု ဆင်ခြင်သင့်ချေသည်။ အရှိတရားကို လက်ခံခြင်းသည်ပင် လောကအလှတရားတစ်ပါးဟု မြင်မိ ချေသည်။
စိန်ပန်းကဲ့သို့ ကျင့်ကြံ
စင်စစ်အားဖြင့် သူတစ်ပါး အသိအမှတ်ပြုမှုအတွက် လောကအကျိုးသယ်ဆောင်လိုခြင်းသည် လွန်စွာ အင်မတန် သိမ်နုပ်ညံ့ဖျင်းလှချေသည်။ လူ့လောက ပတ်ဝန်းကျင်တွင် လူအများနှင့် ပေါင်းသင်းဆက်ဆံ သည့်အခါ စိန်ပန်းကဲ့သို့ ကျင့်ကြံရန်၊ အားထုတ်တတ်ရန် လိုအပ်ပေသည်။ ရာသီချိန်ခါရောက်လျှင် မပျက်မကွက် ပွင့်လန်းမြဲဖြစ်သည့် စိန်ပန်း၏သစ္စာကဲ့သို့ ခိုင်မာမြဲမြံရန် လိုအပ်ပေသည်။ အကျိုးအမြတ်တွက်၍ အလုပ် လုပ်ဆောင်ခြင်းသည် စိန်ပန်း၏ သစ္စာနှင့် သွေဖည်လှပါ သည်။ စဉ်းစား တွေးခေါ်မှု မပြုနိုင်သော စိန်ပန်းတို့သည် ပင် အကျိုးတစ်စုံတစ်ရာ မမျှော်လင့်ဘဲ မပျက်မကွက် လောကအလှဆင်နိုင်ကြပါလျှင် စဉ်းစားတွေးခေါ်မှုပြု နိုင်သော သက်ရှိ လူသားတို့သည်လည်း စိန်ပန်းတို့ ထက်ပို၍ လောကအကျိုးပြုကြရန် သင့်ပေသည်ဟု တွေးထင်မိသည်။
မိဘတို့က သားသမီးတို့အတွက် စွန့်လွှတ်အနစ်နာခံ သည့်အခါတိုင်း မည်သည့်အကျိုးကို ပြန်လည်မျှော်လင့် သည်ဟူ၍ ကြားဖူးကြပါသနည်း။ အစ်ကိုကြီး၊ အစ်မကြီး တို့က မောင်ငယ်၊ နှမငယ်တို့အတွက် ငဲ့ညှာအနစ်နာခံပေး သည့်အခါတိုင်း ပြန်လည်အသိအမှတ်ပြုမှုကို မျှော်လင့် သည်ဟူ၍ ကြားဖူးကြပါသနည်း။
ဆရာသမားတို့က တပည့်သားမြေးများအတွက် လမ်းသစ်ဖောက်ပေးသည့် အခါများတွင်လည်း တပည့် တို့ထံမှ အကျိုးတစ်စုံတစ်ရာ မျှော်လင့်သည်ဟူ၍ မရှိတတ်ကြပါ။ ရှေးလူကြီးမိဘများသည်လည်း နောင်လာနောက်သားတို့အတွက် တစ်စုံတစ်ရာ ဆောင်ရွက်ခဲ့ကြ ရာတွင် မိမိတို့အကျိုးအတွက် မျှော်ကိုး လုပ်ဆောင်ခဲ့ကြသည်ဟူ၍ မရှိခဲ့ကြပါ။ စိန်ပန်းတို့ ကဲ့သို့ပင် မိမိတို့ကို မွှေးကြူပါစေ၊ ပန်ဆင်ပါစေဟူ၍ မျှော်လင့် ပွင့်လန်းကြခြင်း ဟုတ်ဟန်မတူပါ။ ဤ လောကတွင် စိန်ပန်းကဲ့သို့ လောကအလှဆင်သည့် ပုဂ္ဂိုလ်များ ပေါများစွာ ပေါ်ပေါက်ခဲ့သည်ဟု ဆိုနိုင် ပါသည်။
အမိရန်ကုန်တက္ကသိုလ်၌လည်း စိန်ပန်းပွင့်များ ကဲ့သို့ ရဲရဲနီသော သစ္စာတရားပန်ဆင်သည့် ပုဂ္ဂိုလ်များ ပေါ်ပေါက်ခဲ့ပါသည်။
မြန်မာ့ဒီမိုကရေစီသမိုင်းအစဟု ဆိုနိုင်သော မြန်မာ့ ပညာရေးသမိုင်း ပြုပြင်ပြောင်းလဲမှု အစသည်ပင် မည်သည့်အကျိုးအမြတ် တစ်စုံတစ်ရာကိုမှ မမျှော်ကိုး သော ကျောင်းသားတို့၏ အားထုတ်ကြိုးပမ်းခဲ့မှုတို့ ကြောင့် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။ မိမိတို့ ဘွဲ့ရ ပြီးနောက်တွင် ပိုင်ဆိုင်ကြရတော့မည့် မြို့အုပ်၊ အရေးပိုင်ရာထူး ဂုဏ်ဒြပ်များကို စွန့်လွှတ်၊ ယုတ်စွအဆုံး မိဘဆွေမျိုးတို့ထံမှ အမွေဆက်ခံခွင့်တို့ကိုပင် စွန့်လွှတ် ခဲ့ကြသော ကျောင်းသားထုသည် မြန်မာ့ပညာရေး သမိုင်းတွင် အက်ဥပဒေကိုပြင်ဆင်ရန်အတွက် ကိုယ်ကျိုး စွန့် အနစ်နာခံခဲ့ကြပါသည်။ ထိုသို့ ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့ကြသော၊ တိုက်ပွဲဝင်ခဲ့ကြသော ကျောင်းသားထု၏ သွေးသစ္စာကို ကိုယ်စားပြု၍လည်း စိန်ပန်းနီတို့က ရဲရဲတောက်သင်္ကေတပြု ပွင့်လန်းနေကြ သည့်အလား ထင်မှတ်ရပါသည်။
လောကအလှဆင် အကျိုးပြုလျက်
စိန်ပန်း၏ သဘောသဘာဝသည် တည်တံ့ခိုင်မြဲ သည်။ စိန်ပန်းပွင့်များသည် လေနတ်မင်းက ဝေ့ဝဲ ကျီစယ် လိုက်၊ မိုးနတ်မင်းက ထစ်ချုန်းရွာသွန်းလိုက်သည်နှင့် မြေမှာ ကြဲပြန့်ရသည်။ သို့ရာတွင် စိန်ပန်းတို့သည် ပင်ပျို ပင်အိုတို့ထက်တွင် ပွင့်လန်းနေသည့်အခါတွင်လည်း အစွမ်းကုန် ပွင့်လန်း၍ သြကာသဝန်းကျင်ကို အလှဆင် ပေးသကဲ့သို့ မြေမှာ ကြဲပြန့်ရသည့်အခါတွင်လည်း တစ်မျိုးတစ်ဖုံ အလှဆင်ပေးနေသည်သာဖြစ်သည်။ ရနံ့ ကင်း၍ ကောက်ယူမွှေးကြူမည့်သူ၊ ပန်ဆင်မည့်သူမရှိ သော်လည်း ပွင့်မြဲပွင့် ကြွေမြဲကြွေ၍ အလှဆင်ပေး တတ်ပါသည်။ ထို့ပြင် စိန်ပန်းပွင့်များက အလှအပ သက်သက် ပွင့်ရုံသာမကဘဲ အသုံးပြုတတ်မည်ဆိုပါက ကျန်းမာရေးအတွက်ပင် အကျိုးပြုတတ်သည်ကို လူသိ နည်းလှပါသည်။ သို့ရာတွင် လူသိသည်ဖြစ်စေ၊ မသိ သည်ဖြစ်စေ စိန်ပန်းများက မိမိတို့အစွမ်းရှိသမျှ လောက အလှဆင် အကျိုးပြုလျက်ပင် ဖြစ်သည်။
စိန်ပန်းလိုကျင့်၊ စိန်ပန်းလိုကြံကြပါ ဟူသည်မှာ အပြောလွယ်သလောက် အလုပ်ခက်ပေသည်။ လူတစ်ဦး နှင့် တစ်ဦး အပြန်အလှန်အကျိုးမျှော်ကိုးခြင်းမရှိ သစ္စာ၊ မေတ္တာထားနိုင်ကြလျှင် အလွန်ပင်ကြည်နူးချမ်းမြေ့စရာ ကောင်းလှပေမည်။ သို့သော် ထိုအရာသည် အပြော လွယ်သလောက် အလုပ်ခက်လှပေသည်။ ထိုသို့ တစ်ဦး နှင့်တစ်ဦး အတုံ့အလှည့် အကျိုးမျှော်ကိုးခြင်းမရှိသည့် သဘောသည် စိန်ပန်းက ဆံကေသာထက်ပန်ဆင်ခြင်း မခံရသော်လည်း ပွင့်လန်းဝေဆာမြဲသဘောနှင့် တူချေ ပေလိမ့်မည်။
လူတို့၏မနောမှာ မိမိတို့၏ လုပ်ဆောင်ချက်များ အတွက် အသိအမှတ်ပြုခံချင်တတ်သည့် သဘောသဘာဝ ရှိတတ်ကြသည်မှာ မှန်သော်လည်း လောကတွင် ပန်း တစ်မျိုးနှင့် တစ်မျိုးပင် ပွင့်လန်းဝေဆာသည့် သဘော သဘာဝချင်းမတူကြပါ။ ကံ့ကော်တွေက တပို့တွဲမှ တန်ခူး လထိ ပွင့်လန်းပြီး ရနံ့မွှေးကြိုင်သည်။ စိန်ပန်းတွေက နွေဦးအစမှ မိုးလရာသီအထိ ကာလရှည်ကြာ ပွင့်လန်း သော်လည်း ရနံ့မရှိ။ မိမိ၏ အရောင်အသွေးဖြင့်သာ ဝန်းကျင်လောက၏ အလှတန်ဆာဆင်ရသည်။ စိန်ပန်း ကို ကံ့ကော်ကဲ့သို့ ရနံ့မသင်းထုံ့ရကောင်းလားဟု အပြစ် မဆိုသာ။ စိန်ပန်းပွင့်တို့က ကောက်ယူပန်ဆင်ခြင်း မခံရ သောကြောင့် မပွင့်လန်းတော့ပါဟူ၍မရှိပါ။ စိန်ပန်း ကဲ့သို့ စိတ်သဘောမျိုး ထားတတ်ကြရန် လိုအပ်လှပေ သည်။
အမိရန်ကုန်တက္ကသိုလ်၏ ပညာရိပ်ဝယ် ခိုလှုံလာကြ သည့် ကျောင်းသားမောင်မယ်များကိုလည်း ဘဝခရီးကို လျှောက်လှမ်းကြသည့်အခါတွင် ကံ့ကော်ကဲ့သို့ မွှေးပျံ့ သင်းထုံစေချင်ပါသည်။ အထူးသဖြင့် စိန်ပန်းကဲ့သို့ ရာသီ သဘာဝကို ကြံ့ကြံ့ခံရင်ဆိုင်သကဲ့သို့ လောကဓံကို ကြံ့ကြံ့ခံပြီး လောကအလှဆင်စေချင်ပါသည်။ ကံ့ကော်တို့ ကဲ့သို့ မွှေးရနံ့ကြောင့် လူတို့သတိပြုမိပြီး ချီးကျူးမြှောက် စားခံရသည့်အခါတွင် လောကဓံကို မမေ့မလျော့ သတိချပ်စေလိုပါသည်။ စိန်ပန်းကဲ့သို့ အမြတ်တနိုး ချီးမြှောက်ခြင်း မခံရသည့်အခါတွင်လည်း အလုပ်မပျက် အပြုံးမပျက် ရင်ဆိုင်ကြစေလိုပါသည်။ စိန်ပန်း၏ ရဲရဲနီ သော သစ္စာတရားကို မမေ့မလျော့ နှလုံးသွင်းစေလို ပါသည်။
အမှန်စင်စစ်တွင် စိန်ပန်းပင်များပွင့်ချိန်ဝယ် မွှေးပျံ့ ဝေဆာလာသည့် ကံ့ကော်ပန်းများနှင့် အလှဆင်ထား သော ရန်ကုန်တက္ကသိုလ်သည် ရှုမငြီးသည့် သက်ရှိ ပန်းချီကားချပ်ကြီးသဖွယ်သာ ဖြစ်သည်။ စိန်ပန်းတို့နှင့် ကံ့ကော်ပင်တို့ရှိရာ အဓိပတိလမ်းမထက်တွင် လျှောက် လှမ်းကြရမည့် ကျောင်းသားတို့၏ မြကျွန်းညိုဘဝ အိပ်မက်များရှင်သန်ရာ အမိရန်ကုန်တက္ကသိုလ်၏ ကြည်နူးချမ်းမြေ့ဖွယ်ကကွက်များသည် ရန်ကုန် တက္ကသိုလ်ရှုမျှော်ခင်းတွင် ဆက်လက်ကခုန်နေကြမည် ကို ရှုမျှော်အားပေးရပေဦးမည်။ မွှေးရနံ့သင်းပျံ့သော ကံ့ကော်ကဲ့သို့ မျိုးဆက်သစ်များ မွေးထုတ်ပေးနေ သကဲ့သို့ စိန်ပန်းကဲ့သို့ ကျရာနေရာတွင် လောကအလှ ဆင်မည့် သားကောင်းမောင်မယ်များကို ဆက်လက် မွေးထုတ်ပေးမည့် အမိရန်ကုန်တက္ကသိုလ်၏ ရာပြည့် သဘင်ကို စောင့်မျှော်အားပေး ကြိုဆိုဂုဏ်ပြုလိုက် ပါသည်။ ။
ဆောင်းပါးရှင်
ရှင်ထွေးလေး၏
ကိုယ်ရေးအကျဉ်း
- အမည်ရင်းမှာ တင်ထွေးထွေးလွင် ဖြစ်သည်။
- အဖ ဦးတင်ငွေ၊ အမိ ဒေါ်မီးမီးတို့မှ ၁၉၉၁ ခုနှစ်၊ မတ်လ ၂၃ ရက် (စနေနေ့)တွင် မွေးဖွားခဲ့သည်။
- ၁၉၉၆ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အခြေခံပညာကို အ.မ.က (၈)၊ အခြေခံ ပညာကျောင်း (မြောက်ဥက္ကလာ)တွင် သင်ယူခဲ့သည်။
- ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ အလယ်တန်းနှင့် အထက်တန်းကို အ.ထ.က (၅)၊ အထက်တန်းကျောင်း (မြောက်ဥက္ကလာ)တွင် သင်ယူခဲ့ပြီး ၂၀၀၆-၂၀၀၇ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ခဲ့သည်။
- ဒဂုံတက္ကသိုလ်မှ မြန်မာစာအဓိကဖြင့် ၂၀၁၀ ပြည့်နှစ်တွင် ဝိဇ္ဇာဘွဲ့နှင့် ၂၀၁၄ ခုနှစ်တွင် မဟာဝိဇ္ဇာဘွဲ့များရရှိခဲ့ သည်။
- ရန်ကုန်တက္ကသိုလ်မှ ၂၀၁၅ ခုနှစ်တွင် မဟာသုတေသနဘွဲ့နှင့် ၂၀၁၇ ခုနှစ် တွင် ဘွဲ့လွန် အသုံးချကွန်ပျူတာဒီပလိုမာဘွဲ့များ ရရှိခဲ့သည်။
- “ဝဇီရဗုဒ္ဓိဦးဖိုးစိန်၏ မြန်မာဘာသာ စကားဆိုင်ရာအမြင်များ ဖော်ထုတ် လေ့လာချက်”ဟူသည့် ကျမ်းခေါင်းစဉ် ဖြင့် မြန်မာစာ ပါရဂူကျမ်းပြုစုလျက် ရှိသည်။
- ညိုထွေး၊ ရှင်ထွေးလေး ကလောင် အမည်များဖြင့် စာပေများ ရေးသား လျက်ရှိသည်။
- ရန်ကုန်တက္ကသိုလ်၊ မြန်မာစာဌာန တွင် လက်ထောက်ကထိကအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။
- Log in to post comments