၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ လူငယ်ဟူသော ဖွင့်ဆိုချက်တွင် အကျုံးဝင်သည့် အသက်အပိုင်း အခြားအလိုက် လူဦးရေ အချိုးအစားကိုကြည့်လျှင် အသက် ၁၅ နှစ်မှ ၁၉ နှစ်ထိ ၉ ဒသမ ၂၀ ရာခိုင်နှုန်း၊ ၂၀ နှစ်မှ ၂၄ နှစ်ထိ ၈ ဒသမ ၆ ရာခိုင်နှုန်း၊ ၂၅ နှစ်မှ ၂၉ နှစ်ထိ ၈ ဒသမ ၂၅ ရာခိုင်နှုန်း၊ ၃၀ နှစ်မှ ၃၄ နှစ်ထိ ၇ ဒသမ ၇၅ ရာခိုင်နှုန်းပါဝင်သည်။ အဆိုပါ အသက်အရွယ်သည် ပညာသင်ကြားသည့်အရွယ်နှင့် အလုပ်အကိုင် ဝင်ရောက်သည့် အရွယ်များဖြစ်ပြီး နိုင်ငံ၏အနာဂတ်ကို ဖန်တီး တည်ဆောက်ရာတွင် လက်ကိုင်ပြုရမည့် အင်အားများလည်း ဖြစ်သည်။ လူငယ်များသည် တစ်နည်းအားဖြင့် နိုင်ငံအတွက် အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့်အလျောက် တန်ဖိုးမြင့်သည့် လူသားအရင်းအမြစ်များဖြစ်လာအောင် ပြုစု ပျိုးထောင်ပေးရမည့်နည်းတူ လူငယ်ထုအပေါ်တွင် ကျရောက် လာမည့် မူးယစ်ဆေးဝါးအပါအဝင် အန္တရာယ်များစွာတို့မှလည်း ကာကွယ်ပေးရန် လိုအပ်သည်။
မျက်မှောက်ကာလတွင် မူးယစ်ဆေးဝါးဟုဆိုရာတွင် စိတ်ကြွ ဆေးဟုခေါ်သည့် မူးယစ်ဆေးဝါးအန္တရာယ်က ကြီးကြီးမားမား ခြိမ်းခြောက်လာလျက်ရှိသည်။ စိတ်ကြွဆေးဟု သာမန်ခေါ်ဝေါ်ပါက စိတ်ဓာတ်အင်အားကို တက်ကြွအောင်ဖြည့်ဆည်းပေးသည့် ဆေးဝါး ဟု အထင်ရောက်ဖွယ်ရာရှိခြင်းကြောင့် စိတ်ကြွရူးသွပ်ဆေးဟူ၍ ခေါ်ဝေါ်ကာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။ မက်သာဖက်တမင်းနှင့် ကဖင်းတို့ကို ပေါင်းစပ်ကာ သစ်သီးရနံ့၊ ချောကလက်ရနံ့ကဲ့သို့သော ရနံ့တစ်မျိုးမျိုး ထည့်သွင်းထားသည့် စိတ်ကြွဆေးများမှာ မူးယစ်ဆေးဝါးများသာဖြစ်သည်။ ဆေး၏ ဓာတု ပစ္စည်းများက သဘာဝမကျသော နည်းလမ်းဖြင့် လှုံ့ဆော်ခြင်းကြောင့် ပုံမှန်မဟုတ်သော စိတ်တက်ကြွမှု ဖြစ်ပေါ်လာသည်။ စွဲလမ်းမှုကို ဖြစ်စေပြီး တစ်ကြိမ်ထက်တစ်ကြိမ်ပို၍ ဆေးပမာဏကို တိုး၍ တိုး၍ သုံးစွဲလာကာ ရေရှည်တွင် ဦးနှောက်နှင့် အာရုံကြောစနစ်ကို ပျက်စီး စေခြင်းကြောင့် စိတ်ကြွရူးသွပ်ဆေးဟူ၍ ခေါ်ဝေါ်သမုတ်ကာ အသိပညာပေးရခြင်းဖြစ်သည်။
စိတ်ကြွဆေးစွဲနေသူတို့ ကျူးလွန်သည့် ကြောက်မက်ဖွယ် ပြစ်မှုများ၊ သဘာဝလွန်သည့် အပြုအမူများကို လေ့လာပါက ပုံမှန်စိတ်မဟုတ်သည့် အခြေအနေဖြစ်ပေါ်နေသူများ ဖြစ်သည်ကို တွေ့နိုင်သည်။ စိတ်ကြွရူးသွပ်ဆေး သုံးစွဲမှုကို အကြောင်းပြု၍ မိရင်း ဖရင်းကိုပင် သတ်ဖြတ်မှု၊ မိမိ၏ ရင်သွေးကို ရောင်းစားမှု၊ မိမိကိုယ်ကို သတ်သေမှုများအပါအဝင် ကြမ်းတမ်းရက်စက်လှသည့် အနိဋ္ဌာရုံ များစွာတို့ ဖြစ်ပေါ်လာရသည်။ စိတ်ကြွမူးယစ်ဆေးသည် လူ၏ စိတ်ပိုင်းကိုရော ရုပ်ပိုင်းကိုပါ ထိခိုက်ပျက်စီးအောင် ဖျက်ဆီးတတ် သည့် သေမင်းတမန်ဆေးဟုဆို၍ရသည်။ မူးယစ်ဆေးဝါးရောင်းချ သူတို့၏ အဓိကပစ်မှတ်မှာ လူငယ်လူရွယ်များဖြစ်သည်။ လူငယ် လူရွယ်များရှိနေသည့်နေရာများ၊ လူငယ်လူရွယ်များ စုဝေးသည့် နေရာများ၊ လူငယ်တို့၏ ပတ်ဝန်းကျင်များမှာ မူးယစ်ဆေးဝါးကို အလွယ် တကူရရန် ဖန်တီးထားသလို စမ်းသပ်သုံးစွဲကြည့်ရန်လည်း ဖြားယောင်းသွေးဆောင်ကြသည်။ မသုံးစွဲဖူးပါက ခေတ်မမီ၊ လူရာ မဝင်၊ တုံးအသူအဖြစ် အထင်ရောက်စေရန်လည်း စည်းရုံးကြသည်။ တစ်ခါစမိပါက အစရှိ အနောင်နောင်ဖြင့် ပျက်စီးခြင်း လမ်းဆုံးဆီသို့ ရောက်ကြရသည်။ လူငယ်လူရွယ်တစ်ဦး ပျက်စီးခြင်းက ၎င်း၏ ဘဝတစ်ခု ပျက်စီးခြင်းသာမက နိုင်ငံအတွက်လည်း တစ်တပ် တစ်အား ဆုံးရှုံးရခြင်းဖြစ်သည်။
မိမိတို့နိုင်ငံကို စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်တင်ပို့သည့် နိုင်ငံအဖြစ် ရှုမြင်မှုများရှိနေသည်။ စင်စစ်အားဖြင့် စိတ်ကြွရူးသွပ် ဆေးပြား ထုတ်လုပ်ရာတွင် သုံးစွဲသည့် ဓာတုဆေးများက အခြား နိုင်ငံများမှ ထုတ်လုပ်ခြင်းဖြစ်သည်။ တရားဥပဒေနှင့် အလှမ်းဝေး သည့် နယ်စွန် နယ်ဖျားဒေသအချို့တွင် နယ်စပ်ဖြတ်ကျော် ရာဇဝတ် ဂိုဏ်းများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါး ထုတ်လုပ် သည့် ဓာတုဗေဒပစ္စည်းများ သယ်ဆောင်မှုများ၊ အကျင့်ပျက်ဝန်ထမ်း များ စသည်တို့ပါဝင်ပတ်သက်ရှုပ်ထွေးနေကြပြီး နိုင်ငံတစ်နိုင်ငံတည်း ကိုသာ လက်ညှိုးထိုးစွပ်စွဲ၍မရသော နိုင်ငံတကာ ရာဇဝတ်မှုပင် ဖြစ်သည်။ ကုန်ကြမ်းက တစ်နေရာ၊ ထုတ်လုပ်သည်က တစ်နေရာ၊ သယ်ဆောင်သည်က တစ်နေရာ၊ ရောင်းချသည်က တစ်နေရာ စသည်ဖြင့် နိုင်ငံစုံပတ်သက်နေသောအမှုတွင် မိမိတို့၏ လူငယ်များ လည်း စိတ်ကြွမူးယစ်အန္တရာယ်စက်ကွင်းမှ မလွတ်ကင်းသည့် အလျောက် ထိရောက်စွာကာကွယ်ပေးနိုင်ရေး အလေးပေး ဆောင်ရွက်နိုင်ပါစေကြောင်း။ ။