စိတ်မချဘူး

Type

 

သိုက်စိုးထွန်း(နတ်ရွာ)

သားလေးကို မူကြိုပို့တုန်းကပေါ့။ လေးနှစ်အရွယ်သားလေးတစ်ယောက်ကို ကျောင်းပို့ဖို့အတွက် နှစ်ဦးသား ပြင်ကြဆင်ကြရတာများ ဖတ်ဖတ်ကို မောနေကြရတယ်ဆိုရင် ယုံကြပါ့မလားမသိဘူး။ လွယ်အိတ်ထဲကို ဘာထည့်ပြီးပြီလဲ။ စာအုပ်လေးတွေ ပါရဲ့လား။ “အို၊ မူကြိုတန်းက စာမှမသင်သေးတာ၊ ဘာစာအုပ်များယူစရာလိုလို့လဲ”လို့မေးတော့ “သူများတွေ အရောင်ခြယ်ရင် သူလည်းခြယ်လို့ရအောင်၊ တခြားကလေးတွေ ဟိုခြစ်ဒီခြစ် ခြစ်တာမြင်ရင် သူလည်းလိုက်ခြစ်လို့ ရေးလို့ရအောင်”တဲ့။ သူ့အမေကတော့ သားအတွက် လိုလေသေးမရှိအောင် ပြင်ဆင်ပေးနေပြန်တယ်။

 

လွယ်အိတ်ထဲမှာ ကာတွန်းပုံတွေပါတဲ့စာအုပ် လေးတစ်အုပ်ရယ်၊   ဟိုရေးဒီရေးလုပ်လို့ရတဲ့ ဗလာစာအုပ်လေး တစ်အုပ်ရယ်၊ ရေးစရာခြစ်စရာ ခဲတံရောင်စုံလေးတွေအပြင် သားကဗိုက်အလွန် ဆာတတ်တယ်ဆိုပြီးတော့ သားကြိုက်တတ်တဲ့ မုန့်ထုပ်ကလေးတွေပါ    ထည့်ပေးရပြန်ရော။ “သားရေ၊  ဟိုကျတော့ ဗိုက်ဆာရင်စားရအောင် ထည့်ပေးထားတယ်နော်၊   ဒီနားမှာ    သိလား။ ဒါကအမွှေစိန်၊ ဒါက ဂျယ်လီ”လို့ပြတော့ သားလေး က  ခေါင်းညိတ်တယ်။ 

 


“စုံပြီလား၊ ကြည့်ဦး။ ဟာ၊ မဖြစ်သေးပါဘူး။ ရေဘူးဘယ်မလဲ၊ ရေဘူး။ သြော်၊ မေ့နေလိုက်တာ။ ဒီလောက် အရေးကြီးတဲ့ရေဘူးကို မေ့နေကြတယ်။ ကြည့်စမ်း။  အချိန်မီသတိရလိုက်လို့  တော်သေး တယ်။  ရေအမြန်ဖြည့်စမ်း။ သားကအေးတဲ့ရေမှ ကြိုက်တာ။ အေးတာလေး  ဖြည့်လိုက်”


လိမ္မာလိုက်တဲ့ကလေး


“ဒီမယ်သားသား၊   ဒါရေဘူး။  ရေဆာရင် အပေါ်ကအဖုံးလေးကိုဆွဲဖွင့်၊    ဒီပိုက်လေးကို ဒီဘက်အထိ လှန်လိုက်။ ဒီနောက်အထိဆွဲလှန်နော်။ ဒါမှသောက်လို့ရတာ။ ဒီထိပ်လေးကနေသောက်။ လုပ်တတ်ရဲ့လား၊   လုပ်ကြည့်စမ်း”   ဆိုတော့ “ဟုတ်ကဲ့ဂျ”တဲ့။ သြော်၊ လိမ္မာလိုက်တဲ့ကလေး။ ကြည့်စမ်း၊ တစ်ခါတည်းကို လိုက်လုပ်ကြည့်တယ်။ ဟုတ်ပါ့။ မေ့နေလိုက်တာ။  သားကျောင်းသွားရင် ယူသွားဖို့ဆိုပြီး   ရေဘူးလေးဝယ်ထားပေမယ့်  ဘယ်လိုသောက်ရမယ်ဆိုတာ သူ့ကိုသင်မထားမိ ခဲ့ဘူး။

 


“ဟေ့၊ လုပ်ပါဦး။ ဘာလိုသေးတုန်း၊ စဉ်းစား စမ်းပါဦး”လို့မေးတော့ “ကုပ်ကား၊ ကုပ်ကား”တဲ့၊ သားသားက အော်ပြောတယ်။ “ကျောင်းကို ကစား စရာတွေယူသွားလို့ဖြစ်ပါ့မလား သားသားရ”လို့ ပြောလိုက်တော့ “တားတားက ကုပ်ကားယူချင်တာ ပါ ချို”တဲ့။ အင်းလေ၊ သူဒီလောက်တောင်ယူချင် နေမှတော့ ထည့်ပေးလိုက်ရုံပေါ့။

 

ဟိုကျမှ သူ့ ဆရာမက ပြန်ယူသွားခိုင်းရင်လည်း ချော့မော့ပြီးမှ ပြန်ယူခဲ့လိုက်ရုံရှိတာပေါ့။ သူအမြဲကစားနေကျ ပလတ်စတစ်       ဘက်ဟိုးရုပ်သေးသေးလေး ထည့်ပေးလိုက်ရတယ်။ “ကိုင်း၊  သွားမယ်၊  သွားမယ်၊ အမြန်လာ၊  ကိုးနာရီကျော်နေပြီ။   ကျောင်းက ကိုးနာရီခွဲဆိုရင်တက်မှာ” ကျောင်းရောက်တော့  ကိုယ့်လိုပဲ    တခြား ကလေးတွေကလည်း မိဘတွေကိုယ်စီနဲ့ ကျောင်း ထဲမှာ  အများကြီး  ရောက်နေကြပြီ။  တခြား အတန်းက   ကလေးတွေကတော့ သူတို့ဘာသာ လွယ်အိတ်ကလေးကိုယ်စီနဲ့   ဝင်ကြထွက်ကြ လုပ်နေကြပေမယ့် မူကြိုတန်းကလေးလေးတွေ၊ ကေဂျီတန်းကလေးလေးတွေကျတော့ မိဘတွေပါ လိုက်လာကြတာတွေ့ရတယ်။

 


သားတို့နေရမယ့်အခန်းက ဘယ်မှာပါလိမ့်လို့စုံစမ်းကြည့်လိုက်တော့  မိဘအချင်းချင်းသိတဲ့ သူက ပြတယ်။ ကြည့်လိုက်တော့ သစ်သားခုံပုပုလေးတွေစီထားတဲ့အခန်းလေးက  သားသားနေရ မယ့် အခန်းဆိုပါလား။ ကော်ဇော တိုတိုလေး တစ်ချပ်လည်း ခင်းထားတယ်။  စက္ကူရုပ်ရောင်စုံ လေးတွေလည်း       အများကြီးချိတ်ထားတယ်။ နံရံမှာလည်း  ပြည့်လို့။ ကလေးတွေနေချင်အောင်       လုပ်ပေးထားတာ။ ထိုင်စရာကတော့ အဆင်ပြေသလို  ကြည့်ကျက် ထိုင်ကြရုံပေါ့လေ။  

 

ပြီးပြည့်စုံတဲ့  စာသင်ခန်းလေးတစ်ခု   မဟုတ်ပေမယ့်  ကလေး တွေအတွက်တော့ အတတ်နိုင်ဆုံး အဆင်ပြေအောင် လုပ်ပေးထားတယ်လို့   ပြောရမှာပါ။   ကစားစရာ အရုပ်ကလေးတွေ    ရှိတာကိုက  သူတို့အတွက် မျက်စိကျစရာဖြစ်နေပြီ။

 


ကျောင်းကမတက်သေးတော့   မိဘတွေပါ ကလေးတွေနဲ့အတူ    ရောထိုင်နေကြတယ်။ တချို့ ကလေးတွေက မုန့်စားနေကြတယ်။ တချို့ကလေး တွေက ကားရုပ်လေးတွေတွန်းဆော့နေကြတယ်။ ကလေးတစ်ယောက်ကတော့ ပြဲပြဲလန်အောင်အော် ဟစ်ပြီး ငိုနေတယ်။ “ကျောင်းလိုက်ဖူး၊  ကျောင်း လိုက်ဖူး”လို့ လည်း အော်နေတယ်။ ဒါကို သူ့အဖေက ကျားစီး ဖားစီးနဲ့  ကလေးကို   တွန်းလားဆွဲလား လုပ်နေတယ်။ “အသံမထွက်နဲ့၊  တိတ်စမ်း။  ဘာတုန်း  မင်းက။ ကျောင်းလေးလိုက်ရတာကိုများ သေသွားမှာ မို့လား။ အခု  တိတ်ဆိုတိတ်၊   ချက်ချင်းတိတ်”။ ကလေးက အသံလေးတိမ်ဝင်သွားတယ်။ တရှုံ့ရှုံ့နဲ့ တော့ ငိုနေသေးတယ်။ “ဒီမယ်၊ မြင်ရဲ့လား၊ မြင်ရဲ့ လား” ဆိုပြီး တော့  ရိုက်မယ့်နှက်မယ့်ဟန်တွေလုပ်လို့ လုပ်   ဖြစ်နေပြန်တယ်။ သြော်၊  ခက်ပါဘိကော။ မလုပ်ပါနဲ့ဗျာလို့  သွားပြောလို့ကလည်း   မဖြစ်။   ကိုယ့်ကလေးကို စိတ်မချလို့ပူရတဲ့အထဲ    သူတို့ သားအဖမြင်ကွင်းကြောင့်    စိတ်ထိခိုက်ရတာက တမှောင့်။ 

 


သားသားကမေးတယ်။ “မေမေ၊ ကယေးယေးကို တူ့ဖေဖေက ဘာရို့ရိုက်တာရဲ”တဲ့။ “မရိုက်ပါဘူး သားသားရာ။ သူ့သားလေးကကျောင်းမလိုက်ချင်ဘူးပြောလို့ ပြောနေတာပါ။ သားသားက လိမ္မာတယ် လေ။ ကျောင်းလိုက်မှာနော”လို့ ကိုယ်ကဝင်ပြော တော့ “ဟုတ်တယ်။ တားတားက ကျောင်းရိုက်မှာ။ မေမေရောဖေဖေရော တားတားနဲ့ တူတူနေရမှာ နော်”တဲ့။ ကျောင်းလိုက်မယ်ဆိုပြီးကာမှ အမေရော အဖေရော ဆွဲထားမယ်ဆိုလို့ ကျောင်းကို ကလေး တွေပဲ နေလို့ရတဲ့အကြောင်း၊    လူကြီးတွေနေလို့မရတဲ့ အကြောင်း ပြောပြရင်း ချော့ရပြန်တယ်။

 


ကလေးကိုနေရာချရတယ်။     သူ့ထက်ကြီးတဲ့ ကလေးလေးတွေနဲ့လည်း အပြေးအလွှားမိတ်ဆက် ပေးရသေးတယ်။ “မောင်လေးနဲ့ကစားနော်၊ ညီလေးကိုမရိုက်ရဘူးနော်”ဆိုတာမျိုးတွေလည်း သူ့အမေ ကတော့  ရသမျှအချိန်လေးအတွင်းမှာ  တွေ့တဲ့ ကလေးကို မျက်နှာချိုလိုက်သွေးနေတယ်။ ကျန်တဲ့ ကလေးတွေကလည်း သူ့ကို ဘယ်ဂရုစိုက်အားမလဲ။ သူတို့ဟာသူတို့ကို ရှုပ်ယှက်ခတ်နေကြတာ။

 


ဒေါင်၊ ဒေါင်၊ ဒေါင်၊ ဒေါင်ဆိုပြီး အသံရှည်ဆွဲပြီးတီး လိုက်တဲ့  ကျောင်းတက်ခေါင်းလောင်းသံအကျယ် ကြီးက  ရင်ခုန်သံတွေကို  ပိုပြီးတော့မြန်စေတယ်။ ကားဘီးသံခွေကြီးကို သံချောင်းနဲ့ရိုက်လိုက်တာမို့ တစ်ကျောင်းလုံးသာမက      ဘေးပတ်ဝန်းကျင် တော်တော်ဝေးဝေးအထိ   အသံတွေက ရောက်သွား တယ်။ ရင်ထဲမှာ လှိုက်ခနဲ လှိုက်ခနဲ။

 


ကျောင်းကအပြန်မဖြောင့်


“ကျောင်းသားမိဘတွေ  ပြန်ရတော့မယ်ထင် တယ်”လို့       မိဘအချင်းချင်း       ပြောကြပြီးတော့ ကိုယ့်ကလေးကိုယ် အသီးသီးနှုတ်ဆက်နေကြတယ်။ ကလေးငိုသံတွေကလည်း သံပြိုင်ထွက်လာကြတယ်။ သားက မငိုပေမယ့် မျက်ရည်လည်ရွဲလေးနဲ့ ဖြစ်နေ တယ်။ မိဘတွေပြန်သွားတာကို လှမ်းကြည့်နေတယ်။

 


ကျောင်းကအပြန်မဖြောင့်ဘူး    ဖြစ်နေပြန်တယ်။ ကလေးရှိတဲ့ဘက်ကိုလည်ကန်လည်ကန်နဲ့။ ပိုလွန်း တယ်လို့များဆိုကြမလား      မပြောတတ်ဘူး။ ဒါတောင်မှ ကိုယ့်ထက်ပိုကြရတဲ့မိဘတွေရှိကြသေးတယ်ဆိုရင်  ယုံတော့။   ကျောင်းစပို့တဲ့အချိန် ကတည်းက ကျောင်းကပြန်တဲ့အချိန်အထိ ကလေးနဲ့အတူထိုင်နေခဲ့ကြရတဲ့မိဘတွေ နှစ်ယောက်သုံးယောက်လောက်မြင်ရတယ်။    ကျောင်းကလည်း မတတ်သာတော့လို့ နားလည်မှုပေးထားရပုံပါ။

 


ကျောင်းအပြင်ရောက်သွားတဲ့    မိဘတွေက လည်း ကိုယ့်ကလေးကို လှမ်းလှမ်းချောင်းနေကြသေး တယ်။  တချို့က  ပြတင်းပေါက်က။   တချို့က အုတ်တံတိုင်းအကွယ်လေးက။  အထဲမှာ  ငိုပြီး ကျန်နေရစ်ခဲ့သလား၊  အဖော်တွေနဲ့ကစားရင်း ပျော်နေရစ်ခဲ့သလား။ 

 


စိတ်ကဘာကြောင့်မချရတာလဲ။ အကဲပိုလှ ချည်လားလို့တော့      မေးချင်မေးမှာပေါ့လေ။  ဒီမေးခွန်းအတွက် ဖြေစရာအဖြေတွေက များနေ လိမ့်မယ်ထင်တယ်။ ဟုတ်တယ်လေ။ ကလေးက ကျောင်းဆိုတာကို အရင်က  မကြုံဖူးဘူး။  အခုမှ စကြုံရမှာ။  အိမ်မှာ တစ်ယောက်တည်းအနေများ တာမို့ သူငယ်ချင်း ဆိုတာတွေနဲ့ မကစားတတ် သေးဘူး။ အခုကျတော့ ရွယ်တူကလေးလေးတွေနဲ့ အကြာကြီး နေရတော့မှာ။ ဒါကို  သူနေတတ်ပါ့ မလား။

 


အိမ်မှာက ဘာတဲ့ဆို သူ့အမေက လိုက်လုပ်ပေး ခဲ့တာ။ ကျောင်းမှာတော့ ဆရာမကတစ်ယောက် တည်း။ ကလေးတွေကအများကြီး။  ဒီကလေး နှစ်ဆယ်သုံးဆယ်လောက်ရဲ့ဒဏ်ကို ဒီဆရာမလေး တစ်ယောက်တည်းက ဘယ်လောက်အထိခံနိုင် မလဲ။ ဒီတော့ ငိုတဲ့ကလေးငို၊  အော်တဲ့ကလေးအော်၊  ဆော့တဲ့ ကလေးဆော့၊ လဲတဲ့ ကလေးလဲ၊ ပွန်းတဲ့ကလေးပွန်းဖြစ်ကုန်လိမ့်မယ်။     ဖြစ်တော့ဖြစ် လိမ့်မယ်။ တစ်ချိန်မဟုတ်  တစ်ချိန်။ 

 


အတွေးပေါင်းများစွာ


ကလေး   စိတ်ထိခိုက်သွားလေမလားလို့ လည်း စိုးရိမ်မိပြန်တယ်။ တကယ်ဆို  ငါ့အဖေနဲ့ အမေက အမြဲတမ်း အိမ်မှာပဲ ထားနေကျ။ ဒီကနေ့ ကျမှ ဘာဖြစ်လို့ကျောင်းမှာ ပစ်ထားခဲ့ကြတာပါလိမ့် လို့များ တွေးနေလေမလား။ ဘယ်အချိန်လာခေါ် မလဲဆိုတာကိုများ တွေးပြီးတော့ တမျှော်မျှော်နဲ့ မျှော်နေရှာလေမလား။     သူ့ကိုထားခဲ့လို့များ စိတ်ဆိုးနေလေမလား။ ကလေးချင်းကစားရင်း နဲ့များ တွန်းလွှတ်လိုက်တာတို့၊ ရိုက်လွှတ်လိုက်တာ တို့   ခံရရှာလေမလား။  ဒီလို အတွေးပေါင်းများစွာနဲ့။

 


ကလေးကိုကျောင်းပို့ရတာလည်း  နည်းနည်း စောလွန်း နေတယ်လို့ ထင်မိတယ်။ ဟိုတုန်းက ဆိုရင် အသက်ငါးနှစ်ကျမှ  ကျောင်းစထားရတာ။ အခုကျတော့ လေးနှစ်နဲ့ မူကြိုပို့နေရပြီ။ တချို့ ကလေးတွေက    သုံးနှစ်လောက်နဲ့  မူကြိုပို့နေကြပြီ။  အသက် တစ်နှစ်၊ နှစ်နှစ်ဆိုတာက လူကြီးပိုင်းမှာ သိပ်မကွာဟလှပေမယ့်    ကလေးငယ်ငယ်လေးတွေ ကျတော့     တစ်နှစ်ဆိုတစ်နှစ်     တိုးတက်မှုက အများကြီးကွာတယ်။    နောင်နှစ်ကေဂျီတန်းကျမှ    စထားရင် ကောင်းလေမလား။

 

အို၊ ဘယ်ဖြစ်မလဲ။  သူများ ကလေးတွေက ကျောင်းနေတော့ ကဗျာ တွေရွတ်၊    စာတွေရွတ်ပြီး   အိမ်မှာတစာစာနဲ့ စာတွေဆိုနေတဲ့အချိန် ကိုယ့်ကလေးက  ပါးစပ် အဟောင်းသားနဲ့ဖြစ်နေရပြန်ရင်လည်း နောက်ကျ နေရစ်မှာပေါ့။ မဖြစ်ဘူး၊ မဖြစ်ဘူး။ ထားမှဖြစ်မှာ။ 

 


ကျောင်းကအပြန်လမ်းမှာ ကလေးကိုစိတ်မချတဲ့ ကြားက၊ ကလေးအတွက်စိတ်ပူနေတဲ့ကြားက အတွေးတွေလည်း ဝင်ခဲ့မိပြန်တယ်။ ကလေးကို ဘာ့ကြောင့်များ ဒီလောက်အထိ စိတ်တွေမချနိုင် ဖြစ်နေရတာပါလိမ့်။  သူများကလေးတွေလည်း ဒီလိုပဲဖြစ်သွားကြတာပဲ။ နေတတ်သွားကြတာပဲ။ ကိုယ့်ကလေးလည်း ဒီလိုပဲသူ့ဟာနဲ့သူ ရပ်တည် နိုင်သွားမှာပါပဲ မဟုတ်ဘူးလား။ ဒီလိုတွေးပေမယ့် စိတ်ကတော့မချနိုင်ဘူးပေါ့လေ။ 

 


သေချာပြန်တွေးကြည့်လိုက်တော့ ဘဝမှာ စိတ်မချနိုင်ဖြစ်ခဲ့တာတွေ များခဲ့တယ်။  သားသမီး မှ မဟုတ်ဘူး။ ဟိုလူ့ကိုစိတ်မချဘူး။ ဒီလူ့ကို  စိတ် မချဘူး။   ဟိုအခြေအနေကို   စိတ်မချဘူး။ ဒီအခြေအနေ ကိုစိတ်မချဘူး။ စိတ်မချနိုင်တဲ့အဖြစ် ကလေးတွေက အမျိုးမျိုး။    

 


အလုပ်တစ်ခုလုပ်မယ်။    အရာခပ်သိမ်းကို  ကိုယ် တစ်ယောက်တည်း    ဝါးလုံးသိမ်းတာဝန်ယူပြီး   အကုန်သိမ်းကြုံးလုပ်ဖို့    အဆင်မပြေဘူး။  ကိုယ့် ဝန်    ကိုယ့်တာနဲ့ကိုယ်   ခွဲဝေကြရတယ်။ ကဏ္ဍတွေ ပိုင်းခြားထားကြရတယ်။ ခက်တာက စိတ်မချဘူး။ အောက်ကလူဆိုရင်လည်း အောက် လူမို့။ အထက်က လူဆိုရင်လည်း   အထက်လူမို့။   ဖြစ်ပါ့မလား။ အဆင်မှပြေပါ့မလား။ 

 


တစ်ခါတစ်ခါ လူကိုစိတ်မချဘူး။   ဒီလူက  တကယ်ကြိုးကြိုးစားစားလုပ်မယ့်သူရော ဟုတ်ရဲ့ လားပေါ့။ တစ်ခါတစ်ခါ  စွမ်းဆောင်ရည်အပေါ် စိတ်မချဘူး။  သူလုပ်နိုင်တာ သေချာရဲ့လားပေါ့။ တစ်ခါတစ်ခါ ကိုယ်ကျင့်သိက္ခာအပေါ်မှာ စိတ်မချ ဘူး။ လိမ်တာညာတာ၊   ဖျောင်တာဗုန်းတာတွေများ ဖြစ်လာနိုင်မလားပေါ့လေ။

 

တစ်ခါတစ်ခါကျတော့ စိတ်မချတာက ဘာကိုစိတ်မချတာလဲဆိုတာကို ဘယ်လိုပြောလို့ပြောရမှန်းတောင်    မသိတော့ လောက်အောင်ဖြစ်သွားတတ်ကြတယ်။ မတတ် သာလို့သာလွှတ်လိုက်ရတာ စိတ်ကတော့  သိပ်ချ တာ  မဟုတ်ဘူးဆိုတာတွေ ဖြစ်လာတယ်။

 


ကန့်သတ်ချက်လေးတွေနဲ့ ဘောင်ကွပ်ပေး


စိတ်မချတဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြ သလဲ။    တစ်ခုခုလုပ်တော့မယ်ဆိုရင်  ဘာကို လုပ်လိုက်ပါ ဆိုတာမျိုးထက် ဘယ်လိုလုပ်နော်၊ ဘယ်အဆင့်ကျရင် ဘာလေးကိုဘယ်လိုကြည့်၊ ဘယ်နေရာရောက်လို့ ဘာတွေကြုံလာရင် ဘယ်လို ဖြေရှင်း၊ အဲ့သလို ရှင်းလို့မှမရရင် နောက်တစ်နည်း ဒီလိုလေးပြန်လုပ်လိုက်ဆိုတဲ့      အသေးစိတ် သတ်မှတ်ချက်၊    ကန့်သတ်ချက်လေးတွေနဲ့ ဘောင်ကွပ်ပေးရတော့တယ်။ 

 


ဒါတင်ပဲလားဆိုတော့  မဟုတ်သေးပြန်ဘူး။ စောင့်ကြည့်ရတာတွေဖြစ်လာတယ်။ ကိုယ်ကိုယ် တိုင် စောင့်မကြည့်နိုင်ပြန်ရင်လည်း စောင့်ကြည့် ပေးဖို့ တခြားတစ်ယောက်ယောက်ကို တာဝန်ပေး ရပြန်သေးတယ်။ နောက်တစ်ခါ အဲဒီစောင့်ကြည့်သူ ကိုလည်း စစ်ဆေးပေးဖို့ဆိုပြီး တစ်ခြားလူတွေကို ထပ်ဆင့်တာဝန်တွေ   အပ်နှင်းရပြန်တယ်။ ဘယ်သူ့ ကိုမှ လွှတ်မထားဝံ့တော့ဘူး။  ဒီလိုလုပ်၊ လုပ်တာနဲ့ မပြီးသေးဘူး၊ လုပ်နေဆဲ အခြေအနေကို မှတ်တမ်း မှတ်ရာနဲ့တကွ ပြန်တင်ပြဦး၊ တင်ပြရုံနဲ့မပြီးသေး ဘူး၊  နောက်ထပ်   ဘာတွေလုပ်မယ်ဆိုတာကို ကြိုပြောဦး၊ ကြိုပြောရုံနဲ့မပြီးသေးဘူး၊  ဘယ်လို လုပ်မယ်ဆိုတာကို တင်ပြဦး။ 

 


ပန်းတိုင်ကိုအမြန်ရောက်ဖို့ တစ်ချောင်းတည်း သောစိတ်နဲ့  အားခဲပြီး  ပြေးပွဲပြိုင်ပွဲဝင်ရမလား၊ ဒါမှမဟုတ် အခု တာထွက်ပါပြီ၊ အခု ခြေဘယ်နှလှမ်း လှမ်းပြီးပါပြီ၊ နောက်ထပ်ဘယ်နှလှမ်းလောက်ဆို ရောက်ပါပြီဆိုတာမျိုးနဲ့ သူ့နည်းပြကို အချိန်နဲ့အမျှ အစီရင်ခံနိုင်ဖို့ ဦးတည်ထားရလေမလား။

 


ပြန်တွေးစရာတွေ ဖြစ်လာ


စိတ်မချတော့ရော  အဆင်ပြေရဲ့လား။ စိတ်မချ ဖြစ်နေတာကိုခံရတဲ့သူကရော အဆင်ပြေရဲ့လား။ ကလေးတစ်ယောက်ကိုစိတ်မချတာက သဘာဝ ကျတယ်လို့ ယူဆနိုင်ပေမယ့် ကလေးမဟုတ်တဲ့ သူတွေအပေါ်မှာ စိတ်မချနိုင်ဖြစ်နေတာကတော့ သင့်မှသင့်ပါ့မလားဆိုတာကို  ပြန်တွေးစရာတွေ ဖြစ်လာတယ်။

 


နေရာတကာစိတ်မချနိုင်ဖြစ်ပြီးတော့ အထိန်း အကွပ်တွေဘောင်တွေအများကြီးနဲ့ ကန့်သတ် ပေးထားရင် ကောင်းမလား။ ဒါမှမဟုတ် ဒီတာဝန် ဒီအလုပ်တွေကို ဒီမူဘောင်တွေနဲ့အညီသာလုပ်ပေတော့ဆိုပြီး ထိုက်သင့်တဲ့ လွတ်လပ်မှုအောက်မှာ ကြိုးစားခွင့်ပေးလိုက်တာက  ကောင်းမလား။ ဒါမှမဟုတ်။ ဒါမှမဟုတ် ... ။
လျော့လွန်းရင် ပတ်တတ်သလို တင်းလွန်းရင် လည်း ပြတ်တတ်သတဲ့။ စိတ်မချနိုင်တဲ့အဖြစ်လေး တွေနဲ့ ပတ်သက်လို့ စဉ်းစားစရာလေးတွေပါ။   ။