မြန်မာနိုင်ငံသည် ရေ၊ မြေအရင်းအမြစ်တို့ ပေါများသည့်အလျောက် စိုက်ပျိုးရေးအခြေခံသည့် စီးပွားရေးအပေါ် အမှီပြုခဲ့ရသည်မှာ သမိုင်း တစ်လျှောက်လုံးပင်ဖြစ်သည်။ နိုင်ငံတစ်ခုလုံး ကိုလိုနီဘဝကျရောက် ခဲ့ရသည့်အခါ နယ်ချဲ့အရင်းရှင်တို့က မိမိတို့နိုင်ငံမှထွက်သည့် သယံ ဇာတများနှင့် ဆန်စပါး၊ ကျွန်းသစ်စသည်တို့ကိုသာ ထုတ်ယူသွားခဲ့ ကြပြီး စက်မှုလုပ်ငန်းများ ထူထောင်ခဲ့ခြင်းမရှိခဲ့။ ဆန်စက်၊ သစ်စက်၊ ရေနံချက်စက်နှင့် ရေနံမြေကဲ့သို့သော လုပ်ငန်းများမှာလည်း ဒုတိယ ကမ္ဘာစစ်ကာလတွင် မြေလှန်စနစ်ဖြင့် မီးရှို့ဖျက်ဆီးသွားခဲ့ခြင်းနှင့် ဗုံးကြဲဖျက်ဆီးခြင်းတို့ နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရပြီးနောက် ပြာပုံမျှသာ ကျန်ရစ်ခဲ့ရသည်။
လွတ်လပ်ရေးရပြီးနောက်ပိုင်း အစိုးရအဆက်ဆက်တို့အနေဖြင့် နိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်တို့ ပါဝင်နေသည့် စိုက်ပျိုးရေး ကဏ္ဍကိုသာ နိုင်ငံ၏ အဓိကစီးပွားရေးအဖြစ် အခြေခံခဲ့ကြရပြီး စက်မှုနိုင်ငံထူထောင်မည်ဆိုလျှင်ပင် နိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီမည့် စိုက်ပျိုးရေးအခြေခံ စက်မှုနိုင်ငံအဖြစ် ထူထောင်ရန်၊ စိုက်ပျိုးရေးထုတ်ကုန်များမှ ရရှိသည့် ဝင်ငွေမှ အရင်းအနှီးစုဆောင်း ပြီး စက်မှုလုပ်ငန်းထူထောင်ရန်စသည့် မူဝါဒများ ချမှတ်ဆောင်ရွက် ခဲ့ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးမှာ မိရိုးဖလာပုံစံ အတိုင်းသာ လုပ်ကွက်ငယ်မိသားစုပိုင်လုပ်ငန်းများက အများစု ဖြစ်နေသည့်အလျောက် နိုင်ငံတကာနှင့်ယှဉ်ပါက အိမ်နီးချင်းနိုင်ငံ များကိုပင် မယှဉ်နိုင်ကြောင်း တွေ့ရသည်။
နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် တီထွင်ဆန်းသစ်ပြီး စွမ်းဆောင်လိုစိတ်ပြင်းပြသော ကိုယ်ရည်ကိုယ်စွမ်းရှိသူများ အများ အပြားပေါ်ပေါက်လာရန် အရေးကြီးသည်။ ရှေးရိုးအစဉ်အလာ လယ်ယာကုန်ထုတ်လုပ်ငန်းကို အခြေခံသည့် လူ့အဖွဲ့အစည်းများမှ ပြည်သူများမှာ ခေတ်မမီသည့် ဓလေ့ထုံးစံများတွင် ပိတ်မိနေတတ်ပြီး ကုန်ထုတ်လုပ်မှုကို အားပေးသောစိတ်ဓာတ်နှင့် ပတ်ဝန်းကျင်အခြေ အနေများလည်း မရှိကြောင်း အမေရိကန်ပြည်ထောင်စု အမ်အိုင်တီ တက္ကသိုလ်မှ စီးပွားရေးပညာ ပါမောက္ခတစ်ဦးက ရေးသားခဲ့သည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍကို ခေတ်မီဖွံ့ဖြိုးတိုးတက်လာစေ ရန်ဆိုလျှင် စိုက်ပျိုးထုတ်လုပ်နေကြသူများတွင် တီထွင်ဆန်းသစ်ပြီး စွမ်းဆောင်လိုစိတ် ပြင်းပြသူများ ပေါ်ပေါက်လာရေး ပျိုးထောင် လေ့ကျင့်ရန်၊ စိုက်ပျိုးရေးလုပ်ငန်းများ အခြေတည်ရာ ကျေးလက် ဒေသများတွင် ကုန်ထုတ်လုပ်မှုကိုအားပေးသော စိတ်ဓာတ်နှင့် ပတ်ဝန်းကျင်အခြေအနေများ ဖန်တီးပေးရန် လိုအပ်သည်ဟူ၍ သီအိုရီအရ ဆိုရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ(၆)လပြည့်မြောက်သည့်နေ့ မိန့်ခွန်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတွင် လိုအပ်ချက်များကို ထောက်ပြ ခဲ့ပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို နည်းစနစ်တကျ ခေတ်မီ အောင် ဆောင်ရွက်နိုင်ရေး အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွက်လာရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် စိုက်ပျိုးရေးထွက်ကုန်များ၏ ဈေးကွက်သေချာရေး၊ ခေတ်မီ သိုလှောင်ရေးစနစ်နှင့် တန်ဖိုးမြှင့်ထုတ်လုပ်ရေးစနစ်များ ကြိုးစား လုပ်ဆောင်ရေး၊ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ အရှုံးမပေါ်ရေး ကြိုးစားဆောင်ရွက်ရန်တို့ကို မှာကြားခဲ့ပြီး မိမိတို့နိုင်ငံသည် Agro Base Industry စိုက်ပျိုးရေးအခြေခံ စက်မှုလုပ်ငန်းကို သွားရမည် ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားခဲ့သည်။
သမားရိုးကျစိုက်ပျိုးရေးမှသည် တီထွင်ဆန်းသစ်ရေးကို မဖြစ် မနေ ဆောင်ရွက်ကြရမည်ဖြစ်ပြီး တန်ဖိုးမြှင့်ကုန်ထုတ်လုပ်မှုများ နှင့် တစ်ဆက်တစ်စပ်တည်းရှိနေကာ နိုင်ငံတကာဈေးကွက်တွင် ဈေးကွက်ဝေစု အခိုင်အမာရရှိရေး ထိုးဖောက်ဆောင်ရွက်နိုင်ဖို့ လိုသည်။ ပြည်တွင်းဈေးကွက်မျှဖြင့် တောင်သူတို့ဘဝ မြင့်မားရန် နှေးကွေးမည်။ တောင်သူတို့၏ စိုက်ပျိုးမွေးမြူထုတ်ကုန်များ ပြည်ပ ပို့ကုန်အဖြစ် ဈေးကွက်ခိုင်မာသည်နှင့်အမျှ ကျေးလက်ပြည်သူတို့ ဘဝ ကြွယ်ဝလာနိုင်မည်ဟု ယုံကြည်ပါကြောင်း။ ။