စိုက်ပျိုးမွေးမြူကုန်ထုတ်တိုးမှ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မည်

 

မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံခန့်သည် ကျေးလက်နေ ပြည်သူများဖြစ်ကြရာ   နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု တွင် ကျေးလက်ဒေသစီးပွားရေးဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၁၂) ရပ်တွင် “စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်မှု   ခေတ်မီနည်းစနစ်များဖြင့်    ပိုမိုဖွံ့ဖြိုး တိုးတက်အောင်  ဆောင်ရွက်ပြီး   အခြားစီးပွားရေးကဏ္ဍ များကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် ရေး”ဟူသော စီးပွားရေးဦးတည်ချက်လည်း ပါဝင်ရာ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်မှုတွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးမှ စတင်ကြရမည်ဖြစ်သည်။

 


ယနေ့ကမ္ဘာတွင် ကပ်ရောဂါကျရောက်မှု၊ ရာသီဥတု ပြောင်းလဲမှုနှင့် စစ်မက်ဖြစ်ပွားမှုစသော အကြောင်းအရာ များကြောင့် ကမ္ဘာတစ်ဝန်းတွင် စားရေရိက္ခာထုတ်လုပ်မှု ကျဆင်းလာမည့်   အခြေအနေများ   ဖြစ်ပေါ်လျက်ရှိရာ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတွက် ရေခံမြေခံကောင်းများ ရှိပြီးဖြစ်သော မိမိတို့နိုင်ငံအနေဖြင့် ပြည်တွင်းဖူလုံရေးနှင့် ပြည်ပသို့ ပိုမိုတင်ပို့နိုင်ရေးအတွက် အလေးပေးဆောင်ရွက် လျက်ရှိသည်။ မြန်မာနိုင်ငံတွင် အသားတင်စိုက်ပျိုးမြေဧက သန်း ၃၀ နီးပါးခန့်ရှိပြီး သီးထပ်၊ သီးညှပ်စိုက်ဧကများ ထည့်သွင်းတွက်ချက်ပါက နှစ်စဉ်သီးနှံစိုက်ပျိုးဧကပေါင်း ၄၈ သန်းကျော်ရှိရာ မြေယာကို  စနစ်တကျ ပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်ကို‌ ရွေးချယ်၍ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိုးခြင်းဖြင့်  သီးနှံအထွက် တိုးတက်မြင့်မားရေးကို ဆောင်ရွက်သွားကြရမည်ဖြစ်သည်။

 


နိုင်ငံ့စီးပွားတိုးတက်မြင့်မားအောင်    မြှင့်တင်ရာတွင် အဓိကအင်အားစုကြီးဖြစ်သော တောင်သူလယ်သမားကြီး များ   နေထိုင်ရာ   ကျေးလက်ဒေသများတွင်   ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေး၊ ကျေးလက်ဒေသများဖွံ့ဖြိုးရေး၊       ကျေးလက်စီးပွား မြင့်မားရေးတို့အတွက်   စီမံကိန်းများ   ဖော်ဆောင်လျက်ရှိပြီး စိုက်ပျိုးမွေးမြူထုတ်လုပ်မှုစွမ်းအားများ  မြင့်မားစေရန် နိုင်ငံတော်က စီမံကိန်းများ ချမှတ်အကောင်အထည်ဖော် လျက်ရှိရာ   ကျေးလက်ဒေသများ၏   မြင်ကွင်းများမှာ တိုးတက်ပြောင်းလဲလာခဲ့ပြီဖြစ်သည်။       နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ        နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားရေးလုပ်ငန်း  စဉ် ၂ ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေး၊ စားရေ ရိက္ခာပေါများရေးနှင့်စပ်လျဉ်း၍ “. . . ကျွန်တော်တို့သည် တိုင်းပြည်က  သာယာဝပြောရမယ်။ စားရေရိက္ခာပေါများ ရမယ်။ ကျွန်တော်တို့ လက်ရှိအထွက်နှုန်းအရဆိုလို့ရှိရင်  ဆန်လည်း  ကျွန်တော်တို့ ပိုပါတယ်။ ပဲတွေ ကျွန်တော်တို့ နိုင်ငံခြားတောက်လျှောက်ပို့ပါတယ်။  ဆီထွက်သီးနှံလည်း အလားတူ ပို့နေတာရှိပါတယ်။ အဲဒီတော့ ဒီထက်ပိုအောင် လုပ်နိုင်ဖို့   ကျွန်တော်တို့  အခွင့်အလမ်းရှိပါတယ်” ဟူ၍ ပြောကြားခဲ့ပြီး သီးထပ် သီးညှပ်စိုက်ခြင်းဖြင့် ကုန်ထုတ်လုပ် မှု တိုးတက်ရေးကိုလည်း မှာကြားခဲ့သည်။  

 


စိုက်ပျိုးမွေးမြူ   ကုန်ထုတ်လုပ်မှုတိုးတက်ရေးသည်    တိုင်းပြည်ဝင်ငွေတိုးတက်ရေးနှင့်   စားရေရိက္ခာဖူလုံရေး အတွက်ဖြစ်သကဲ့သို့ တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝမြင့်မားရေးနှင့်လည်း   တစ်ဆက်တစ်စပ်တည်းပင် ဖြစ်ရာ မိမိအကျိုး၊ နိုင်ငံနှင့် ပြည်သူအကျိုးအတွက်  အားထုတ် ကြိုးပမ်းကြရေး    တိုက်တွန်းနှိုးဆော်ကာ     တောင်သူ လယ်သမားနေ့ကို ဂုဏ်ပြုလိုက်ရပါကြောင်း။        ။