နိုင်ငံ့စီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများကို ယခုထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ နိုင်ငံတည်ဆောက်ရေး၊ နိုင်ငံ ဖွံ့ဖြိုးရေး၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် နိုင်ငံ့ဝင်ငွေရရှိရန် လိုအပ်သည်။ ကုန်ထုတ်လုပ် မှုများ တိုးတက်အောင်ဆောင်ရွက်နိုင်မှသာ နိုင်ငံ့ဝင်ငွေများ ပိုမို တိုးတက်ရရှိနိုင်မည်ဖြစ်သည့်အပြင် ပြည်တွင်းလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး၊ နိုင်ငံခြားဝင်ငွေရရှိရေးအတွက် ပြည်ပ ပို့ကုန် တင်ပို့နိုင်ရေး စသည်တို့အတွက် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ တိုးတက်အောင် ဆောင်ရွက်သွားရန်လိုသည်။
နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချ ရေးအတွက် စိုက်ပျိုးရေးကဏ္ဍသည် အရေးပါသောကဏ္ဍတစ်ရပ် ဖြစ်သော်လည်း ဖွံ့ဖြိုးမှုနည်းပါးနေသည်ကို တွေ့မြင်နိုင်သည်။ အဓိက အကြောင်းရင်းများအနေဖြင့် လယ်ယာကဏ္ဍတွင် ရင်းနှီး မြှုပ်နှံမှု နည်းပါးခြင်း၊ ခေတ်မီနည်းပညာများ ရရှိမှုနည်းပါး ခြင်း၊ ကူညီပံ့ပိုးမှုစနစ်များ အားနည်းခြင်း စသည်တို့ကြောင့်ဖြစ် ကြောင်း သုတေသီများက ပြောကြားသည်။ ထုတ်လုပ်မှုစွမ်းအား နိမ့်ကျသည့်အလျောက် ဝင်ငွေမှာလည်း နည်းပါးလျက်ရှိရာ ဒေသတွင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင်ပင် များစွာကွာဟလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။ စိုက်ပျိုးရေးလုပ်သားတစ်ဦး၏ ကုန်ထုတ်လုပ်မှု စွမ်းအား (Labour Productivity) နှိုင်းယှဉ် ချက်တွင် အာဆီယံနိုင်ငံများ၌ ပျမ်းမျှတစ်ဦးလျှင် ၁၃၂၈ ဒေါ်လာ ဖြစ်ပြီး မြန်မာက ဒေါ်လာ ၃၀၀ ခန့်သာဖြစ်သည်။ မြေယာ ကုန်ထုတ်လုပ်မှုစွမ်းအား (Land Productivity) တွင်လည်း မြေတစ်ဟက်တာ ထုတ်လုပ်မှုအနေဖြင့် အာဆီယံနိုင်ငံများ၌ ပျမ်းမျှတစ်ဟက်တာတွင် ၁၄၉၂ ဒေါ်လာဖြစ်ပြီး မြန်မာက ၄၅၁ ဒေါ်လာသာ ထုတ်လုပ်နိုင်စွမ်း ရှိသည်။ အခြား CLMV နိုင်ငံများ ဖြစ်သော ကမ္ဘောဒီးယားက ၆၂၇ ဒေါ်လာ၊ လာအိုက ၈၂၂ ဒေါ်လာ၊ ဗီယက်နမ်က ၁၉၇၈ ဒေါ်လာ အသီးသီးရှိရာ မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေးလုပ်သားတစ်ဦး၏ ထုတ်လုပ်နိုင်စွမ်းအနေဖြင့်ရော မြေတစ်ဟက်တာ၏ ထုတ်လုပ်နိုင်စွမ်းအနေဖြင့်ပါ လွန်စွာ နိမ့်ကျနေမှုကို အားသွန်ခွန်စိုက် မြှင့်တင်နိုင်ရန် လိုအပ်လျက် ရှိသည်။
စိုက်ပျိုးမွေးမြူရေး၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးသည် နိုင်ငံအတွက် စားရေရိက္ခာဖူလုံရေး၊ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိရေးနှင့် ၎င်းတို့၏ လူမှုစီးပွားဘဝများ မြင့်မား လာရေး၊ မြန်မာ့စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ပြည်ပဈေးကွက် သို့ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးတို့အတွက် မဖြစ်မနေဆောင်ရွက် ရမည့်လုပ်ငန်းဖြစ်ရာ အောင်မြင်မှုရရှိနိုင်ရန်မှာ သက်ဆိုင်ရာ ဝန်ကြီးဌာနသာမက စိုက်ပျိုးမွေးမြူတောင်သူများ၊ လုပ်ငန်းရှင် များနှင့် အခြားဆက်စပ်ကဏ္ဍများကပါ ဝိုင်းဝန်းကြိုးပမ်းကြရန် လိုသည်။ မိမိတို့နိုင်ငံ၏ အခြေခံစီးပွားရေးဖြစ်သည့်အလျောက် ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်မှန်းကာ စဉ်ဆက်မပြတ် ဆောင်ရွက်သွားကြရမှာလည်းဖြစ်သည်။
‘‘နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် ခေတ်မီစိုက်ပျိုး မွေးမြူရေး နည်းစနစ်များကို လေ့လာ၍ မိမိတို့နိုင်ငံ၏ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများ တိုးတက်စေရေး လုပ်ဆောင်ကြရန်လည်း လိုအပ်မည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ တီထွင်ကြံဆလုပ်ဆောင်ခြင်း မရှိသောကြောင့် မိမိတို့နိုင်ငံတွင် ထုတ်လုပ်မှုနှင့် စားသုံးမှု မမျှတ ဘဲ ကုန်ဈေးနှုန်းများ ကြီးမြင့်နေရခြင်းဖြစ်ကြောင်း၊ စားသုံးမှုနှင့် ထုတ်လုပ်မှု မျှခြေရှိမည်ဆိုပါက ထိုက်သင့်သည့် ဈေးနှုန်းများ ဖြင့် ရောင်းချနိုင်မည်ဖြစ်ကြောင်း။’’ နိုင်ငံတော်အကြီးအကဲ၏ မှာကြားချက်နှင့်အညီ မြန်မာ့လယ်ယာကဏ္ဍတွင် ခေတ်မီ နည်းစနစ်များ၊ တီထွင်ကြံဆမှုများဖြင့် အစိုးရ၊ တောင်သူ၊ ပုဂ္ဂလိက ပိုင်းတို့က စဉ်ဆက်မပြတ် ဝိုင်းဝန်းဆောင်ရွက် ကြိုးပမ်းလျက် စိုက်ပျိုးမွေးမြူ ကုန်ထုတ်စွမ်းအားတို့ တိုးတက်မြင့်မားနိုင် ပါစေကြောင်း။ ။