
ကိုရဲ (စိုက်ပျိုးရေး)
စိုက်ပျိုးရေးအတတ်ပညာ၊ နည်းပညာများကို ရက်တိုသင်တန်း တက်ရောက်ခဲ့ကြသူများဖြစ်စေ၊ နှစ်ကာလတစ်ခုအထိ သင်တန်းတက်ရောက်ပြီး အောင်လက်မှတ်ရရှိသူများ၊ ဘွဲ့အဆင့်ဆင့်ရရှိခဲ့ကြသူများ အားလုံးနီးပါးသည် တတ်သိ၊ သိရှိခဲ့သော စိုက်ပျိုးရေးအတတ်ပညာ အသိ၊ သိရှိမှုများကို ပြန်လည်မျှဝေ ဖြန့်ပေးလိုစိတ်ရှိကြသူများ ဖြစ်ကြပါသည်။
ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါလှိုင်း အမျိုးမျိုး ကြုံတွေ့နေကြချိန်တွင် တစ်ဦးနှင့်တစ်ဦး၊ တစ်ခုနှင့်တစ်ခု အနည်းငယ် ဝေးကွာသွားကြမည်ဟု ထင်မိပါသည်။ သို့သော် ဆက်သွယ်ရာတွင် တစ်ဦးနှင့်တစ်ဦး မထိတွေ့၊ မနီးကပ်ဘဲနှင့် ဆက်စပ်ပြန့်ပွားနိုင်သော၊ ခေတ်မီ ဆက်သွယ်ရေးနည်းပညာများ ရှိနေခဲ့ပါသည်။ အထူးသဖြင့် လက်ကိုင်တယ်လီဖုန်းများဖြင့် စိုက်ခင်းမှ ကြုံရသမျှ အခက်အခဲများကို စိုက်ပျိုးရေးကောစင်တာသို့ ဆက်သွယ်မေးမြန်းနိုင်ကြသလို ကျရောက်နေသည့်ပိုးမွှားရောဂါများကို ဓာတ်ပုံရိုက်ပို့ပြီး မေးကြ၊ ဖြေကြ နှီးနှောဖလှယ်နိုင်ကြပြီး ဒီလို လုပ်လိုက်ပါ၊ ဒီနည်းနဲ့ ကာကွယ်ပါ၊ ဒါက ပိုးကျတာ၊ ဒါက အပင်မှာ ရောဂါဖြစ် နေတာ စသည်ဖြင့် ဆက်သွယ်ပြောနိုင်ကြပြီး များပြားလှ စွာရှိလာနေသော အက်ပလီကေးရှင်းများ၊ ဖေ့စ်ဘွတ်ခ် အကောင့်များကို တောင်သူများ ဆက်သွယ်အသုံးပြု လာကြပါသည်။ သို့သော် အများစုမှာ အတတ်ပညာ၊ နည်းပညာနှင့် အကျိုးရှိမည့် သတင်းအချက်အလက်များ ရှာဖွေအသုံးပြုကြသည်ထက် အခြားအကြောင်းအရာများ ဖြင့် ဖေ့စ်ဘွတ်ခ်ပေါ်တွင် အချိန်ကုန်နေကြသည်က များနေကြသလို ထင်မိပါသည်။
ပညာပေးသည်ထက် မိမိသိရှိပြီး စိုက်ပျိုးရေးအသိ ပြန့်ပွားရေးလုပ်သည်က ပညာတွေ ပေးနေသည်ထက် ပိုသင့်လျော်ပါမည်။ စိုက်ပျိုးရေး တိုးချဲ့နည်း ပညာပေးရေး ဆိုသော စကားလုံးကို သုံးပြီး “ပညာပေး”ဆိုသော စကား ကို မသုံးလိုပါ။ တောင်သူမှာလည်း တောင်သူအသိပညာရှိ၍ စိုက်ပျိုးရေးပညာ သင်ကြားတတ်မြောက်ပြီးသူများက လည်း တောင်သူထံမှ ပညာယူနေကြရပါသေးသည်။ စာတွေ့နှင့် လက်တွေ့ပေါင်းစပ်ခြင်းပြုလုပ်မှု၊ သူ့အသိ ကိုယ်ယူ၊ ကိုယ့်အသိ သူယူ မျှဝေကူကြမည်။
ကျွန်တော်သိသမျှ စိုက်ပျိုးရေးပညာဖြန့်ဝေရာတွင် နည်းလမ်းများစွာ ရှိနေပါသည်။ ကျွန်တော်တို့က တောင်သူများကို ဦးတည်၍ သိသမျှ ဖြန့်ဝေ၊ မျှဝေခြင်း ဖြစ်သဖြင့် အခြေခံများကို အဓိက ဖြန့်ဝေပါသည်။ တောင်သူအတွက်ဖြစ်ပါသည်။ တတ်သိပြီးသူများအတွက် ကတော့ တိုးတက်ပြောင်းလဲလာသော၊ ရပ်တန့်မနေသည့် စိုက်ပျိုးရေးနည်းပညာများကို ဌာန၊ သုတေသနနှင့် စိုက်ပျိုးရေးတက္ကသိုလ်များမှ ဖြန့်ဝေမှု၊ မိမိကိုယ်တိုင် လေ့လာရှာဖွေမှုတို့မှ ဆက်လက်ပညာယူနေကြရပါဦး မည်။ ထိုမှ သိသမျှ စိုက်ပျိုးသူများထဲ ရိုးရိုးရှင်းရှင်း နားလည်လွယ်သော၊ ရေးသားပြောကြား၊ ထိတွေ့၊ ပြသ နေကြရပါဦးမည်။
စိုက်ပျိုးရေးအသိပညာဖြန့်ဖြူးမှုတွင် ဌာနအနေဖြင့် နည်းလမ်းမျိုးစုံ ကျင့်သုံးပြုလုပ်ခဲ့ကြပါသည်။ အဓိကမှာ စိုက်ပျိုးရေးသုတေသနမှ တွေ့ရှိသော မျိုးကောင်း၊ နည်းစနစ်ကောင်းများကို တောင်သူကြီးများက ယုံကြည် လက်ခံပြီး လိုက်နာကျင့်သုံးကြသည်အထိ ရှေ့ဆောင် လမ်းပြ၊ ပညာမျှဝေသည့် လုပ်ငန်းဖြစ်သဖြင့် သိစေလိုသော နည်းပညာများကို တောင်သူက ရှင်းရှင်းလင်းလင်း နားလည်စေရန် မရှုပ်ထွေးအောင် ဒေသစကား ၊ ဒေသခံ တွေအသိနှင့် ကိုက်ညီအောင် ပြုလုပ်ပေးနိုင်မှုသည် အရေးကြီးပါသည်။ တောင်သူများ နားမလည် မရှင်းလင်း သော ရှုပ်ထွေးမှုများ၊ လက်ခံနိုင်သော အသိထက် ပိုလွန်း သည်များကို ရှောင်ရှားကြရပါသည်။
အချိန်သင့်၊ အချိန်ကိုက် ပြန့်ပွားပေး
ထို့ကြောင့် စေတနာလိုသည်။ တောင်သူတွေ အကျိုး ရှိပါစေ၊ ကောင်းစားကြပါစေ၊ ကုသိုလ်ရသည့် ဖြူစင်သော စေတနာ ရှိရပါသည်။ မိမိကိုယ်တိုင်ကလည်း စာတွေ့ လက်တွေ့ကျွမ်းကျင်မှုရှိရပါမည်။ ဤအဖြေကို ဝီရိယ ထား၍ အချိန်မဆွဲဘဲ အချိန်သင့်၊ အချိန်ကိုက် ပြန့်ပွားပေး ရပါမည်။ ကျွန်တော်၏ အတွေ့အကြုံများအရ တောင်သူ ကြီးများ စိုက်ခင်းထဲတွင် လက်တွေ့သရုပ်ပြသစိုက်ပျိုး ခြင်းက တစ်နည်း၊ ပြောဟောခြင်းက တစ်နည်း၊ စာရွက် စာတမ်း ဝေငှခြင်းက တစ်သွယ်၊ ပြပွဲ၊ ပြိုင်ပွဲ ပြသခြင်းနှင့် ရုပ်ရှင်၊ ရုပ်သေး၊ ဓာတ်ပုံ၊ ဗီဒီယို၊ ဇာတ်လမ်းတို ပြသပြော ဟောခြင်းက တစ်ဖုံ၊ စိုက်ပျိုးရေးပြခန်း၊ ပြပွဲများ၊ ရန်ကုန် မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးပြတိုက်ကဲ့သို့ ခင်းကျင်း ပြသခြင်းနှင့် ဒူးတိုက်ဆွေးနွေးခြင်းက တစ်နည်းဟု ရှိခဲ့ဖူးပါသည်။ နောက်ဆုံးနည်း ဒူးတိုက်ဆွေးနွေးပွဲက တော့ ဤကာလ (ကိုဗစ်-၁၉ ကြောင့်) မဖြစ်နိုင်တော့ပါ။ ကျေးလက်တောရွာများတွင် နေထိုင်မှုစနစ်၊ လယ်ယာ လုပ်ငန်းခွင်၏ သဘောအရ ကိုဗစ်-၁၉ ရောဂါ ကူးစက် မှုသည် မြို့ကြီးပြကြီးများလောက် မပြင်းထန်သည်ကို တွေ့ရှိနေရသော်လည်း ကာကွယ်တားဆီးရေး လမ်းညွှန် ချက်များနှင့်အညီ ကျန်းမာရေးသတိ ရှိသင့်သည်ကို မမေ့သင့်။
အိန္ဒိယနိုင်ငံတွင် လူဦးရေများပြားပါသည်။ အများစု သည် ကျေးလက်တောရွာ၊ လယ်ယာလုပ်ငန်း လုပ်ကိုင်ကြ သူက များပါသည်။ အခြေခံပညာမှာလည်း အားနည်းကြ သူများဖြစ်၍ စိုက်ပျိုးရေးအသိပညာပေးရာတွင် ရုပ်ရှင် ပြသခြင်း၊ သူတို့၏ လယ်ကွင်းတွင် လက်တွေ့စိုက်ပျိုး ပြသခြင်း၊ ပြောဟောခြင်းက ပိုပြီးထိရောက်ခဲ့ပါသည်။ ကျွန်တော်ကိုယ်တိုင် တွေ့မြင်ခဲ့ရသည်မှာ ယခုအခါ အိန္ဒိယ တောင်သူလယ်သမားအများစုသည် လက်ကိုင် တယ်လီဖုန်းဖြင့် ကြည့်ရှုဆက်သွယ်၊ မေးမြန်းအဖြေရှာ လုပ်ကိုင်နေကြပါပြီ။ ဖိလစ်ပိုင်နိုင်ငံတွင် တောင်သူအများစု သည် ခေတ်မီစာတတ်ကြပါသည်။ အင်တာနက်အသုံး ပြုကြသည်။ ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးပြတိုက်သည် ခေတ်မီပြတိုက်ဖြစ်သဖြင့် တောင်သူကြီးများ လာရောက် ကြည့်ရှုရာ၊ နည်းပညာရယူရာ၊ ဆွေးနွေးရာ နေရာကြီး တစ်ခုဖြစ်သည်ကိုလည်း လေ့လာဖြစ်ခဲ့ရဖူးပါသည်။
ကိုဗစ်ကာလတွင် ယခင်လို လုပ်ငန်းများ လုပ်ကိုင်ရမှု အခွင့်အလမ်း နည်းပါးခဲ့သဖြင့် ရှေ့ခရီး တွင်စေမည့် နည်းလမ်းသစ်များကို ပုံမှန်ရေရှည် ပြောင်းလဲကျင့်သုံးလာကြရပါတော့မည်။ သီးနှံစိုက်ပျိုးရေးကလည်း စားနပ် ရိက္ခာအတွက် မရှိမဖြစ် ရှိနေသဖြင့် စိုက်တဲ့သူကလည်း စိုက်နေကြရပါဦးမည်။ စိုက်ပျိုးသူတောင်သူများထံ နည်းသစ်၊ စနစ်သစ်၊ မျိုးသစ်၊ ပိုးမွှားရောဂါကာကွယ်နှိမ် နင်းမှု နည်းသစ်များကိုလည်း ဖြန့်ဝေပြန့်ပွားပေးနေရဦး မှာလည်း မလွဲမသွေ ရှိနေပါဦးမည်။
အသိပြန့်ပွားရေးစင်တာကြီး
ဟိုယခင်ကာလ စပါးအပါအဝင် အဓိက စားသုံးသီးနှံ အချို့ကို အထွက်တိုးပြုလုပ်ခဲ့စဉ် ကာလကြီးတွင် တောင်သူလယ်သမားများနှင့် ဌာနဝန်ထမ်းများ၏ ရင်းနှီး ဆက်ဆံမှုသည် အထူးအောင်မြင်ခဲ့ပါသည်။ ဝန်ထမ်းများ သည် တောင်သူနှင့်အတူ ရွာမှာ နေထိုင်ကြသည်။ စားသောက်ကြသည်။ လယ်ထဲဆင်းကြသည်။ ကြုံလာရ သမျှ ပြဿနာချက်ချင်းဖြေရှင်းကြသည်။ အထွက်တိုး စခန်းများသည် ရွာ၏ တောင်သူ့တဲ၊ တောင်သူ့ဘုံရိပ်သာ၊ တောင်သူတွေအနားယူရာ၊ ဆွေးနွေးခန်းမ၊ လူမှုရေးနှင့် သာရေးကိစ္စ၊ အလှူမင်္ဂလာခန်းမဖြစ်ခဲ့ကြသည်။ ယခု တော့ လွမ်းစရာလေးတွေ ကျန်ခဲ့ပါပြီ။ အထွက်တိုး စခန်း များသည် စိုက်ပျိုးရေးအသိပြန့်ပွားရေးစင်တာကြီးဖြစ်ခဲ့ပါသည်။ အချို့များ သံယောဇဉ်အမျှင်တန်း၍ ကျေးရွာများ တွင် အိမ်ထောင်ကျနေထိုင်နေခဲ့ကြပါသည်။ တချို့လည်း ရွာမှ မြို့သို့ ပါလာခဲ့ကြပါသည်။ ညအခါ လထိန်ထိန်သာမှာ ကောက်ရိုးပုံထဲ အိပ်ခဲ့ကြရသည်။ ရေမရ၍ ညဘက်မှောင် မှောင် လက်နှိပ်ဓာတ်မီးနှင့် ငါးဖမ်း၊ မြောင်းပိတ်သူများ လိုက်ရှာရ၊ မြွေမကြောက် ကင်းမကြောက် ရန်ပြုမှာ မကြောက် လုပ်ကိုင်ခဲ့ကြပါသည်။ ဌာန၏ စိုက်ပျိုးရေး၊ ပြန်ကြားရေးဌာနစိတ်မှ တောင်သူအကြိုက် ရုပ်ရှင်ဇာတ် ထုပ်များ မြို့ပေါ်မှ ငှားရမ်းလာပြီး ပြသလျှင် ရုပ်ရှင်မပြခင် လူတွေက ပိတ်ကားထောင်ကတည်းက စုပြုံလာနေကြပြီး ဇာတ်ကားမပြခင် ဟောရ ပြောရ၊ ခဏနေ ရုပ်ရှင်ပြ၊ တစ်ဝက်တစ်ပျက် ကောင်းခန်းရောက်လျှင် ခဏရပ်၊ စိုက်ပျိုးရေးအကြောင်း မိုက်နှင့်ပြော၊ ခဏနေ ရုပ်ရှင် ထပ်ပြနှင့် မိုးအလင်း ဇာတ်ကားသုံးကားခန့် ပြကြရသည်။ ကျေးရွာလူထုမှာ ပြောဟောခြင်းထက် ဆွေးနွေးခြင်း ပိုကြိုက်ကြသည်။ ရာသီအလိုက် ပြိုင်ပွဲ၊ ပြပွဲ လာရောက် ပြုလုပ်ပေးလျှင် နှစ်ခြိုက်ကြသည်။ စိုက်ခင်းထဲမှာ ဆွေးနွေးမှုဖြင့် စိုက်ပျိုးရေးအသိဖလှယ်နိုင်သကဲ့သို့ တောင်သူများ၏ စိုက်ပျိုးရေးပြဿနာအခက်အခဲတို့ကို တန်းသိနိုင်ပါသည်။
စိုက်ပျိုးပညာပေး စာရွက်၊ လက်ကမ်းစာစောင်မျိုးစုံ ပုံနှိပ်ဖြန့်ဝေခြင်းကလည်း ရုပ်ရှင်ပြသခြင်း၊ ဗီဒီယိုပြသခြင်း ကဲ့သို့ အခြေခံ စာတတ် စာဖတ်တတ်သူများနှင့် တစ်ဆင့် စာတတ်သူမှ စာမတတ်သူကို ပြောပြခြင်းများလည်း တစ်နည်း ထိရောက်ပါသည်။ ဌာနမှ စာစောင်ထုတ်ဝေ ဖြန့်ချိမှုက အလွန်ထိရောက်ပါသည်။ စာနည်းနည်းပုံများ များဖြင့် လက်ကမ်းစာစောင်က စာအုပ်ထက်ပို၍ ထိရောက်မှု ရှိပါသည်။ ဌာနစာစောင်လေး ကိုင်ရသည်ကိုက တောင်သူတွေမှာ ပီတိဖြစ်နေကြပါသည်။ သို့သော် နည်းပညာပေးစာစောင်ကို တောင်သူများ လိုသလောက် အရေအတွက် ပုံနှိပ်မဖြန့်ဝေဘဲ မြို့နယ်အဆင့်ဆင့် အုပ်ချုပ်သူလူတစ်စုအတွက်သာ မစို့မပို့ အနည်းငယ် လောက်သာ ပုံနှိပ်ဖြန့်ဝေလျှင် စာစောင်ရသူက စိုက်ပျိုး ရေးအကြောင်း ကြိုတင်ဖတ်လာပြီး စာစောင်မရသည့် အများစု စိုက်ပျိုးရေးဝန်ထမ်းများကို “ဒါလေးမှ မသိဘူး လား” ဟု အဟိန်းအဟောက်ခံရမှုများလည်း ရှိခဲ့ဖူးပါသည်။
မြို့နေလူထုကလည်း တစ်ပိုင်တစ်နိုင် ကိုယ်တိုင် စိုက်ပျိုးစားသုံးလိုကြသည်။ မြေရှိ၊ ခြံရှိသူကလည်း စိုက်ချင်၊ တိုက်တန်းတိုက်ခန်းတွင် မြေမရှိသူကလည်း စိုက်ချင်ကြသဖြင့် မြို့နေလူထုအတွက် ထိရောက်သည့် စိုက်ပျိုးပညာပေးလုပ်ငန်းအဖြစ် ပျိုးခင်းစျေးပွဲတော်၊ မြေပဒေသာ ဥယျာဉ်စိုက်ခင်း၊ ကန်တော်ကြီးပြပွဲများဖြင့် ရန်ကုန်မြို့တော်တွင် ခင်းကျင်းပြသခဲ့ကြသလို မန္တလေး၊ ပုသိမ်၊ စစ်တွေ၊ မော်လမြိုင်၊ ဘားအံ စသည့်မြို့ကြီးများ တွင်လည်း သစ်သီးဝလံ ဟင်းသီးဟင်းရွက် ပန်းမန်ပြပွဲ ပြိုင်ပွဲနှင့် စိုက်ခင်းများ တွဲဖက်ပြသမှုများ ပြုလုပ်ခဲ့ကြရာ အချို့ပြပွဲများ တစ်လ၊ တစ်နှစ်ကြာသည်အထိ ပြသခဲ့ကြ ရပါသည်။ ရန်ကုန်မြို့ ကန်တော်ကြီးမြေပဒေသာဥယျာဉ် တွင် ပျိုးခင်းဈေးပွဲတော်ကို တစ်နှစ်ကျော်ကြာ ပြသ၍ ပျိုးပင်ရောင်းချ၊ စိုက်ခင်းပြသ၊ ခြံထွက်သီးနှံရောင်းချပြီး မြို့ပြစိုက်ပျိုးနည်းနမူနာအဖြစ် “အမိတို့မြို့သူ”အိမ်ရာပုံစံနဲ့ ခင်းကျင်းပြသထားသလို မြေအနည်းငယ်နှင့် စိုက်ခင်း ကျယ်ကျယ် စိုက်ပျိုးထားခြင်းတို့ဖြင့် အသီးအနှံစုံ နည်းပညာစုံ ပါဝင်အောင် စိတ်ဝင်စားဖွယ် ခင်းကျင်းပြသ သည့်ပွဲများကို လူအများ လာရောက်ကြည့်ကြ၊ ပျိုးပင် ဝယ်ကြ၊ သယ်ကြ၊ စိုက်ခဲ့ရသည့် ပြပွဲပုံစံပြသခြင်း ဖြစ်ပါ သည်။
တစ်ချိန်က မြေပဒေသာပွဲတော်များ
တစ်ချိန်က မြေပဒေသာပွဲတော်များ၊ ရုပ်ရှင်ဂီတနှင့် နိုင်ငံကျော် မင်းသား၊ မင်းသမီးများဖြင့် ပြဇာတ်များ၊ ကပွဲများ ပူးတွဲပြသပြီး စိုက်ပျိုးရေးနည်းပညာအပေါ် ပြည်သူများ စိတ်ပါဝင်စားလာကြစေရန် ဆွဲခေါ်ခဲ့ကြရပါ သည်။ တေးဂီတအဖွဲ့ကို ဖွဲ့စည်း၍ စိုက်ပျိုးရေးတေးများ ရေးသားအသံသွင်းခဲ့ရာ ဒို့များမြေပဒေသာသီချင်း၊ ရွှေဝါထွန်းသီချင်း၊ စိုက်ပါပျိုးပါ မြေပဒေသာသီချင်း၊ ဒို့တောင်သူ သီချင်းတို့ကို ဆရာရွှေပြည်အေး၊ စန္ဒရားနီနီ နှင့် ချစ်စပယ်၊ လုံမလေး၊ ဇော်မင်းလေး၊ စိမ်း-ကိုမြင့်ဆွေ၊ မိုးမင်းဝင်း ၊ ဝင်းပပတို့ ပါဝင်သည့် မြေပဒေသာ တီးဝိုင်းဖြင့် စိုက်ပျိုးရေးအသိပြန့်ပွားရေး ပြုလုပ်ခဲ့သော ရန်ကုန်မြို့ ကန်တော်ကြီး မြေပဒေသာပွဲတော်ကြီးကလည်း အမှတ်တရ ရှိနေခဲ့ပါသည်။ မြို့နေလူထုအတွက် မြေပဒေ သာကျွန်း စိုက်ပျိုးရေးပြကွင်း အမြဲတမ်းပြကွက်များ ယခု တိုင်ရှိနေမှုသည် လာရောက် ကြည့်ရှု မြင်တွေ့သူတိုင်းက “စိုက်ကြည့်ဦးမှပါပဲ” ဟု အသိရှိလာကြရပါသည်။
ရုပ်မြင်သံကြား မပေါ်ခင်ကာလက အသံလွှင့်လုပ်ငန်း အဖြစ် မြန်မာ့အသံတွင် တောင်သူလယ်သမားကဏ္ဍ၊ အလုပ်သမားကဏ္ဍ၊ လူငယ်ကဏ္ဍ ဟူ၍ ကဏ္ဍသုံးရပ်ရှိခဲ့ရာ သက်ဆိုင်ရာဌာနများပါဝင်သည့် အသံလွှင့်ကော်မတီများ
ဖွဲ့စည်း၍ အသံလွှင့်ခဲ့ကြပါသည်။ တောင်သူလယ်သမား ကဏ္ဍမှ ဟောပြောချက် ဆွေးနွေးခန်း၊ ကျေးလက် ဇာတ်လမ်း၊ ကျေးလက်တေးသီချင်းများကို လစဉ် ကော်မတီဝင်များ ဆွေးနွေးစည်းဝေးပြီး အသံလွှင့်ခဲ့ကြ သည်။ ကျေးလက်တောရွာလယ်ကွင်းသို့ ခရီးထွက် မေးမြန်းကြသည်။ ရုပ်မြင်သံကြား ပေါ်လာသောအခါ ပို၍ ထိရောက်လာသည်။ အသံကြားရုံမက အရုပ်ပါ မြင်တွေ့ လာရ၍ ပိုကြိုက်ကြသည်။ ထို့ကြောင့် ဒေသအနှံ့ ခရီးများ များထွက်၍ ရိုက်ကူးပြသကြရတော့သည်။ ဇာတ်လမ်းတို များ ရိုက်ကူးရာတွင် “စိုက်ပျိုးစီးပွားနိုင်ငံအား” ဖြင့် စတင်ခဲ့ပြီးနောက်တွင် “စိုက်ပျိုးစွမ်းအား ပြည်ထွန်းကား” ဟုထပ်မံ၍ ရိုက်ကူးထုတ်လွှင့်မှုကို စိုက်ပျိုးရေးဌာနသည် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားနှင့် ပူးတွဲ၍ ဆောင်ရွက်ခဲ့ သော တောင်သူ့ထံ စိုက်ပျိုးရေးအသိပညာ ပေးပို့နိုင်ခဲ့မှုက အလွန်ထိရောက်ခဲ့ပါသည်။
စိုက်ပျိုး မွေးမြူ၊ ဒို့ပြည်သူ
မြို့နေလူထု စိုက်ပျိုးမှုအတွက်လည်း “ စိုက်ပျိုး မွေးမြူ၊ ဒို့ပြည်သူ” အမည်ဖြင့် ၁၀ မိနစ်စာ ဇာတ်လမ်း များကို ရုပ်ရှင်၊ ဂီတပညာရှင်များနှင့် နှစ်နှင့်ချီပြီး အရေအတွက်များစွာ ရိုက်ကူးထုတ်လုပ်နိုင်ခဲ့သဖြင့် နေ့စဉ် ပြသနိုင်ခဲ့သည်။ ဝရန်တာစိုက်ခင်း၊ သံပရာသီး ကော့မိုင်၊ စိုက်တော့စားရတာပေါ့ ၊ ရွှေချဉ်ပေါင် စသည့် ဇာတ်လမ်း များကြောင့်၊ မိသားစုတစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက် စိုက်ပျိုးလာကြမှုများ ပြုလုပ်လာကြတော့သည်။ ဤ လုပ်ငန်းကို ဌာနတစ်ခုတည်းဖြင့် ပြုလုပ်၍ ခရီးတွင်သည် ထက် အခြားသောဌာနများနှင့် ဆက်စပ်ပူးပေါင်း လက်တွဲ ဆောင်ရွက်ခြင်းဖြင့် စိုက်ပျိုးရေးအသိ ပြန့်ပွားရေးလုပ်ငန်း ကို ပိုမိုထိရောက်စေခဲ့သည်။ ကျေးလက်နေလူထုထဲသို့ လည်း ရာသီကိုက်၊ အချိန်ကိုက် ချက်ချင်းသိ ချက်ချင်း ပြုလုပ်လာနိုင်သော ထိရောက်မှု၏ စွမ်းအားကလည်း ကြီးမားလှပါသည်။ ဤတွင် ကျေးလက်လူထုအတွက် ကဖြင့် ဓာတ်ခဲရေဒီယိုကလေးရှိထားသည်နှင့် ယခုလွှင့် ယခုကြားသိရတော့သည်။ တိုက်ရိုက်ထုတ်လွှင့်မှု များကြောင့် ချက်ချင်းသိ ချက်ချင်း တုံ့ပြန်နိုင်စေ ခဲ့သည်။
အမေးအဖြေဆိုလျှင် တောင်သူများကျေနပ်ကြသည်။ အက်ဖ်အမ်ရေဒီယို စတေရှင်များ များစွာရှိလာကြသော အခါ တိုင်းရင်းသားဘာသာဖြင့်လည်း ပြည်နယ်များ အလိုက် အသံလွှင့် အသိပေးနိုင်သည်။ ကျွန်တော်သိသမျှ ဆိုလျှင် ကျေးရွာအချို့တွင် ရွာထဲရှိ အပင်မြင့်ပေါ်မှ လော်စပီကာ၊ ဂေါ်လန်ကြီးချိတ်ထားပြီး တစ်ရွာလုံး ကြားရအောင် ပြုလုပ်ပေးနေမှုများ ရှိနေကြောင်း၊ လက်ကိုင်တယ်လီဖုန်းရှားပါးချိန်က ဤသို့ဖြင့် ဂေါ်လန် ကြီးမှ ဘယ်သူဘယ်ဝါရေ ဖုန်းလာနေပြီ ဘယ်ကလာတာ လာပြီးပြောလှည့်ဟု ပြုလုပ်ကြသေးသည်ဟုလည်း သိရသည်။
ယခုဆိုလျှင် မြန်မာ့ရုပ်မြင်သံကြားမှ တောင်သူ လယ်သမားကဏ္ဍ ရုပ်သံလိုင်းကို သီးသန့်လိုင်းဖြင့် တစ်နေ့လျှင် လေးနာရီစာ အစီအစဉ်အား လေးကြိမ် ပြန်လည်ထုတ်လွှင့်သည့်စနစ်ဖြင့် ထုတ်လွှင့်နေပြီဖြစ် သည်။ ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနတွင် ရိုက်ကူး ထုတ်လွှင့်ရေး စတူဒီယိုရှိနေပြီး စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနှင့် စိုက်ပျိုးရေး တက္ကသိုလ်တို့မှလည်း စိုက်ပျိုးရေးအစီအစဉ် ဇာတ်လမ်း များရိုက်ကူးကာ တောင်သူလယ်သမားကဏ္ဍ ရုပ်သံလိုင်း မှ ထုတ်လွှင့်မှုရှိနေကြပြီဟု သိရသည်။ စိုက်ပျိုးရေး ကောစင်တာဖွင့်၍ တောင်သူများ မေးသမျှ သိလိုသမျှ ပြောကြားနေသည်ဟု သိရသည်။ အလွန်ကောင်းမွန်သော စိုက်ပျိုးရေးအသိ ပြန့်ပွားရေးလုပ်ငန်းဖြစ်နေသည်။ စိုက်ပျိုးရေးလုပ်ငန်းသည် အချိန်ဆိုင်း၍မရ၊ အချိန်ဆွဲ၍မရ ဖြစ်လာ ကြုံလာရသမျှ ပြဿနာအခက်အခဲအရပ်ရပ်ကို ချက်ချင်း တုံ့ပြန်ရသည်။ ဘာနှင့်တူသနည်းဆိုသော် ကျွန်တော့်မိတ်ဆွေ ဈေးကွက်သတင်းတွေ စဉ်ဆက် မပြတ် ရေးသားနေသူ မောင်စေအောင်၏ အပြောနှင့် ရေးသားပြရလျှင် “ကြက်သွန်ဝယ်ရင် ကြက်သွန်ဥကို လက်နဲ့နှိပ်ကြည့်လိုက်၊ နံပြားလုပ်မယ့် ဂျုံလုံးလို အိဝင် သွားရင်မကောင်းဘူး၊ လေပူဖောင်းကို လက်နဲ့နှိပ်ရင် ပြန်ကန်သလို ကြက်သွန်ဥဖြစ်မှ ဝယ်ပါ” ဟု ပြောပြသလို ပါပဲ စိုက်ပျိုးရေးတွင် တောင်သူများကြုံတွေ့ရမှု အခက်အခဲသည် လေပူဖောင်းကို လက်နဲ့ဖိရင် ပြန်ကန် သလို ချက်ချင်းတုံ့ပြန်ပြောကြားဖြေကြားပေးရသော လုပ်ငန်းဖြစ်သည့် အသံလွှင့်လုပ်ငန်း (FM အပါအဝင်) ကောစင်တာ (Call Center) များက တုံ့ပြန်နိုင်ပါသည်။
စိုက်ပျိုးရေးအသိပညာပေးမှု ပြန့်ပွားရေးတွင် တောင်သူများ၊ လယ်ယာလုပ်ငန်းဝင် ကျေးလက်ပြည်သူ များအား ရာသီအချိန်ကိုက် သီးနှံစိုက်ပျိုးနိုင်ရန်နှင့် မျိုးအကြောင်း၊ ပိုးအကြောင်း၊ မိုးအကြောင်း သိလိုချိန် သိရှိနိုင်ရန် စိုက်ပျိုးရေးစာပေ စာကြည့်တိုက်တစ်ခုနှင့် ဆက်သွယ်ပြန်ကြားရေးစင်တာ (Information Center)၊ သိရှိလေ့လာထားသော လေ့လာသိရှိချက်၊ သတင်းအချက် အလက်များကို ဆက်သွယ်ရေးပစ္စည်း ကွန်ပျူတာ၊ တယ်လီဖုန်းတို့ဖြင့် ဆက်သွယ်ရသော စင်တာတစ်ခုကို ရန်ကုန်မြို့ မြေပဒေသာဥယျာဉ်၊ စိုက်ပျိုးရေးပြတိုက်တွင် တွဲဖက်ဖွင့်လှစ်ရန် ညှိနှိုင်းဆွေးနွေး စီစဉ်နေကြပြီဟု သိရှိရသည်။
အသိပညာရယူရာ နေရာကြီး
တကယ်တော့ Museum (ပြတိုက်)ဆိုသည်မှာ ပစ္စည်း အဟောင်းအသစ်ပြသမှုအပြင် ပြပွဲ၊ ဆွေးနွေးပွဲများ ကျင်းပကြသဖြင့် အသိပညာရယူရာ နေရာကြီးဖြစ်သည်။ ရန်ကုန်မြို့ အမျိုးသားပြတိုက်၌ ယခုအခါ ကျင်းပသော စာအုပ်ပြပွဲ၊ ဓာတ်ပုံပြပွဲ၊ အနုပညာ ဆွေးနွေးပွဲများသည် စိတ်ပါဝင်စားသူ လူထုအတွက် မလွတ်တမ်း သွားရောက် ကြည့်ရှုနားထောင်ရသော ပွဲများဖြစ်နေသည်။
ယခုလည်း တောင်သူများကို အကျိုးပြုနိုင်မည့် စိုက်ပျိုးရေးအသိ ပြန့်ပွားရာနေရာကြီး ဖြစ်လာနိုင်လျှင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက် တစ်ခုကို ဖြည့်ပေးနိုင်လိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါ သည်။ လေပူဖောင်းကို ထိမိလျှင် ချက်ချင်းတုံ့ပြန်နိုင်သလို တုံ့ပြန်နိုင်ပါစေဟု ဆန္ဒပြုရပါသည်။ စိုက်ပျိုးရေးပြတိုက် နေရာသည် လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းရှိခဲ့သော နေရာတစ်ခု ဖြစ်ခဲ့ဖူးသည်ဟု စာပေတွင် ဖတ်ရှုခဲ့ဖူးပါသည်။ ကန်တော်ကြီး စိမ်းလန်း စိုပြည်သာယာရေးအတွက် တစ်ချိန်က ဆောင်ရွက်ခဲ့သော ကန်တော်ကြီးနယ်မြေ၏ ပညာပေးဇုန်လည်း ဖြစ်နေ သဖြင့် ပူးတွဲတည်ရှိနေသော အပန်းဖြေဇုန်နေရာ ဥယျာဉ် သို့ လာရောက်ကြသူများအတွက်လည်း စိုက်ပျိုးရေး ပြတိုက်သည် လေ့လာရာအဖြစ် အစဉ်အမြဲ တည်ရှိနေသင့် လှပေသည်။ ။
- Log in to post comments