Civil Disobedience Movement (CDM) ကို ကန့်ကွက်ပါတယ်၊ ဆန့်ကျင်ပါတယ်

Type
ဦးလေးခိုင် ဦးလေးခိုင်တို့ရပ်ကွက်မှာ “ရုံးမတက်နဲ့ . . . ရုန်းထွက်” “ရုံးမတက်နဲ့ . . . ရုန်းထွက်” အသံတွေ နေ့စဉ်နေ့တိုင်းလိုလို မကြာမီရက်အတွင်းက ကျယ်ကျယ်လောင်လောင်ကြားနေ ရပါတယ်။ ရုံးတက်၊ အလုပ်တက်နေတဲ့သူတွေကို ရုံးမတက်နဲ့လို့ “မ”တစ်လုံးဆောင်တဲ့ အကျိုး/အပြစ်ကို တွေးဆကြည့်မိပါတယ်။ “မ” တစ်လုံးရဲ့ တာသွားမှုကို ကျွန်တော် ဦးလေးခိုင် ကျွန်တော့်အမြင်၊ ကျွန်တော့်အတွေးသက်သက်နဲ့ သဘောကွဲလွဲကြည့်မိပါတယ်။ “မ” ဆိုတဲ့ အက္ခရာတစ်လုံးဟာ နယ်ပယ်အမျိုးမျိုး၊ အကြောင်းအရာအဖုံဖုံမှာ သက်ရောက်မှုမျိုးစုံ၊ အသိ အမှတ်ပြုမှုအထွေထွေနဲ့ အသုံးပြုကြပါတယ်။ “မ” အက္ခရာကို မြန်မာအဘိဓာန်မှာ ကြိယာသဘောအရ ဖြစ်စေ၊ နာမဝိသေသန သဘောအရဖြစ်စေ၊ နာမ်သဘော အရဖြစ်စေ အဓိပ္ပာယ်အမျိုးမျိုး ဖွင့်ဆိုထားပါတယ်။ စည်းသဘောအရဆိုရင်တော့ “မ” အက္ခရာဟာ ကြိယာရဲ့ အနက်ကို ငြင်းပယ်တားမြစ်လိုတဲ့အခါမှာ သုံးတဲ့စကားလုံး ဖြစ်ပါတယ်။ သက်ရှိရာဇဝင်မှာ “မ” တစ်လုံးဟာ ကောင်းကျိုးပြု သလို ပျက်စီးခြင်းကိုလည်း လွယ်လွယ်ကူကူ ဆိုက်ရောက် စေပါတယ်။ “မ” ကြိယာဟာ ကောင်းမှုမှ မကောင်းမှု၊ ကောင်းကျိုးမှ မကောင်းကျိုး ဖြစ်စေပါတယ်။ မလုပ်ရ၊ မကိုင်ရ၊ မထိရ၊ မပြောရ၊ မနေရ၊ မသွားရ၊ မစားရ စသဖြင့် ကြိယာတစ်ခုကို “မ” တစ်လုံးကပ်လိုက်တာနဲ့ တားဆီး၊ ဟန့်တား၊ ရပ်တန့်ခြင်းသဘောကို ဆိုက်ရောက်ပါတယ်။ “မ” ဟာ စွမ်းအားကြီးမားပါပေတယ်။ သမိုင်းတွေကိုလည်း မှတ်သားဖူး လူဆိုတာကို ပုဒ်လိင်ခွဲကြည့်မယ်ဆိုရင် “ကျား” ကို အမျိုးသားလို့ဆိုပြီး “မ” ကို အမျိုးသမီးလို့ ဆိုတာကို ပညာရှိတွေက သတ်မှတ်တာ တိတိကျကျ မတွေ့မိပါဘူး။ လူပုဂ္ဂိုလ်ရဲ့ မကောင်းတဲ့ကိစ္စမှာ “မ” ပါနေတာက စိတ်မကောင်းစရာပါပဲ။ ကမ္ဘာ့သမိုင်းရာဇဝင်မှာ “မ” ဆိုတဲ့ အမျိုးသမီးတစ်ယောက်အတွက်နဲ့ ပြည်ပျက်ခဲ့ရတာကို ကြားဖူးကြမှာ ဖြစ်ပါတယ်။ ရောမရာဇဝင်မှာ အလွန် ချောမောလှပတဲ့ အီဂျစ်ဘုရင်မ ကလီယိုပါထရာအတွက် နဲ့ အင်ပါယာကြီး အဆုံးသတ်ခဲ့တဲ့ စိတ်ဝင်စားစရာ ဝတ္ထု ဇာတ်လမ်းတွေ ရှိခဲ့ပါတယ်။ မြန်မာရာဇဝင်မှာလည်း ကုန်းဘောင်မင်းဆက်လက်ထက် မိဖုရား(ဘုရင်မ)တွေ ဖျက်လို့ ပျက်စီးခဲ့တဲ့သမိုင်းတွေကိုလည်း မှတ်သားဖူး ပါတယ်။ မြန်မာရာဇဝင်မှာ ထင်ရှားကျော်ကြားတဲ့ ဘုရင်ရဲ့ မိဖုရား(ဘုရင်မ)တွေ ရှိခဲ့ပါတယ်။ ယင်းတို့အနက် ကုန်းဘောင်မင်းဆက် စစ်ကိုင်းမင်း(ဘကြီးတော်)ရဲ့ မိဖုရားခေါင်ကြီး နန်းမတော်မယ်နု၊ မင်းတုန်းမင်းရဲ့ မိဖုရားခေါင်ကြီး ဆင်ဖြူမရှင်နှင့် သီပေါမင်းရဲ့ မိဖုရား ခေါင်ကြီး စုဖုရားလတ်တို့ဟာ တစ်မိသားစုတည်းမှ ဆင်းသက်လာတဲ့ မိဖုရားအဆက်ဆက် ဖြစ်ပါတယ်။ ဒီမိဖုရားသုံးပါးဟာ ဘုရင်ထက်ပင် အာဏာထက်ပါတယ်။ တိုင်းရေးပြည်ရေး၊ နန်းတွင်းရေးတွေမှာ စွက်ဖက် ခြယ်လှယ်ခွင့် ရှိပါတယ်။ ဒါ့ကြောင့်လည်း တိုင်းပြည် အရေးမှာ မိဖုရားတွေက ဝင်ရောက်အာဏာပြခဲ့လို့ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ မြန်မာဘုရင် ကုန်းဘောင် ခေတ် နောက်ဆုံးမင်းဆက်ပျက်သုဉ်းပြီး မှန်ကင်းဘဝမှ ထင်းဖြစ်ခဲ့ရပါတယ်။ အာဏာထက်တဲ့မိဖုရားတွေအကြောင်းကို လေ့လာ ကြည့်မယ်ဆိုရင် စုဖုရားလတ်ဟာ မြန်မာနိုင်ငံ ကျွန်ဘဝ ရောက်ခဲ့ရတဲ့ အဓိကလက်သည်လို့ ရေးကြတာတွေ ရှိပါတယ်။ မိဖုရား ကလီယိုပါထရာတို့၊ မိဖုရား စုဖုရားလတ် တို့ကို အကြောင်းပြုပြီး “မိန်းမဖျက်လို့ ပြည်ပျက်တာ” ဆိုတဲ့စကား ပေါ်လာပါတယ်။ စုဖုရားလတ်ကတော့ နန်းတွင်းရေး၊ တိုင်းပြည်ရေး အမိန့်အာဏာ ပြင်းထန်တဲ့ ဘုရင်မတစ်ပါးလိုပါပဲ။ ဝန်ကြီးတွေကို သတ္တိမရှိရင် ထဘီဝတ်လို့ ခပ်စွာစွာပြောခဲ့တဲ့ အာဂဘုရင်မတစ်ပါးပဲ။ နောက်ဆုံးတော့ တိုင်းပြည် ကျွန်ဘ၀ ရောက်ရတော့ သမိုင်းတရားခံလို ဖြစ်ခဲ့ရပါတယ်။ အီဂျစ်ဘုရင်မ ကလီယိုပါထရာကတော့ သူ့အတွက်နဲ့ အင်ပါယာကြီးပြိုကွဲခဲ့ရတာပါပဲ။ အလွန် ချောမောလှပ တဲ့ မင်းသမီး ဘုရင်မတစ်ဦးကို ရယူပိုင်ဆိုင်လိုစိတ်နဲ့ ခုနစ်ပြည်ထောင်မင်းတွေ စစ်ခင်းကြ၊ သတ်ကြ၊ ဖြတ်ကြ နဲ့ အားလုံးသေကျေပျက်စီးဆုံးရှုံးရပုံတွေကို ဖွဲ့နွဲ့ထားတဲ့ ရောမပုံပြင်တွေကို ဖတ်ဖူးကြားဖူးကြမှာ ဖြစ်ပါတယ်။ ဆင်ခြင်စဉ်းစားဉာဏ်အားနည်းတဲ့ ယောကျ်ားတွေရဲ့ ဉာဏ်နည်းမှုတွေ၊ အသိမဲ့ ရူးမိုက်မှုဆန်ဆန်ပုံပြင်ဇာတ်လမ်းရဲ့ အနှစ်ချုပ်ကို “မိန်းမဖျက်လို့ ပြည်ပျက်တယ်” လို့ ကင်ပွန်းတပ်သုံးစွဲ ပြောဆိုလာကြပါတယ်။ ရောမပြည်ကြီး ပျက်စီးသွားတာနဲ့ မြန်မာပြည်ကြီး သူ့ကျွန်ဘဝကို ကျရောက်သွားတာတွေဟာ အဓိက မိန်းမတွေဖြစ်တဲ့ ကလီယိုပါထရာနဲ့ စုဖုရားလတ် တို့ကြောင့်လို့ တံဆိပ်ကပ်ကြတာကို မိန်းမဖျက်လို့ ပြည်ပျက်တယ်လို့ သုံးနှုန်းကြတာဟာ တကယ်တော့ မမှန်ပါဘူး။ တစ်ဦးတစ်ယောက်မှာ အပြစ်ရှိကြောင်းကို ယိုးမယ်မဖွဲ့လိုတာကြောင့် အမျိုးသမီးအားလုံးနဲ့ခြုံပြီး ပုံချလိုက်တာသာ ဖြစ်ပါတယ်။ တကယ်တော့ မိန်းမတွေ အားလုံးကြောင့် မဟုတ်ပါဘူး။ ကလီယိုပါထရာလို၊ စုဖုရားလတ်လို အမျိုးသမီးတစ်ယောက်ကြောင့် ပြည်ပျက် ခဲ့ရခြင်းသာ ဖြစ်ပါတယ်။ တန်းတူ အခွင့်အရေးရ မြန်မာမှုထုံးတမ်းစဉ်လာ လူမှုဘဝ ယဉ်ကျေးမှု နယ်ပယ်တွေမှာ အမျိုးသမီးတွေဟာ ရှေးအစဉ်အဆက် ယနေ့ထက်တိုင်အောင် အမျိုးသားတွေနဲ့အတူ တန်းတူ အခွင့်အရေးရကြပါတယ်။ အမျိုးသမီးတွေကို ချိုးဖဲ့နှိမ်ချ ခဲ့ခြင်းမရှိခဲ့တာ ယနေ့ထက်တိုင်ပါပဲ။ အမျိုးသားတွေ၊ အမျိုးသမီးတွေဟာ မတူကွဲပြားသော်လည်း စွမ်းဆောင် နိုင်တဲ့ အရည်အချင်းအမျိုးမျိုးမှာ ကွဲပြားခြားနားတာ မရှိရိုး အမှန်ပါ။ တန်းတူစွမ်းဆောင်မှုတွေ၊ တန်းတူ ညီမျှ အခွင့်အရေးတွေ ရရှိကြပါတယ်။ ရှေးကာလက အမျိုးသမီးတွေဟာ “သျှောင်နောက် ဆံထုံးပါ” “မောင်တစ်ထမ်း မယ်တစ်ရွက်” တန်းတူယှဉ်ဖက် တွဲဆက်ထားတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ အစဉ်အလာမှာ မြတ်နိုးလေးစားစရာ ထူးခြားချက်ဟာ ရှေးနှစ်ပေါင်း များစွာကတည်းက အမျိုးသမီးအခွင့်အရေးတွေကို အညီအမျှ အလေးထား နေရာပေးခဲ့တာပါပဲ။ အခြားလူမျိုး တွေထက် တရားမျှတတဲ့ လူမှုယဉ်ကျေးမှု အစောဆုံး ထွန်းကားခဲ့ပါတယ်။ ဒီထက်မက အမျိုးသမီးတွေကလည်း အရေးပါတဲ့နေရာတွေမှာ ရယူထားနိုင်ခဲ့ပါတယ်။ တခြား နိုင်ငံတွေမှာဆိုရင် အမျိုးသမီးတွေအတွက် အခွင့်အရေး နည်းကြပါတယ်။ တရုတ်လူမျိုးတို့ရဲ့ ဓလေ့ထုံးစံမှာ ဆိုရင် သားမွေးမှ အမွေပေးပါတယ်။ အိန္ဒိယမှာဆိုရင် မိန်းကလေးက အနှိမ်ခံဘဝ၊ အင်္ဂလိပ်မှာဆိုရင် တန်းတူ မဟုတ်၊ အမေရိကန်ဆိုရင် နှစ်ပေါင်းရှည်ကြာအောင် မဲပေးခွင့် မရခဲ့ကြပါဘူး။ မြန်မာ့သမိုင်းမှာ အမျိုးသမီးတွေဟာ အခွင့်အရေး ပိုခဲ့ပါတယ်။ နန်းတွင်းရေး၊ တိုင်းပြည်အရေးတွေမှာ အာဏာနဲ့ခြယ်လှယ်နိုင်ခဲ့တဲ့ ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက်လက်ထက် မိဖုရားသုံးပါးရဲ့ စွမ်းဆောင်ချက်တွေက မြန်မာ့သမိုင်းမှာ အထင်အရှား သက်သေပြခဲ့ပါတယ်။ မြန်မာအမျိုးသမီးတွေဟာ စွမ်းရည် ထက်မြက်တယ်ဆိုသော်လည်း ဉာဏ်အမြော်အမြင်တွေ ဘက်မှာ အားနည်းမှုတွေရှိခဲ့တာကို ကုန်းဘောင်ခေတ် နောက်ဆုံးမင်းဆက် မိဖုရားတွေရဲ့ လုပ်ဆောင်ချက် တွေက မြန်မာဘုရင်စနစ် ချုပ်ငြိမ်းစေခဲ့ရတာသာမက တစ်တိုင်းပြည်လုံး လွတ်လပ်ရေးဆုံးရှုံးရတဲ့ အဖြစ်ဆိုး အထိ ရောက်ခဲ့ရတာကို လေ့လာကြည့်ရင်တွေ့နိုင်ပါတယ်။ တိုင်းပြည်ပျက်တာ မိန်းမတွေကြောင့် မဟုတ်ပါဘူး။ အမျိုးသမီးတစ်ယောက်ကြောင့်သာ ဖြစ်ပါတယ်။ “မ” နဲ့ပတ်သက်လို့ အမျိုးသမီးတွေကို ဝါးလုံး ချေးသုတ်ဆွဲထည့်ခဲ့တာ မဟုတ်ပါဘူး။ ပြည်ပျက်တာဟာ အမျိုးသမီးတစ်ယောက်ကြောင့် ဖြစ်တယ်ဆိုတာသာ ဆိုချင်တာဖြစ်ပါတယ်။ ဒါပေမယ့် မကောင်းတဲ့ဘက်ကို ကြိယာဆိုက်စေတဲ့ “မ” ကလည်း ဆိုးကျိုးပေးတာတော့ တကယ်အမှန်ပါပဲ။ ရုံးမတက်နဲ့ဆိုတဲ့ “မ”ဟာ နိုင်ငံကို ဖျက်တဲ့စကားပါ။ ကောင်းကျိုးမဖြစ်စေနိုင်ပါ CDM လှုပ်ရှားမှုကို တစ်နိုင်ငံလုံးပြုလုပ်ဖို့ ဖိအားပေး နှိုးဆော်နေကြတာဟာ ဝန်ထမ်းတွေအားလုံး ရုံးမတက် ကြဖို့ဖြစ်ပါတယ်။ ဒီမတက်နဲ့ဆိုတဲ့ “မ”ဟာ ဆိုးကျိုးကိုသာ ဖြစ်စေပြီး ကောင်းကျိုးမဖြစ်စေနိုင်ပါ။ ဒါဟာ စင်ပြိုင် အာဏာထူထောင်လိုသူတွေရဲ့ “နိုင်ငံသားတွေ အမိန့် အာဏာဖီဆန်ရေးလှုပ်ရှားမှု Civil Disobedience Movement (CDM)” လှုံ့ဆော်ချက် ဖြစ်ပါတယ်။ ကိုယ့်ရဲ့ အားနည်းချက်ကို မဆင်ခြင်ဘဲနဲ့ တိုင်းပြည်အလုံးစုံ ပျက်စီးရေးကို တွန်းပို့နေတဲ့ ယခင်လမ်းဟောင်းအတိုင်း ပြန်လည်လျှောက်လှမ်းနေကြတာ တွေ့ရပါတယ်။ ရည်ရွယ်ချက်ကိုက ကောင်းကျိုးဖြစ်စေဖို့ လုံးဝမပါဝင် ခဲ့ပါ။ ဦးလေးခိုင်တို့ ရပ်ကွက်မှာ ကြားကြား၊ မြင်မြင်နေရတဲ့ ရုံးမတက်ရေး၊ အမိန့်မနာခံရေး၊ ဆန့်ကျင်ရေး၊ မတရားတဲ့ အမိန့်အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေမှာသုံးတဲ့ “မ” ဟာ မရှိ၊ မဖြစ်၊ မလုပ်၊ နတ္ထိဆိုတဲ့ NO, NOT, NONE ဘူးခံငြင်းတာ၊ တိုင်းပြည်ကို ဖျက်ဆီးဖို့ဆိုတဲ့ နိယာမ သဘောကို အလေးအနက်ပြဆိုနေတာ ဖြစ်ပါတယ်။ ဒီမလိုက်နာတာ၊ မဆောင်ရွက်တာ၊ ကတ်တီးကတ်ဖဲ့ လုပ်တာတွေဟာ ကောင်းကျိုး ဘယ်လိုမှမဖြစ်လို့ ဦးလေးခိုင်ကတော့ လုံးဝဆန့်ကျင်ပါတယ်၊ ကန့်ကွက်ပါ တယ်လို့ ဆိုလိုက်ချင်ပါတယ်။ ။