စကားပြောသော အသည်းနှလုံး

Type

ဆောင်းပါး

=======

 

စကားပြောသော အသည်းနှလုံး

==================

 

လေယာဉ်မှူးကြီး သိန်းဇော်

 

 

(၁၆/၁၀/၂၀၂၀) သောကြာနေ့ နေ့လယ်က ရုံးတွင် ထမင်းစားနေစဉ် မက်ဆင်ဂျာမှ ဇနီးဖြစ်သူ နီ ပို့ပေးထားသော Link တစ်ခု ရောက်နေကြောင်း သိရသည်။

 

သူကြိုက်နှစ်သက်သော ဘာသာရေး၊ ကျန်းမာရေးဆိုင်ရာ ဗဟုသုတများ၊ ကျွန်တော် ကြိုက်နှစ်သက်သော သီချင်းများကို သူက ပို့ပေးလေ့ရှိပါသည်။

 

နီ ပို့ပေးထားသည့် မက်ဆင်ဂျာမှ Link ကို ဖွင့်ကြည့်ရာ ရုပ်သံသီချင်း တစ်ပုဒ် ဖြစ်နေပါသည်။

 

သီချင်းကိုသီဆိုထားသူက ခက်ခက်မိုးဦး ....။ သီချင်းအမည်က "မိဘမေတ္တာ” ဖြစ်ပါသည်။

 

ကျွန်တော် အလွန်ကြိုက်နှစ်သက်သော သီချင်းဖြစ်ပါသည်။

 

သို့သော် ထိုသီချင်း၏ အစမှာပင် ကျွန်တော်ပိတ်လိုက်ရပါသည်။ ထိုသီချင်းကို ရုံးတွင် ကျွန်တော် နားမထောင်ရဲ၊ မကြည့်ရဲပါ။ အိမ်ပြန်ရောက်မှ အေးအေးဆေးဆေး နားထောင်ပါမည်။ ရုံးတွင် ထိုသီချင်းကို ကျွန်တော် ဘာကြောင့် နားမထောင်ရဲသည်ကို နောက်ထပ်စာကြောင်းအနည်းငယ်မျှ ဆက်၍ ဖတ်ရှုလိုက်ပါလျှင် စာရှုသူတို့ သိရှိပါလိမ့်မည်။

 

ရုံးဆင်း၍ အိမ်သို့ပြန်ရောက်လျှင်ရောက်ချင်း သူပို့ထားသော သီချင်းကို နားထောင်ပြီးပြီလားဟု နီ က မေးပါသည်။ ကျွန်တော်က နားမထောင်ရသေး ကြောင်း၊ ရုံးတွင် နားမထောင်လိုကြောင်း၊ ရေမိုးချိုးပြီးမှ မိမိ၏ အခန်းတွင် အေးအေးဆေးဆေးဖွင့်ကြည့် နားထောင်မည်ဖြစ်ကြောင်း ပြောပြလိုက် ပါသည်။

 

ထို Link အား ဖွင့်၍ နားထောင်ကြည့်ရာတွင် မိဘမေတ္တာသီချင်းကို မူလအဆိုတော်ကြီး ဒေါ်ကြည်အောင်တို့ ခေတ်ကကဲ့သို့ ဝတ်စားဆင်ယင်၍ ရုပ်သံရိုက်ကူးပြီး ခမ်းခမ်းနားနား တင်ဆက်ထားသည်ကို တွေ့ရပါသည်။

အဆိုတော် သမီးကလေး ခက်ခက်မိုးဦးသည် အဆိုပိုင်ရုံမက မျက်နှာပေး ခံစားမှုအမူအရာဖြင့်ပါ ပိုင်ပိုင်နိုင်နိုင်သီဆိုသွားခဲ့ပါသည်။ ထိုရုပ်သံကို အားပေး သူ တစ်သန်းကျော်သည်အထိ အောင်မြင်ခဲ့ကြောင်း သိရှိရပါသည်။

 

ကျွန်တော်သည် ထိုသီချင်းကို အလွန်ကြိုက်နှစ်သက်သဖြင့် မူလ အဆိုတော်ကြီး ဝဏ္ဏကျော်ထင် ဒေါ်ကြည်အောင်၏"မိဘမေတ္တာ" သီချင်းကို save ထားပါသည်။ တေးရေး ဆရာရွှေတိုင်ညွန့်၏ သီချင်းဖြစ်ပြီး ၁၉၃၇ ခုနှစ်ဝန်းကျင်က ပေါ်ပေါက်ခဲ့ကြောင်း လေ့လာမှတ်သားရပါသည်။

 

မြန်မာ့တူရိယာများဖြစ်သည့် စောင်း၊ ဗုံ၊ နှဲ၊ ပလွေ၊ စည်းဝါး တို့ဖြင့် မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ထားသည်။ မွေးစားတူရိယာဖြစ်သော ပေါင်ပေါ်တင် ၍ လက်ဖြင့်ခတ်ရသည့် မြန်မာဂီတာကြီးလည်း ပါပါသည်။

 

သီချင်းစာသားတွေက အနက်အဓိပ္ပါယ်ပြည့်နေသလို မူလအဆိုတော်ကြီး ဒေါ်ကြည်အောင်၏ အသံကြီးကြီး၊ အောအောကလည်း ထိုအသံမျိုးကို မည်သူမျှ လိုက်၍မတုပနိုင်အောင် ကောင်းလှပါသည်။

 

မြန်မာတူရိယာ ဂီတသံတွေကောင်းလှသလို အဆိုတော်ကြီးကလည်း အဆို အလွန်ပိုင်လှပါသည်။

ပြန်ဆိုများတွင် အန်တီဒေါ်မာမာအေး ဆိုသည့် မိဘမေတ္တာသည်လည်း အလွန်ကောင်းလှပါသည်။

 

ယခု လောလောလတ်လတ် သမီးကလေး ခက်ခက်မိုးဦးက ရုပ်သံသီဆို ထားမှုသည်လည်း အမူအရာရော အသံပါ အလွန်ကောင်းလှပါသည်။ တစ်ချိန် က အလွန်နာမည်ကျော်ခဲ့သည့် "မြခြူသံရုပ်ရှင်" ဇာတ်ကားကြီး၏ အသက် ဇာတ်ဝင်သီချင်းလည်းဖြစ်ခဲ့ပါသည် ။ ထိုဇာတ်ကားတွင် အန်တီဒေါ်မာမာအေး က သီဆိုခဲ့ပါသည်။

♪♪♪ သားတို့ရုပ်ရည် သီတာငယ်ကြည်

ရေကြည်ချမ်းမြ တစ်ပေါက်ကလေးကျရုံနဲ့

မိဘတို့ဝမ်း မငြိမ်းချမ်းသည်

အသည်းနှလုံးသားနှင့်ပင်တူညီ

ကြီးမားသော မေတ္တာဂုဏ်ရည်...... ♫

♪♪♪ ဒါ့ကြောင့်လေ......

♪♪♪ သံယောဇဉ်အတည် ကြည်လင်ခဲ့

ဪ ကိုယ့်ရင်သွေးကို ထွေးပိုက်လို့ချီ

သံယောဇဉ်အတည် ကြည်လင်ခဲ့

ဪ ကိုယ့်ရင်သွေးကို ထွေးပိုက်လို့ချီ…. ♫

♪♪♪ အရွယ်မတိုင်မီ ပိုးမွေးသလို မွေးကြရပြန်သည်

အနန္တဂုဏ်ရည်

ပျိုကြည်အောင် ကျေးဇူးတွေတင်သည်

အရွယ်မတိုင်မီ.....မိဘများ ပိုးမွေးသလိုမွေးကြရပြန်သည်

အနန္တဂုဏ်ရည်

ပျိုကြည်အောင် ကျေးဇူးတွေတင်ပါသည် …. ♫

♪♪♪ ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်

လူဖြစ်အောင်မွေး လုပ်ကျွေးခဲ့သည်

ဖဝါးလက်နှစ်လုံး ပခုံးလက်နှစ်သစ်

လူဖြစ်အောင်မွေး လုပ်ကျွေးခဲ့သည် ....။♫

 

ထိုသီချင်းအစကို နားထောင်မိရုံပဲ ရှိပါသေးသည်။ ဟန်ဆောင်ကောင်းပြီး မျက်ရည်ခိုင်လှသည့် ကျွန်တော်သည် ဘယ်လိုမှ ထိန်း၍မရအောင် မျက်ရည်ပူ များ စီးကျလာခဲ့ပါသည်။ မျက်ရည်ပူများ စီးကျရုံတင်မက ရှိုက်ကြီးတငင် ငိုကြွေးမိပါသည်။ မိမိအခန်းအတွင်းမှာ တစ်ယောက်တည်း လွတ်လွတ် လပ်လပ် ငိုလိုက်ပါသည်။ ထိုသီချင်းကို နားထောင်မိတိုင်း ကျွန်တော်မျက်ရည် ကျခဲ့ရပါသည်။ ငိုခဲ့ရပါသည်။

 

အသက် (၆၀) တန်းဝင်ပြီး အဘိုးအရွယ်ရောက်နေပြီဖြစ်သည့် ကျွန်တော် သည် အမေနှင့်ပတ်သက်မှုရှိသည့် တိုက်ဆိုင်မှုရှိလာတိုင်း မျက်ရည်များ ပေါက်ခနဲ ပေါက်ခနဲစီးကျနေဆဲပါ ။

 

အသက်ကလေးရလာ၍ ဝမ်းနည်းတတ်လာသလားဟု ထင်စရာရှိပါသည်။ မဟုတ်ပါ။ ငယ်ငယ်ရွယ်ရွယ် အရွယ်ကောင်းမှာလည်း ထိုသီချင်းသံကြားရလျှင် ငိုခဲ့ရဖူးပါသည် ။

 

လွန်ခဲ့သော နှစ်ပေါင်း ၃၃ နှစ်က ဗိုလ်သိန်းဇော်ဆိုသော သတို့သားကလေး နှင့် မနီဝင်းထိုက်ဆိုသော သတို့သမီးကလေးတို့၏ စုလျားရစ်ပတ်မင်္ဂလာ အခမ်း အနားကျင်းပခဲ့သော နေ့ကဖြစ်သည်။

 

ထို စုလျားရစ်ပတ်မင်္ဂလာကို သမီးရှင်၏ နေအိမ်ဖြစ်သည့် စစ်ကိုင်းမြို့ ကမ်းနားလမ်းမှ ဆရာဝန်ကြီး၏ နေအိမ်တွင်ကျင်းပခဲ့သည်။ စစ်ကိုင်းမြို့မှ ဂုဏ်သရေရှိ ဧည့်ပရိသတ်တွေ ကြွရောက်ချီးမြှင့်ခဲ့ကြသည်။

 

ဘိသိက်မင်္ဂလာကို မန္တလေးမှ ဆရာကြီး ဦးချစ်လှိုင်က တာဝန်ယူဆောင် ရွက်ပေးပါသည်။

 

ဆရာကြီးအား မန္တလေးမှစောင်းပညာရှင် အစ်မမူမူသိန်းက ကိုယ်တိုင် တီးခတ်၍ အခါတော်ပေးသီချင်းတွေ တစ်ပုဒ်ပြီးတစ်ပုဒ် ဆရာကြီးနှင့် အတိုင် အဖောက်ညီညီ သီဆိုပေးနေပါသည်။

 

ဆရာကြီးက မင်္ဂလာရတုတစ်ပိုဒ်ဖတ်အပြီး စောင်းမူမူသိန်းက တီးခတ် လာသော စောင်းသံအပျိုးကြောင့် ကျွန်တော်ရင်တွေအတော်ခုန်လာခဲ့ပါသည်။

အဆိုတော်အစ်မ ဘာသီချင်းဆိုတော့မည်ဆိုတာ ကျွန်တော်သိနေသည်။

မိဘမေတ္တာ သီချင်းကိုသီဆိုတော့မည်။ ရင်ထဲမှာ တလှပ်လှပ် ဖြစ်လာသည်။

• သားတို့ရုပ်ရည် သီတာငယ်ကြည်

ရေကြည် ချမ်းမြ တစ်ပေါက်ကလေးကျရုံနဲ့

မိဘတို့ဝမ်း မငြိမ်းချမ်းသည်

အသည်းနှလုံးသားနှင့်ပင်တူညီ

ကြီးမားသော မေတ္တာဂုဏ်ရည် .....

မှစလို့ မိဘမေတ္တာ သီချင်းကို ပိုင်နိုင်စွာ ဆိုနေပါပြီ။

 

တစ်အိုးတစ်အိမ် ထူထောင်ကြတော့မည့်၊ မိဘ၏ ရင်ခွင်အတွင်းမှ ထွက်ခွာကြတော့မည့်၊ မိဘဖြစ်လာကြတော့မည့် သတို့သားနှင့် သတို့သမီးတို့ကို မိဘ၏ကျေးဇူး၊ မိဘ၏မေတ္တာအား သီချင်းဆိုရင်း ဖော်ကျူးပေးနေပါသည်။

ကြွရောက်လာသော ဂုဏ်သရေရှိ ဧည့်ပရိသတ်ကြီးလည်း မိဘမေတ္တာ သီချင်းကို တိတ်ဆိတ်ငြိမ်သက်စွာ ခံစားနားဆင်နေကြပါသည်။ သတို့သား ကျွန်တော်မျက်စိတွေပူလာပြီ။

 

ရင်ထဲမှာဆို့နင့်လို့ နေပါပြီ။ မင်္ဂလာဖုံကတ္တီပါပေါ်မှာ သတို့သမီးနှင့်အတူ စုံညီစွာ ထိုင်နေရင်းကျွန်တော်၏ ရှေ့တည့်တည့်သို့ကြည့်လိုက်ရာတွင် တစ်ဖက် တွင် သတို့သမီး၏ ဖခင် ဒေါက်တာ ဦးသန်းထိုက်နှင့်မိခင် ဒေါ်ခင်သန်းနွဲ့တို့ စုံညီစွာထိုင်နေသည်ကို တွေ့ရပါသည်။

 

တစ်ဖက်မှာတော့ သတို့သား ကျွန်တော်၏အဖေ ဆရာကြီးဦးမောင်ဉာဏ် သည် ငြိမ်သက်စွာထိုင်နေပါသည်။ သတို့သား၏ အဖေဘေးတွင် သတို့သား၏ အမေမရှိပါ။

 

အမေ့နေရာမှာ နေရာလွတ်နေသည်။ အဖေသည် နောက်ခံအလှပြင်ဆင် ထားသည့် ကားချပ်အထက်ပိုင်းကို မော့ကြည့်နေသည်။ ဗိုလ်သိန်းဇော်နှင့် မနီဝင်းထိုက်ဆိုသည့် စာတန်းနေရာကို ကြည့်နေပါသည်။ အဖေသည်လည်း သူ၏ဇနီး၊ ကျွန်တော်၏အမေကို လွမ်းဆွတ်သတိရသွားဟန် ရှိပါသည်။

 

သည့်နောက်မှာတော့ ကျွန်တော်၏ အမြင်တွေ ဝေဝါးသွားခဲ့ပါပြီ။

 

ဘိသိက်မင်္ဂလာပေးနေသော ဆရာကြီးဦးချစ်လှိုင်အား စောင်းဖြင့် ကူညီ တီးခတ်ပေးနေသည့် မန္တလေးမှစောင်းပညာရှင် အဆိုတော် အစ်မမူမူသိန်း၏ "မိဘမေတ္တာ" ထိုသီချင်းကြောင့် မိခင်ကို အလွန်ချစ်သည့် အမိမဲ့သတို့သား မျက်ရည်များစီးကျ၍နေပါပြီ။

 

စုလျားရစ်ပတ်မင်္ဂလာချီးမြှင့်ပေးနေသူ ဘဘဝဏ္ဏကျော်ထင်သူရဦးကျော်စွာ နှင့် အန်တီဝါတို့ကလည်း သတို့သမီးဘက်နှင့် မိသားစုသဖွယ် ခင်မင်ရင်းနှီးကြ သဖြင့် အန်တီဝါက "သားနဲ့သမီးတို့ ထာဝရမကွဲမကွာ လက်တွဲကြနိုင်ဖို့ စုလျားရစ်ပတ်ပဝါဖြင့် သတို့သားရဲ့ ဘယ်ဘက်လက်နဲ့ သတို့သမီးရဲ့ ညာဘက် လက်ကိုပူး၍ ခပ်တင်းတင်းချည်နှောင်ပြီး မေတ္တာရေစင် သွန်းဖျန်းပေးမကွဲ့" ဟု ပြောရင်း ငွေဖလားကြီးအတွင်းသို့ လက်နှစ်ဖက်ကို ထည့်စေ၍ အောင်သပြေ မင်္ဂလာရေစင်သွန်းပေးနေပါသည်။

 

အဆိုတော်၏ မိဘမေတ္တာသီချင်းကလည်း အဆိုတော်၏ ပိုင်နိုင်စွာ ဆိုတီးနိုင်မှုကြောင့် သတို့သား၏ နှလုံးသားအထိ စီးမျောနေခဲ့ပါသည်။ ရင်ထဲတွင် တလှပ်လှပ်ဖြစ်နေသည်။

 

သတို့သားဖြစ်သူ ကျွန်တော်မျက်ရည်ကျနေသည်ကို အနီးကပ်ထိုင်၍ စုလျားရစ်ပတ် လက်ထပ်ပေးနေသူ ဘဘသူရဦးကျော်စွာနှင့် အန်တီဝါတို့ မရိပ်မိအောင် ဣန္ဒြေဆည်လိုက်ရသည်။

 

သို့သော် ရင်ထဲမှာ ဆို့နင့်နေဆဲဖြစ်သည်။ အငိုမျက်လုံးကို အပြုံးမျက်နှာ ဖြင့် ဖုံးဖိနိုင်ရန်အားတင်းနေရပါသည်။ ဒီလိုမှ ဣန္ဒြေမဆည်နိုင်လျှင် စုလျား ရစ်ပတ်မင်္ဂလာမှာ သတို့သား ငိုသည်ဟူ၍ ဇေယျာရွှေမြေတစ်ခွင်တွင် ဟိုးလေးတကျော်ကျော် ဖြစ်သွားနိုင်ပါသည်။

 

မင်္ဂလာဗီဒီယိုအခွေထွက်လာမှ သတို့သား မိမိငိုခဲ့တာကို သတိထား လိုက်မိသည်။

 

နတ်တလင်းအိမ်မှာ ဆွေမျိုးတွေ မင်္ဂလာဗီဒီယိုအခွေကြည့်ကြစဉ် အမေ့ ညီမတွေက သူတို့၏တူ အမိမဲ့သတို့သား သူ၏အမေကို လွမ်းဆွတ်သတိရ၍ စုလျားရစ်ပတ်မင်္ဂလာအချိန်မှာ မျက်ရည်ဝဲနေတာကို မြင်တွေ့သွားကြပြီး သူတို့ပါ သူတို့၏အစ်မ ကျွန်တော်၏အမေကို သတိရသွားကြသဖြင့် လွမ်းကြပြန်သည်။ ငိုကြပြန်ပါသည်။

 

အလယ်တန်းစကားပြေမှာပါသည့် "မိတဆိုးရှင်ပြု" ကို အမှတ်ရလိုက်မိ သည်။ မိမိအဖြစ်က "မိတဆိုး သတို့သားမင်္ဂလာဆောင်" ဖြစ်နေပါသည်။ တစ်ဦးတည်းသောသားပိုင်ရှင် အမေ့အတွက် ကျွန်တော်ရှာထားသည့် အမေ့ ချွေးမအလိမ္မာကို အမေမြင်စေချင်ပါသည်။

 

အမိမဲ့သားအဖြစ် လူ့လောကကြီးမှာ (၄၁) နှစ်လောက် ဘယ်လို ဖြတ်ကျော် ခဲ့သလဲ ဆိုတာ ပြန်တွေးမိပါသည်။

- အမေ့စကားသံတွေကြားချင်လိုက်တာ ....။

- အမေချက်ကျွေးတာတွေ စားချင်လိုက်တာ....။

- အမေ့ကိုပြုစုချင်လိုက်တာ....။

- နိုင်ငံခြားခရီးစဉ်တွေမှပြန်လာတိုင်း အမေ့ကို အသုံးအဆောင်၊ ဆေးဝါးတွေ ကန်တော့ချင်လိုက်တာ။ ထူးထူးဆန်ဆန်းအစားအသောက်တွေ ကျွေးချင်လိုက်တာ....။

 

- ပြည်တွင်းလေယာဉ်ခရီးစဉ်တွေမှပြန်လာတိုင်း ဒေသထွက် အစား အစာတွေ ကန်တော့ချင်လိုက်တာ...။ မြိတ်ကပ်ကြေးကိုက် ပူပူနွေးနွေးလေး ကျွေးချင်လိုက်တာ.......။

 

- ဒါက အမေလှူဖို့ တန်းဖို့ဆိုပြီး လစာထုတ်လျှင် အမေ့လက်ထဲကို ငွေသားကလေးတွေ ထည့်ပေးချင်လိုက်တာ....။

 

သို့သော် ကျွန်တော်၏ အမေသည် ကျွန်တော် (၁၉)နှစ်သားကတည်းက ကျွန်တော့်ကို ခွဲခွာသွားခဲ့ပါပြီ။ အမေကို လွမ်းဆွတ်သည့်စိတ်ကြောင့် တစ်ခါ တစ်ခါ ခေါင်းထဲမှာ ချာလည်လည်နေပြီး ပွင့်ထွက်သွားမလိုဖြစ်ရပါသည်။

အသက် (၈၀ )၊ (၉၀) ကျော် အမေတွေကို ပြုစုခွင့်ရနေသည့် သူငယ်ချင်း တွေကိုအလွန်အားကျမိပါသည်။ ရှစ်ဆယ်ကျော်တန်း ဖခင်၊ မိခင်တို့ကို ငါးဆယ်ကျော်တန်းသမီး မြန်မာစာ ဆရာမကြီးက ကန်တော့စဉ် အဖေအမေ က မုန့်ဖိုးပေးနေသည့် မင်္ဂလာရှိသော မြင်ကွင်းကလေးကို ဖေ့စ်ဘွတ်မှာ မြင်တွေ့မိ၍ သာဓုခေါ်မိသည်။

 

လောကတွင် ကံအကောင်းဆုံးသူများသည် မိစုံ ဖစုံနှင့် သက်တမ်းစေ့ အောင် နေခွင့်ရသည့် သားသမီးတွေဖြစ်ပါသည်။

 

(၃၁) ဘုံမှာ သည်အမေ၊ သည်အဖေတို့၏ သားသမီး အဖြစ် လူဖြစ်ခွင့်ရခဲ့ ကြပြီး မိသားတစ်စု သက်တမ်းစေ့အောင် နေထိုင်ရရန်သည် အင်မတန်ထူးသည့် ကုသိုလ် ဖြစ်ပါသည်။ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ပြုစုခွင့်ရသူသားသမီးများ သည် အလွန်ကံထူးသူများ ဖြစ်ကြပါသည်။

 

မိအို ဖအိုကို စိတ်မရှည်မပြုစုချင်၊ ငြူစူချင်ကြသူ သားသမီးတွေကို ကျွန်တော်ရိုးရိုးရှင်းရှင်းလေးပဲ ပြောပြချင်ပါသည်။

 

ကျွန်တော်တို့ငယ်ငယ်က ထမင်းကျွေးလို့ မစားလျှင် ကျွန်တော်တို့ မိဘတွေက "ဒီကောင်လေး ဒီကောင်မလေးမစားချင်လည်း မစားနဲ့ဟယ်" ဆိုပြီး ဆက်မကျွေးဘဲ ပစ်ထားခဲ့ဖူးပါသလား။

 

ဝါးဖတ်တော် ကစီနှစ်နှင့် လူဖြစ်အောင်ကျွေးမွေးခဲ့ကြသည် မဟုတ် ပါလား။

မစားစားအောင် ချီပိုး၍ တစ်မျိုး၊ လက်တွန်းလှည်းပေါ်တင်၍ တစ်ဖုံ၊ ဖိုးလမင်းကြီးရေ ထမင်းဆီဆမ်း ရွှေလင်ပန်းနဲ့ပေးပါလို့ ချော့မော့လို့ ကျွေးခဲ့ ကြတယ် မဟုတ်လား။

 

ကျွန်တော်တို့က မိဘကိုပြုစုရမည့်အလှည့်ရောက်မှ မိဘတွေက အကြောင်းကြောင်းကြောင့် အစာမစားချင်တာမျိုးနှင့်ကြုံတွေ့ရလျှင် ပစ်ထား ကြလို့ တော်ပါ့မလား။

 

မိဘတွေစားချင်တာလေးကို စိတ်ရှည်ရှည်မေးပြီး ရှာဖွေမကျွေးကြ တော့ဘူးလား။

 

ဝတ္တရားကျေရုံသာ သူတစ်ပါးအပြောလွတ်ကျွေးထားရုံနှင့် တော်ပါ့ မလား။

ကျွန်တော်တို့ ငယ်ငယ်က နာမကျန်းဖြစ်လျှင် မိဘတွေက ဆေးကု မပေးဘဲနေကြသလား.....။

 

မိဘတွေဟာ ဆိုက်ကားဆရာပဲဖြစ်စေ၊ ခေါင်းရွက်ဗျပ်ထိုးဈေးသည်ပဲ ဖြစ်စေ ကိုယ့်သားသမီးကိုပိုက်လို့ ဆရာဝန်ဆီပြေးပြီး ဆေးကုသပေးခဲ့ကြ တာပဲ မဟုတ်လား.....။

 

ပိုက်ဆံမရှိလို့ ပိုက်ဆံကုန်လို့ဆိုပြီးဆေးမကုပေးဘဲထားခဲ့ကြသလား....။

 

ကိုယ့်ကိုယ်ကိုယ်သာ ဆေးမကုဘဲနေကြပေမယ့် ကိုယ့်ရင်သွေးကိုတော့ ဆေးကုသပေးခဲ့ကြတယ် မဟုတ်လား....။

 

မိဘတွေကို ကိုယ်ပြုစုရမည့်အလှည့်ရောက်မှ ပိုက်ဆံကုန်လို့ ပိုက်ဆံ မရှိလို့ဆိုပြီး ရှောင်လွှဲနေလို့ တော်ပါ့မလား....။

 

ကျွန်တော်တို့ငယ်ငယ်က ချေးလူး၊ သေးလူးကို သန့်စင်ပေးခဲ့ကြတာ ဒီအမေနှင့် ဒီအဖေပဲ မဟုတ်လား ။

 

ဒီကလေးလေး ချေးယိုပြန်ပြီ သေးပေါက်ပြန်ပြီလို့ ညည်းညူခဲ့ကြသလား....။

ချေးဝတ်သေးဝတ်တွေကိုလျှော်ဖွတ်သန့်စင်ပေးခဲ့ကြတယ်မဟုတ်လား...။

ကိုယ်ပြုစုရမည့်အလှည့်ရောက်မှ အဖေအမေ့ ချေးက နံတယ်၊ သေးက နံတယ် ပြောလို့တော်ပါ့မလား....။

 

အစိုးမရတဲ့ဤလူ့ဘုံအတွင်း လူရယ်လို့ဖြစ်လာခိုက် သက်ရှိထင်ရှား ရှိနေတဲ့ မိဘတွေကို ပြုစုကြပါ။ သားသမီးဝတ္တရား ကျေပွန်ကြပါ။

မရှိတော့လျှင် တိုက်ဆိုင်မှုရှိတိုင်း ကျွန်တော့်လို မျက်ရည်ကျရုံကလွဲလို့ ဘာမှလုပ်ပေးလို့မရတော့ ပါဘူး...။

 

သီတင်းကျွတ်အမီ တူသား မောင်မယ်တို့ကို စကားလက်ဆောင်ပေး လိုက်ချင်ပါသည်။ အကြောင်းအမျိုးမျိုးကြောင့် မိဘနှစ်ပါးနှင့် အဆင်မပြေ စိတ်ခုခဲ့ပြီး မိဘနှင့် အဆက်ပြတ်နေကြသူတွေ၊ မိဘထံမရောက်ကြသူ တွေ ဒီသီတင်းကျွတ်မှာ မိဘနှစ်ပါးရှိရာသို့ သွားရောက်၍ ကန်တော့လိုက် ကြပါ။ ကန်တော့ရန် ပစ္စည်းမပါလျှင်လည်း အနန္တဂိုဏ်းဝင် ကျေးဇူးရှင် နှစ်ပါးကို လက်အုပ်ချီမိုး၍ ကန်တော့လိုက်ပါ .... ။ ကုသိုလ်အလွန်ကြီးပါ သည်။

မိခင်၏ မေတ္တာသည် အသည်းနှလုံးကပင် စကားပြောသည်အထိ ကြီးမား လှပါသည်။

 

မိဘ မေတ္တာ၊ မိခင်၏ မေတ္တာကို စကားပြောသော အသည်းနှလုံးဖြင့် တင်စား ခဲ့ပါသည်။

 

• အသည်းနှလုံးက..... စကားပြောကြသည်

ကလလရေကြည် ..... သန္ဓေတည်စက

အနေ့နေ့ အလလ.... အထိုင်အထ အသွားအလာ

များစွာခက်ရှာမည်..... မသက်သာပြီ။

အန္တရာယ်မသေး .... သေဘေး နဲ့နီးစေတော့

သမီးလေလား .... သားလေလားနဲ့

ခွဲခြားလို့မသိမီ ....

အမိသည်

မြတ်နိုးမဆုံး .... အမြဲပြုံးလို့

အသည်းနှလုံးက စကားပြောကြသည် …….။

အသည်းနှလုံးက စကားပြောကြပါသည် ……….။

(ကွယ်လွန်လေပြီးသော ဖခင်ဦးမောင်ဉာဏ် နှင့် မိခင်ဒေါ်လှရီတို့ အား ရည်မှန်း၍ ကန်တော့လိုက်ပါသည်)