
ရန်ကုန် ဇူလိုင် ၁၀
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် စကိုင်းနက်(SKYNET)တို့ ပူးပေါင်းကျင်းပသောစကိုင်းနက် ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ငါးချီစိန်ခေါ်ပွဲ ကီလိုတန်းအလိုက် ဖိုင်နယ်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ပိုင်းက ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူလက်ဝှေ့ အားကစားရုံ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး၀န်ကြီးချုပ် ဦးစိုးသိန်း နှင့်တိုင်းဒေသကြီး၀န်ကြီးများ တက်ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါပြိုင်ပွဲ၌ အထူးလေးချီစိန်ခေါ်ပွဲတွင် ထက်နိုင်အောင် (ရွှေသထုံ)နှင့် ယှူးခလိန်းအောင် (ဖလုံပညာ့တဝေါ့) တို့ အလူးအလဲ ပူးတွဲသရေဖြစ်ခဲ့ကာ မိုးမှောင်(ဘိလပ်မြေစက်ရုံ)နှင့် အောင်မင်းထွန်း (ဖလုံပညာ့တဝေါ့)ပြိုင်ပွဲမှာ အကြိတ်အနယ် ထိုးသတ်သော်လည်း ပူးတွဲသရေကျခဲ့ကာ ပရိသတ်ကြိုက်ဖြစ်ခဲ့သည်။
ရွှေအောင်လံပွဲဖိုင်နယ်ပွဲတွင် ၆၀ ကီလိုတန်း၌ ဟိန်းထွန်းအောင် (ရွှေသထုံ)နှင့် စောဘဟိန်း (ဘိလပ်မြေစက်ရုံ) တို့ ပြိုင်ပွဲတွင် စောဘဟိန်းက ဟိန်းထွန်းအောင်ကို ငါးချီပြည့် ပါးပါးနပ်နပ်ထိုးလိုက် ဆုတ်လိုက်ကစားသွားခဲ့ရာ ဒိုင်သုံးဦးက စောဘဟိန်းကို အမှတ်ဖြင့်အနိုင်ပေးလိုက်သည်၊၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် နက္ခမင်း(ဇွဲကပင်မြေ)နှင့် အဲမွီ (နဂါးမင်း) တို့ယှဉ်ပြိုင်ပွဲတွင် အဲမွီ ဘယ်ညာလက်သီး တွဲလုံး ကြောင့် နက္ခမင်း ပထမအချီ၌ အနာတရဖြစ်ပြီး ဆရာ၀န်က ဆက်လက် ယှဉ်ပြိုင်ခွင့်ပြုသဖြင့် ထိုးသတ်သော်လည်းနှစ်ဦးစလုံးသက်လုံး ကောင်းကာ ငါးချီပြည့် အရှုံးအနိုင်မပေါ်ဘဲ ဒိုင်သုံးဦးက အမှတ်ဖြင့် အဲမွီကို အနိုင်ပေးခဲ့သည်။၊
ထို့ပြင် ၆၇ ကီလိုတန်းတွင် စောမင်းမင်း (ရွှေသထုံ)နှင့်ကမ္ဘာရှား (AMT2)တို့ သူတစ်ပြန် ကိုယ်တစ်ပြန် ငါးချီပြည့်ထိုးသတ်ခဲ့ရာ ဒိုင်သုံးဦးကအမှတ်ဖြင့် စောမင်းမင်းကို အနိုင်ပေးလိုက်သည်။ ၇၀-၇၁ ကီလိုတန်းတွင် စောမင်းအောင် (တောင်ကလေး) နှင့် ကြယ်ကြီး(G3G)တို့ ယှဉ်ပြိုင်ထိုးသတ်ကြရာ ပထမအချီ၌ ကြယ်ကြီးက မင်းထက်အောင် ခြေထောက်ကို ဖြတ်သိမ်းခဲ့ရာ ကြယ်ကြီး ခြေထောက်ဒဏ်ရာရခဲ့ ကာ အနားတောင်းခဲ့ပြီး ဒုတိယအချီတွင် မင်းထက်အောင်က ကြယ်ကြီးခြေထောက်ကို ပြန်လည်ဖြတ်သိမ်းခဲ့ရာ ကြယ်ကြီးအမှတ်စဉ် ၁၀ အထိ ရေတွက်ခံရကာ အရှုံးပေးလိုက်ရသည်။
ပြိုင်ပွဲအပြီးဆုပေးပွဲကိုကျင်းပရာ အထူး လေးချီစိန်ခေါ်ပွဲတွင် ထက်နိုင်အောင်(ရွှေသထုံ)နှင့် ယှူးခလိန်းအောင် (ဖလုံပညာ့တဝေါ့) မိုးမှောင် (ဘိလပ်မြေစက်ရုံ)နှင့် အောင်မင်းထွန်း (ဖလုံ ပညာ့တဝေါ့)ပြိုင်ပွဲတို့ကို တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး ဥပဒေချုပ်ဦးဌေးအောင်၊ တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးစောဂျက်ကော့ထူးတို့က ဆုများချီးမြှင့်ကြသည်။
ထို့နောက် ၆၀ ကီလိုတန်း ဗိုလ်လုပွဲတွင် ရွှေအောင်လံဆုရ စောဘဟိန်းကို သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်းက လည်းကောင်း၊ ၆၃ ဒသမ ၅ ကီလိုတန်းတွင် ရွှေအောင်လံဆုရ အဲမွီ (နဂါးမင်း)ကို ရွှေသံလွင်မီဒီယာကုမ္ပဏီလီမိတက် မန်နေဂျင်းဒါရိုက်တာ ဦးတင့်ဆန်း ကလည်းကောင်း၊ ၆၇ကီလိုတန်းတွင် ရွှေအောင်လံဆုရ စောမင်းမင်း (ရွှေသထုံ)အား လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင့် က လည်းကောင်း ဆုဖလားနှင့် ငွေကျပ် ၁၅ သိန်းစီ ချီးမြှင့်ကြသည်။
ထို့နောက် ၇၀-၇၁ ကီလိုတန်းတွင် ရွှေအောင်လံဆုရ စောမင်းအောင် (တောင်ကလေး) ကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဆုဖလားနှင့် ငွေကျပ် ၁၅ သိန်းချီးမြှင့်ပြီး မြန်မာနိုင်ငံရိုးရာ လက်ဝှေ့ အဖွဲ့ချုပ်သို့ အလှူငွေကျပ်သိန်း ၁၀၀ ပေးအပ်ခဲ့ကြောင်း သိရ သည်။
အာကာစိုး