
ရန်ကုန် ဇူလိုင် ၁
မြန်မာနိုင်ငံ ရိုးရာလက်ဝှေ့အဖွဲ့ချုပ်နှင့် စကိုင်းနက်တို့ ပူးပေါင်းကျင်းပသော စကိုင်းနက်ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ ငါးချီစိန်ခေါ်ပွဲ ကီလိုတန်းအလိုက် ဆီမီးဖိုင်နယ်ပြိုင်ပွဲကြီးကို ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့မင်္ဂလာတောင်ညွန့် မြို့နယ် သိမ်ဖြူလက်ဝှေ့အားကစားရုံ၌ ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲ၌ ၆၀ ကီလိုတန်းဆီမီး ဖိုင်နယ်များတွင် ယှဉ်ပြိုင်ထိုးသတ်မည့် ဟိန်းထွန်းအောင်(ရွှေသထုံ)သည် ကွာတား ပွဲတွင် သန့်ဇင်(တော်ဝင်ဧရာ)ကို စတုတ္ထအချီ၌ အလဲထိုးနိုင်ခဲ့သည်။ ရွှေခါးပတ်ဆုရရှိထားပြီးပွဲပေါင်း ၃၇ ပွဲတွင် ၁၂ ပွဲနိုင်ထားသူဖြစ်သည်။ ဟိန်းထွန်းအောင်နှင့်ထိုးသတ်မည့် စောအယ်ဖူး (ဒို့ရိုးရာ) သည် စောမူထော်ဂေး (STL) ကို စတုတ္ထအချီတွင် အလဲထိုးနိုင်ခဲ့သည်။ မြိုင်ကြီးငူ ရွှေတံဆိပ်နှင့် ကရင်ပြည်နယ် အောင်လံဆုရရှိထားပြီး ပြိုင်ပွဲပေါင်း ၂၅ ပွဲ တွင် ၁၀ ပွဲနိုင်ထားသည်။
ကရင်ပြည်နယ် အောင်လံဆုရှင် စောဘဟိန်း (ဘိလပ်မြေစက်ရုံ) သည် ကွာတားတွင် ချစ်ဝိုင်းဝိုင်းကို အမှတ်ဖြင့် နိုင်ခဲ့ပြီး ပွဲပေါင်း ၄၀ တွင် ၂၅ ပွဲနိုင်ထားသူ ဖြစ်သည်။ ၎င်းနှင့် ယှဉ်ပြိုင်ထိုးသတ်မည့် မင်းကျော်ဇ(ဇွဲကပင်မြေ)သည် လင်းထက်အောင် ကို အမှတ်ဖြင့်နိုင်ခဲ့ပြီး ပွဲပေါင်း ၃၅ ပွဲတွင် ၂၂ ပွဲနိုင်ထားသူတစ်ဦးဖြစ်သည်။ ၆၃ ဒသမ ၅ ကီလိုတန်းတွင် နက်ခမင်း (ဇွဲကပင်မြေ)က ကွာတားတွင် ကိုကိုအောင်ကို ဒုတိယအချီ၌ အလဲထိုးနိုင်ခဲ့ပြီး ပြိုင်ပွဲပေါင်း၂၅ ပွဲကစားထား သူဖြစ်ကာ ၎င်းနဲ့ယှဉ်ပြိုင်မည့် ကျားသွေး (ထွန်းထွန်းမင်)က ပြိုင်ပွဲကိုးပွဲသာ ထိုးသတ် ထားသည်။
အဲမွီ(နဂါးမင်း) နှင့် သက်ဝင်းအောင် (ရွှေသထုံ) တို့ အသက်တူညီကြသော်လည်း သက်ဝင်းအောင်က ပြိုင်ပွဲအတွေ့အကြုံများသူ ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ပြိုင်ပွဲမှာ ပွဲကောင်း ဖြစ်လာနိုင်သည်။ ၆၇ ကီလိုတန်း ကွာတား တွင် စောမင်းမင်း (ရွှေသထုံ) သည် အကောင်းဆုံး လက်ဝှေ့သမားဆုရရှိထားကာပြိုင်ပွဲပေါင်း ၄၅ ပွဲတွင် ၂၂ ပွဲနိုင်ထားသည်။ ၎င်းနှင့်ထိုးသတ်ယှဉ်ပြိုင်မည့် ကိုနိုင်း (ဇာနည် သွေး)က အောင်လံ ၁၀ ဆုရရှိထားပြီး ယင်းတို့ နှစ်ဦး၏ ပြိုင်ပွဲမှာ ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာနိုင်သည်။
မာန်မင်းအောင် (ဘိလပ်မြေစက်ရုံ) က ကွာတားတွင် မင်းထူးထူးကို ဒုတိယအချီ၌ အလဲထိုးနိုင်ခဲ့သလို၊ ကမ္ဘာရှား (AMT2) က စောထွန်းဝင်းအောင်ကို အမှတ်ဖြင့် နိုင်ခဲ့ သည်။ အဆိုပါ ဆီမီးဖိုင်နယ်နှင့် ဗိုလ်လု ပွဲစဉ်များအား နိုင်တက် ရှုံးထွက်စနစ် ကျင့်သုံးမည်ဖြစ်ပြီး အလဲထိုးဖြင့် ပွဲစဉ်မပြတ် ပါက အမှတ်ပေးစနစ်ဖြင့် အဆင့်ဆင့် ယှဉ်ပြိုင် ထိုးသတ်မည်ဖြစ်သည်။
ရွှေအောင်လံ မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲ ကြီး၏ ပွဲစဉ်များကို "SKYNET Sports-4"၊ "SKYNET Sports-HD ရုပ်သံလိုင်းတို့တွင် တိုက်ရိုက်(LIVE) ထုတ်လွှင့်ပြသသွားမည် ဖြစ်ပြီး လက်မှတ်များကို ငွေကျပ် ၅၀၀၀၊ ငွေကျပ် ၁၀၀၀၀နှင့် ငွေကျပ် ၁၅၀၀၀ သတ်မှတ် ထားကြောင်း သိရသည်။
အာကာစိုး