
ရန်ကုန် ဩဂုတ် ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်သုံးဆီ အရောင်းဆိုင် ၂၁၀ ရှိရာတွင် စက်သုံးဆီ ဝယ်လိုအားများ သိသိသာသာ မြင့်တက်လာရာ အချို့ ဆိုင်များတွင် သိုလှောင်ကန်သို့ ဆီသယ်ယာဉ် ဆီဖြည့်သွားစဉ် ခေတ္တအရောင်းရပ်ထားခြင်းများ ကြောင့် သုံးစွဲသူပြည်သူများက စိုးရိမ်စိတ်ဖြင့် ဝယ်ယူသုံးစွဲလိုမှုများပြားလာပြီး ယခုရက်ပိုင်း အတွင်း ပုံမှန်အနေအထားအဖြစ် ပြန်လည် ရောက်ရှိရေးအတွက် စက်သုံးဆီအရောင်းဆိုင်များ သို့ အလျင်အမြန် ရောင်းချပေးထားပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင် ရောင်းချဖြန့်ဖြူးရေးအသင်း တာဝန်ရှိသူများက ပြောကြားသည်။
ယနေ့မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး မြန်မာအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း (သီလဝါ) ရှိ စက်သုံးဆီ သိုလှောင်ကန်စခန်းများ၌ စက်သုံးဆီကန် များအတွင်း စက်သုံးဆီသိုလှောင်ထားရှိမှု အခြေ အနေနှင့် ဆီသယ်ယာဉ်များပေါ်သို့ စက်သုံးဆီ ဖြည့်တင်းနေမှု အခြေအနေများကို ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝင် များ လိုက်လံကြည့်ရှုစစ်ဆေးစဉ် အဆိုပါ မြန်မာ နိုင်ငံ စက်သုံးဆီတင်သွင်းသိုလှောင် ရောင်းချဖြန့်ဖြူး ရေးအသင်း တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ခြင်း ဖြစ်သည်။
ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့အား လတ်တလော စက်သုံးဆီရောင်းချနေမှု အခြေအနေများ၊ သိုလှောင်ကန်များအတွင်း ရောင်းချရန် စက်သုံးဆီသိုလှောင်ထားရှိမှုနှင့် အရန်စက်သုံးဆီသိုလှောင်ထားရှိမှု အခြေအနေများ ကိုလည်း အဆိုပါတာဝန်ရှိသူများက ဆက်လက် တင်ပြခဲ့ကြသည်။
ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဆီသိုလှောင်ကန်မှဆီသယ်ယာဉ်များအပေါ်သို့ ဆီဖြည့်သွင်းသည့်စနစ် အားနည်းချက်မရှိရေး၊ အစီအစဉ်တကျ ဖြည့်သွင်း ခြင်း၊ ထွက်ခွာခြင်းနှင့် ဆိုင်အရောက်မြန်ဆန်ရေး သည် အကောင်းဆုံးဖြစ်၍ ဆောင်ရွက်ကြရန်၊ အမြန် ဆုံးချောမွေ့အောင် ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်း ကူညီဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများ၊ ဆီဖြည့် Terminal များ၊ ဆီ ဘောက်ဆာကားများမှ တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့ သည် စက်သုံးဆီသိုလှောင်ကန်စခန်းများ ဖြစ်သော မြတ်မေတ္တာမွန်၊ မက်စ်မြန်မာ၊ Brighter Energy Terminal ၊ ပိတောက်ရွှေဝါတို့တွင် ဆီဆိုင်များသို့ ပေးပို့ရန် ဆီသယ်ယာဉ်များပေါ်သို့ ဆီဖြည့်တင်းနေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)