
စင်ကာပူ အောက်တိုဘာ ၂၄
စင်ကာပူအစိုးရက လာမည့်နှစ်ဇန်နဝါရီ ၁ ရက်မှစပြီး နိုင်ငံအတွင်းရှိ လုပ်ငန်းခွင်နေရာများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူများကိုသာ လုပ်ငန်းများဆောင်ရွက်ခွင့်ပြုမည့် ဥပဒေတစ်ရပ် ထုတ်ပြန်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ သတင်းများအရ သိရသည်။
လက်ရှိတွင် နိုင်ငံ၏ လူဦးရေ ၈၄ ရာခိုင်နှုန်း သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူပြီးဖြစ်သည်။ သို့သော် သြဂုတ်လအတွင်း ကျန်းမာရေးစည်းမျဉ်းများကို ပြန်လည်ဖြေလျှော့ခဲ့ ပြီးနောက် ရောဂါကူးစက်ခံရသူအရေအတွက် သိသိ သာသာ မြင့်တက်လာလျက်ရှိသည်။ ယခုလအတွင်း နေ့စဉ်ကူးစက်မှုအရေအတွက် ၃၀၀၀ အထိ မြင့်တက် လာကြောင်း သိရသည်။
အဆိုပါ ဥပဒေအသစ်ကို ပြဋ္ဌာန်းမည်ဆိုပါက လုပ်ငန်းခွင်နေရာများတွင် ဘေးကင်းလုံခြုံစွာ လုပ်ငန်းများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း စင်ကာပူအစိုးရက ဆိုသည်။
ယင်းဥပဒေအရ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း မရှိသည့် ပြည်သူများသည် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရခြင်းမရှိသည့် ဆေးသက်သေခံလက်မှတ်ပြသနိုင်မှသာ သို့မဟုတ် ရက်ပေါင်း ၂၇၀ အတွင်း ရောဂါကူးစက်မှုမှ ပြန်လည် ကျန်းမာလာသူဖြစ်မှသာ လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်နိုင်မည်ဖြစ်သည်။
လက်ရှိအချိန်တွင် ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းမရှိသေးသည့် ပြည်သူများအား ဈေးဝယ်စင်တာ များနှင့် စားသောက်ဆိုင်များအတွင်းသို့ ဝင်ရောက်ခွင့် ကို စင်ကာပူအစိုးရက ပိတ်ပင်တားမြစ်ထားကြောင်း သိရသည်။
ကိုးကား - အင်န်အိတ်ချ်ကေ
ဘာသာပြန် - အောင်ကျော်ကျော်