မြန်မာ့အလင်းအယ်ဒီတာအာဘော်
မြန်မာနိုင်ငံအဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်းလမ်းညွှန်ချက် များ - ၂၀၂၀ (MNBC Code-2020) ကို ယခု ကျန်ခဲ့သည့်နှစ် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁ ရက်နေ့က စတင်ပြီး ရည်ညွှန်းကိုးကား လိုက်နာကြရန် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ရုံးက ညွှန်ကြားခဲ့ပါသည်။
အဆောက်အအုံဆိုင်ရာ အခြေခံစံချိန်စံညွှန်းများ ဆိုသည်မှာ အဆောက်အအုံများ ဆောက်လုပ်ရာတွင် အသုံးပြုသူများနှင့် ပြည်သူ အများ ထိခိုက်နစ်နာမှု မရှိစေရန် ပုံစံထုတ်သူ ဗိသုကာများ၊ ကြံ့ခိုင်မှု ဒီဇိုင်းထုတ်သူနှင့် ဆောက်လုပ်သူ အင်ဂျင်နီယာများ ဂရုပြုလိုက်နာ ရမည့် စံချိန်စံညွှန်းများ ဖြစ်၏။
ဗိသုကာများ၊ အင်ဂျင်နီယာများဟူသည့် မတူကွဲပြားသော ပညာရပ်ဆိုင်ရာ လုပ်ငန်းများကို လုပ်ကိုင်ရာတွင် မိမိတို့ တာဝန် ယူရသည့် အစိတ်အပိုင်းနှင့် ကဏ္ဍအလိုက် အများပြည်သူနှင့် သုံးစွဲ သူတို့ ရုပ်ပိုင်း၊ စိတ်ပိုင်း ထိခိုက်နစ်နာမှုမရှိအောင် ဆောင်ရွက်ရပါ သည်။ ထိုသို့ဆောင်ရွက်ရာတွင် တိတိကျကျလိုက်နာရမည့် စံချိန် စံညွှန်းများကို ထုတ်ပြန်ရေးဆွဲပေးထားခြင်းဖြစ်ပါသည်။
ဥပဒေဆိုသည်မှာ အချို့သောသူတို့ ယူဆနေသကဲ့သို့ အလုပ် လုပ်ရာတွင် ခက်ခဲအောင် တင်းကျပ်ချုပ်ကိုင်ရန်အတွက် မဟုတ် ဘဲ၊ အများပြည်သူကို ကာကွယ်ပေးနိုင်ရန်အလို့ငှာ ရေးဆွဲပြဋ္ဌာန်း ရခြင်းဖြစ်ပါသည်။ ဤသည်မှာ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများကြား ထားရှိသည့် သတ်မှတ်ပြဋ္ဌာန်းချက်လည်း ဖြစ်ပါသည်။ စံချိန်စံညွှန်း များတွင် အချက်အလက်မျိုးစုံ ပါဝင်သော်လည်း ပြည်သူလူထု၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုရှိရေး၊ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုမရှိရေးကို အဓိကထား ပြဋ္ဌာန်းသတ်မှတ်ခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့် သာမန်လူနေအိမ်တစ်ခုတွင် အတတ်နိုင်ဆုံး ရှိသင့်သည့် လှေကားအကျယ်၊ အထစ် အစိတ်အကျဲ၊ အမြင့်နှင့် ခြေနင်းအချိုး၊ လူအများသုံး အဆောက်အအုံဖြစ်လျှင် အရေးပေါ် ထွက်ပေါက် မည်မျှထက် ပိုမဝေးသင့်၊ အိပ်ခန်းတို့တွင် လေဝင် လေထွက်နှင့် သဘာ၀အလင်းရောင်ရရန် ပြတင်းဧရိယာ မည်မျှ လောက် အနည်းဆုံးရှိသင့်သည် စသည်ကဲ့သို့သော သတ်မှတ်ချက် များ ဖြစ်ပါသည်။
အထက်တွင်ဆိုသကဲ့သို့ စံချိန်စံညွှန်းများဟူသည် ပညာရှင် စစ်စစ်တို့အတွက် အထူးတလည် ပြန်လည်ရည်ညွှန်းကိုးကားနေ ရန်ပင် မလိုအပ်ဟုအဆိုရှိပါသည်။ ပညာရှင်ပီပီသသ အလုပ်လုပ်နေ သူတို့သည် ဥပဒေထုတ်ပြန်သည်ဖြစ်စေ၊ မထုတ်ပြန်သည်ဖြစ်စေ ထိုစံချိန်စံညွှန်းများကို စောင့်ထိန်းလိုက်နာပြီး ဖြစ်နေလေ့ရှိသည်ဟု ဆိုလိုရင်းဖြစ်ပါ၏။ သို့သော်လည်း လုပ်ငန်းတို့တွင် ငွေကြေးအမြတ် အစွန်းတစ်ခုတည်းပေါ် အာရုံစိုက်လာပြီး မမှန်ကန်သော လုပ်ငန်း ရှင်များနှင့် မရိုးသားသော အဂတိမကင်းသော တာဝန်ရှိသူများ၏ လက်အောက်တွင် စနစ်တကျ ဆောင်ရွက်မှုများအစား အခြေ အနေအရနှင့် အဆင်ပြေသလိုလုပ်ကြသည့် စနစ်ဆိုးများဖြစ်လာခဲ့ သည်။ ထိုသို့စနစ်ဆိုးဖြင့် အလုပ်လုပ်လာကြသည့် ခေတ်ကာလ ရှည်ကို ဖြတ်သန်းခဲ့ရသည့်အခါ စံချိန်စံညွှန်းတို့ကို မသိကျိုးကျွန်ပြု လာကြသလို၊ မသိမသာရော သိသိသာသာရော ချိုးဖောက်မှုများ ရှိလာကြရာ အဆောက်အအုံတို့၏ အရည်အသွေးရော ရှိသင့်သည့် စံချိန်စံညွှန်းများပါ အမှောင်ထုထဲ ရောက်နေခဲ့ရသည်။ ဤသို့ဖြင့် မရိုးသားသော လုပ်ငန်းရှင်များနှင့် လာဘ်လာဘ မကင်းသော တာဝန် ရှိသူတို့ ချမ်းသာကြွယ်၀မှုများ အဆမတန်များပြားလာသည်နှင့်အမျှ ပြည်သူ့ဘဏ္ဍာဖြင့် ဆောက်လုပ်သော အဆောက်အအုံတို့၏ အရည် အသွေးနှင့် စံချိန်စံညွှန်းများမှာ ယိုယွင်းဆိုးရွားလာခဲ့ပါသည်။
ယခုအခါ မည်သည့်နေရာတွင်မဆို ပြည်သူလူထုအကျိုးကို ဦးတည်ရမည်ဟူသည့် ပြည်သူ့အစိုးရ၏ မူဝါဒအရ အဆောက်အအုံ ဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ -၂၀၂၀ ဟူ၍ သတ်မှတ် ပြဋ္ဌာန်းကာ မဖြစ်မနေ လိုက်နာကြရန် ညွှန်ကြားချက် ထွက်ပေါ် လာပြီဖြစ်ပါသည်။ ပြီးပြည့်စုံသည့် စံချိန်စံညွှန်းများဖြစ်ရေးအတွက် ပိုမိုပြည့်စုံထိရောက်သည်တို့ကို ဆက်လက်ဖြည့်စွက်ဦးမည်ဟု နားလည်ရပါသည်။
ပညာရှင်များ၊ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများ တိတိကျကျ လိုက်နာဆောင်ရွက်ကြခြင်းဖြင့် အများပြည်သူအကျိုးကို ရှေးရှု ဆောင်ရွက်နိုင်ကြပါစေသတည်း။ ။