စည်းလုံးညီညွတ်ခြင်းသည် ထာဝရလိုအပ်သောအရာ

 

မြန်မာ့လွတ်လပ်ရေးအတွက်  ကြိုးပမ်းရာတွင်     ဦးစွာပထမ စည်းလုံးညီညွတ်ရေးကို တည်ဆောက်ခဲ့ရသည်။ ၁၉၄၆ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ ပရိသတ်နှစ်သိန်းကျော် တက်ရောက်သည့် ဖ.ဆ.ပ.လ လူထုညီလာခံကြီးတွင်   ဗိုလ်ချုပ်အောင်ဆန်းက ညီညွတ်ရေးအဆိုတစ်ရပ်ကို အကျယ်တဝင့်တင်သွင်းခဲ့ရာတွင် ‘‘လွတ်လပ်ရေးလုပ်တဲ့ကိစ္စမှာ တစ်တိုင်းတစ်ပြည်လုံး သွေးစည်း ပြီး စည်းစည်းလုံးလုံး အလုပ်လုပ်မှ ဖြစ်နိုင်မှာမို့ပဲ၊ ဒီလိုမလုပ်ရင် ညီညွတ်ရေးမရဘူးဆိုလို့ရှိရင် တိုင်းပြည်နှင့်လူမျိုးလွတ်လပ်ရေး ဟာ ကျကျနန မဖြစ်နိုင်ဘူး’’ဟု ပြောကြားခဲ့သလို ‘‘မြန်မာပြည် သည် အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်ကြီးခေါ်၍ ကိုယ်ပိုင် ပြဋ္ဌာန်းနိုင်ခွင့်ရှိသော အခြေအနေသို့ ဆိုက်ရောက်အောင် (ဝါ)  လွတ်လပ်ရေးရအောင် အလိုဆုံးသောအရာမှာ ညီညွတ်ရေးပင် ဖြစ်ကြောင်း၊ ညီညွတ်ရေးသည် တူညီသောအကျိုး၊ တူညီသော အလုပ်နှင့်တူညီသော ရည်ရွယ်ချက်တို့တွင် အခြေပြုရမည်ဖြစ် ကြောင်း’’ ဟူ၍လည်း ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။

 


မြန်မာလူမျိုးတို့သည် သတ္တိနှင့်ဗျတ္တိကို အလေးအနက်တန်ဖိုး ထားကြသူများဖြစ်ရာ စည်းလုံးညီညွတ်မှု တည်ဆောက်ခြင်းသည် ဗျတ္တိခေါ် နှလုံးရည်ကို အရင်းတည်ကြရခြင်းဖြစ်သည်။ နှလုံးရည် ဟူသည် စိတ်နှလုံး၏ စွမ်းရည်သတ္တိပင်ဖြစ်ပြီး သတ္တိရော ဗျတ္တိပါ ဉာဏ်ပညာက   ဦးစီးထားခြင်းဖြစ်သည်။    တောင်ပေါ်မြေပြန့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ စည်းလုံးညီညွတ်မှုဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရာတွင် အချုပ်အခြာအာဏာပိုင် လုံးဝလွတ်လပ်သော ပြည်ထောင်စုသမ္မတနိုင်ငံ တည်ဆောက် သွားရန်ဟူသော အခြေခံမူကိုပါချမှတ်ခဲ့ကြသည်၊၊ ၎င်းရည်မှန်း ချက် ပြည့်မြောက်အောင်မြင်ရန် အဓိကလိုအပ်ချက်မှာ  စည်းလုံး ညီညွတ်ခြင်းဖြစ်သည်ကို နယ်ချဲ့သမားတို့ကပါ ကောင်းစွာသိမြင် ကြသည့်အလျောက်  စည်းလုံးညီညွတ်မှုပြိုကွဲစေရန်   သွေးခွဲ သပ်လျှို မှုများကို      လွတ်လပ်ရေးမရမီကရော လွတ်လပ်‌ရေးရပြီး ကာလနောက်တွင်ပါ အစဉ်တစိုက်ပြုလုပ်ခဲ့ကြသည်၊၊   နယ်ချဲ့ သမားတို့၏  ပရိယာယ်ဖြင့်   တိုင်းရင်းသားလူမျိုးအချင်းချင်း သွေးကွဲအောင်  မုန်းတီးမှုများနှင့် သံသယစိတ်များဝင်လာအောင်  သွေးခွဲရန်တိုက်မှုများ၊    ရာထူးအာဏာငွေကြေးတို့ဖြင့် မြူဆွယ် ဖြားယောင်းမှုများကို  ထိုစဉ်က ပင်လုံစိတ်ဓာတ်၊ ပြည်ထောင်စု စိတ်ဓာတ်တို့ဖြင့် ကျော်လွှားခဲ့ကြပြီး  မြန်မာ့လွတ်လပ်‌ရေးကို  ပိုင်ပိုင်နိုင်နိုင်  အရယူခဲ့ကြခြင်းဖြစ်သည်၊၊    ယခုအခါ   ပင်လုံ စိတ်ဓာတ်၊ ပြည်‌ထောင်စုစိတ်ဓာတ်တို့၏ ဖြစ်တည်မှုမှာ နှစ်ပေါင်း ၇၅ နှစ် ကြာမြင့်ခဲ့ပြီဖြစ်ပြီး စိန်ရတုအခါသမယသို့ပင် ရောက်ရှိ ခဲ့ပြီဖြစ်သည်၊၊

 


ဒုတိယကမ္ဘာစစ်အပြီး လွတ်လပ်ရေးရရှိခဲ့ကြသော    ကမ္ဘာ့ နိုင်ငံများအတို့မှာ လွတ်လပ်ရေးရပြီးနောက် နိုင်ငံကို ပြန်လည် ထူထောင်ကြရာတွင် အခက်အခဲများစွာ  ရင်ဆိုင်ခဲ့ကြရသည်။ မြန်မာနိုင်ငံသည် ကမ္ဘာစစ်၏ဒဏ်ကို အကြီးအကျယ်ခံစားခဲ့ရပြီး နိုင်ငံ၏စီးပွားရေးအရင်းအမြစ်များ     လုံးဝမကျန်သည်အထိ ပျက်စီးဆုံးရှုံးခဲ့ရခြင်း၊ လွတ်လပ်ရေးရပြီးမကြာမီမှာပင် ပြည်တွင်း သောင်းကျန်းမှုတို့ ပေါ်‌ပေါက်လာခြင်းစသည်တို့က နိုင်ငံတိုးတက် ဖွံ့ဖြိုးရေးကို များစွာနှောင့်နှေးစေခဲ့သည်။    တစ်ဖန် နိုင်ငံဖွံ့ဖြိုး တိုးတက်မှု နှေးကွေးခြင်းကပင်လျှင် လက်နက်ကိုင်ဆန့်ကျင်မှု များ၊ ပဋိပက္ခများနှင့်ဆက်စပ်သည့် အကြောင်းတစ်ရပ် ဖြစ်လာ ခဲ့သည်၊၊

 


မိမိတို့နိုင်ငံရှိ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး စည်းလုံး ညီညွတ်မှုအင်အားဖြင့် နိုင်ငံ၏လွတ်လပ်ရေးကို ရယူနိုင်ခဲ့သလို ထိုလွတ်လပ်ရေး အဓွန့်ရှည်တည်တံ့အောင်      ထိန်းသိမ်းရာတွင် လည်း စည်းလုံးညီညွတ်မှုသည်မရှိမဖြစ်၊၊ ထို့အပြင် တိုင်းရင်းသား ပြည်သူများ၏ဆန္ဒဖြစ်သော     ထာဝရငြိမ်းချမ်းရေးကိုလည်း စည်းလုံးညီညွတ်မှုအင်အားဖြင့်သာ ရယူကြရမည်ဖြစ်ပြီး နိုင်ငံ ဖွံ့ဖြိုးတိုးတက်‌ရေး၏ အခြေခံအကျဆုံးလိုအပ်ချက်သည်လည်း တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်မှုသာဖြစ်သည့် အလျောက်  နှလုံးရည်သတ္တိဖြင့်        စည်းလုံးညီညွတ်ကြပါစေ ကြောင်း။                ။