စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်း

ကိုလိုနီခေတ်၌လည်းကောင်း၊              လွတ်လပ်ရေးကြိုးပမ်းမှုကာလ၌ လည်းကောင်း၊ လွတ်လပ်ရေးရပြီးကာလ၌ လည်းကောင်း၊ မျက်မှောက်ကာလ၌ လည်းကောင်း စည်းလုံးညီညွတ်မှုနှင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုတို့ကို ဆင်ခြင် ထောက်ရှုကြည့်လျှင် မြန်မာတို့စိတ်ထားနှင့် လုပ်ကိုင်ဆောင်ရွက်မှုများမှာ အဓိက ကျနေသည်ကို တွေ့ရသည်။ 


စိတ်ပိုင်းဆိုင်ရာတွင် ငါတို့သည် လူမျိုးအရဖြစ်စေ၊ ယုံကြည်ကိုးကွယ်မှုအရ ဖြစ်စေ၊ အတွေးအခေါ်အယူအဆ ခံယူချက်အရဖြစ်စေ မည်သို့ပင်မတူကွဲပြားခြားနား ကြသော်ငြားလည်း ငါ့နိုင်ငံတော်၊ ငါ့လူမျိုးအတွက်ဆိုလျှင် တစ်စိတ်တစ်ဝမ်းတည်း ဆောင်ရွက်မည်ဟူသောစိတ်ထား အားနည်းနေသည်။ သမိုင်းသင်ခန်းစာကိုယူ၍ ပိုမိုကောင်းမွန်သော အလေ့အထကောင်းများကို လက်ဆင့်ကမ်းမျှဝေဆောင်ရွက် ခြင်းတို့၌ အားနည်းနေသည်။ မြန်မာတို့အနေဖြင့် အားသာချက်များရှိသလို အားနည်း ချက်များရှိသည့်အနက် အဓိကမှာ စည်းလုံးညီညွတ်မှုပင်ဖြစ်သည်။ 


မိမိနိုင်ငံအတွက် စည်းလုံးကြမည်။ ညီညွတ်ကြမည်ဟူသော စိတ်ဓာတ်နှင့် ခံယူချက်သည် ကမ္ဘာကိုပင် ကိုင်လှုပ်နိုင်သည့် စွမ်းအားပမာဏရှိခဲ့ကြောင်းကို ကမ္ဘာ့ နိုင်ငံများသမိုင်းတွင် လေ့လာနိုင်ပါသည်။ နိုင်ငံပမာဏငယ်သော်လည်း ဒုတိယကမ္ဘာစစ်နှင့်နောက်ပိုင်းကာလတွင် အင်အားကြီးနိုင်ငံဖြစ်ခဲ့သည့် ဗြိတိန်နှင့် ဂျပန် နိုင်ငံတို့၏ နိုင်ငံသားများစိတ်ဓာတ်ကိုကြည့်လျှင် သိမြင်နိုင်မည်ဖြစ်သည်။


ဗြိတိန်နှင့် ဂျပန်နိုင်ငံအကျယ်အဝန်းမှာ မြန်မာနိုင်ငံ၏ တစ်ဝက်ကျော်မျှသာ ရှိသော်လည်း လူဦးရေမှာ မြန်မာနိုင်ငံထက် အဆပေါင်းများစွာရှိပေသည်။ မြန်မာ နိုင်ငံသည် လူဦးရေနှင့်လိုက်လျောညီထွေရှိ၍ ချောင်ချောင်လည်လည်ရှိပြီး လူဦးရေ ပြဿနာ၊ စားဝတ်နေရေးပြဿနာမရှိခြင်းသည် ကောင်းသည့်အချက်များဖြစ်သော် လည်း ညီညွတ်ရေးတွင် အားနည်းသည်။ ဗြိတိန်နှင့်ဂျပန်နိုင်ငံကဲ့သို့ လူဦးရေနှင့်မမျှ ကျဉ်းမြောင်းသည့်တိုင်းပြည်၌ မိမိနိုင်ငံတိုးတက်ရေး၊ မိမိလူမျိုးကောင်းစားရေး အတွက်  တစည်းတလုံးတည်း ပြင်းထန်စွာကြိုးပမ်းအားထုတ်ကြရာ     ကမ္ဘာကိုပင် ကိုင်လှုပ်ခဲ့သောနိုင်ငံများဖြစ်ခဲ့သည်။


 အာရှတိုက်ရှိ နိုင်ငံများတွင် မြန်မာနိုင်ငံသည် ဗြိတိသျှအင်ပါယာအတွင်းသို့ နောက်ဆုံးသွတ်သွင်းခြင်းခံရသည့် နိုင်ငံဖြစ်ခဲ့သော်လည်း အမျိုးသားခေါင်းဆောင် ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အမျိုးသားခေါင်းဆောင်များ၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသူများက အသက်သွေးချွေးပေးဆပ်၍ အပြင်းအထန်ကြိုးပမ်း အားထုတ် နိုင်သောကြောင့် ဗြိတိသျှအင်ပါယာအတွင်းမှ ပထမဆုံးထွက်ခွာခွင့်ရသည့် နိုင်ငံ ဖြစ်လာခဲ့သည်။ ဤသည်မှာ စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံ့လွတ်လပ်ရေးရရှိခဲ့ခြင်း ဖြစ်သည်။


မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု၏ နောက်ဆုံးအဆင့်ဖြစ်သည့် ၁၉၄၅ - ၁၉၄၈ ကာလများသည် မြန်မာနိုင်ငံတော်အတွက်  အရေးကြီးဆုံးကာလများဖြစ်သည်။ ယင်းကာလများအတွင်း   ပြည်သူတို့၏    ထောက်ခံအားပေးမှုများကိုရယူ၍ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဖဆပလအဖွဲ့ချုပ်က ပရိယာယ်ကြွယ်ဝလှသည့် ဗြိတိသျှတို့အပေါ် ငြိမ်းချမ်းသောနည်းဖြင့် လွတ်လပ်ရေးအောင်ပန်းကို ဆွတ်ခူး နိုင်ခဲ့သည့် နှလုံးရည်တိုက်ပွဲ ဆင်နွှဲနိုင်မှုများကို ယနေ့မျက်မှောက်ပြည်သူများ တန်ဖိုးထားရမည့် အားမာန်များဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းနှင့်တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံမြေတွင် နိုင်ငံ လွတ်လပ်ရေးရရှိရေးအတွက် တောင်ပေါ်မြေပြန့် မကွဲပြားဘဲ  စည်းလုံးညီညွတ်မှု သမိုင်းမှတ်တိုင်စိုက်ထူနိုင်ခဲ့သောကြောင့် ယနေ့ထက် တိုင်လွတ်လပ်ပြီး အချုပ် အခြာအာဏာပိုင်သည့်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ရပ်တည်လျက်ရှိနေပေသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ပင်လုံမြေတွင် စိုက်ထူခဲ့ သည့်   စည်းလုံးညီညွတ်မှုအခြေခံအုတ်မြစ်သည် ပြည်ထောင်စုမြန်မာနိုင်ငံတော် ကြီး ကမ္ဘာ့အလယ်တွင် ဝင့်ထည်စွာရပ်တည်နိုင်ရန် ဆက်လက်ကြိုးပမ်းဆောင်ရွက် ရမည့် တွန်းအားများဖြစ်ပေသည်။


ပင်လုံမြေတွင် စည်းလုံးညီညွတ်မှု အခြေခံအုတ်မြစ်ကို အခိုင်အမာစိုက်ထူပြီး နိုင်ငံလွတ်လပ်ပြီဆိုရုံမျှဖြင့် ကျေနပ်မနေသင့်ပေ။ ပေါ့ပေါ့တန်တန်မနေသင့်ပေ။ လွတ်လပ်သော နိုင်ငံတော်ကြီး ကမ္ဘာနှင့်ရင်ပေါင်တန်းနိုင်အောင်၊ သူတစ်ပါးနိုင်ငံ နောက်မကျန်ရစ်စေဘဲ တန်းတူဖွံ့ဖြိုးတိုးတက်နိုင်အောင် တိုင်းရင်းသားပြည်သူ အားလုံး အချင်းချင်းသွေးမကွဲဘဲ စည်းလုံးညီညွတ်စွာဖြင့် နိုင်ငံတော်ကြီး ဖွံ့ဖြိုး တိုးတက်လာအောင်၊   မိမိလူမျိုးနိုင်ငံတိုးတက်ကြီးပွားအောင်  တက်ညီလက်ညီ ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပေသည်။


သို့ဖြစ်ရာ နှစ်ပေါင်း  ၇၅  နှစ်  စိန်ရတုကာလသို့    ရောက်ရှိလာပြီဖြစ်သည့် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်ရေးအတွက် တိုင်းရင်းသားပြည်သူအားလုံး    စည်းလုံးညီညွတ်စွာဖြင့် လက်တွဲကြိုးပမ်းကြရန် တိုက်တွန်းအပ်ပါကြောင်း။    ။