စည်းလုံးညီညွတ်သည့် နိုင်ငံတည်ဆောက်

ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသား လူမျိုးအသီးသီးတို့သည် ရှေးပဝေသဏီကာလကတည်းက  အမိမြေပေါ်တွင် နေ၊ အမိရေကိုသောက်၍ နှစ်ပေါင်းများစွာ အတူတကွရှင်သန်ရပ်တည်နေထိုင် ကြီးပြင်းလာကြသူများ ဖြစ်သည်။ မရှိအတူရှိအတူ အေးအတူပူအမျှအတူတကွ နေထိုင်လာခဲ့ကြပြီး တစ်မိသားစုအတွင်းမှ ပေါက်ဖွားဆင်းသက်လာသော တစ်အူထုံ့ဆင်း ညီရင်းအစ်ကို မောင်ရင်းနှမသဖွယ် ရပ်တည်ခဲ့ကြသည်။
နှစ်ပေါင်းထောင်ချီရှည်လျားသော   မြန်မာနိုင်ငံသမိုင်းကြောင်းတွင် တိုင်းရင်းသားလူမျိုးတို့သည် တစ်ဦးနှင့် တစ်ဦး  တစ်ခါတစ်ရံ၌  စိတ်အခန့် မသင့်လျှင်    ပဋိပက္ခခိုက်ရန်ဖြစ်ပွားတတ်သော်လည်း  အချိန်ကြာသော် မိသားစုအတွင်းမှ  တစ်မိသားစုချင်းကဲ့သို့   ပြန်လည်ဆက်ဆံပေါင်းသင်း ရင်းနှီးခြင်းတို့ကို တည်ဆောက်နိုင်ကြသည်။ မည်သို့ပင်ကွဲပြားသော်လည်း အရေးကြုံလျှင် လက်တွဲစည်းလုံးကြသည်။ ရှေးကတစ်ရံတစ်ခါ ပေါ်ပေါက်ခဲ့ သော တိုင်းတစ်ပါးရန်ကို  စုပေါင်းလက်တွဲ  တွန်းလှန်တိုက်ဖျက်ကာကွယ်ခဲ့ ကြသည်။
တိုင်းရင်းသားတို့သည် မည်သို့ပင်  အသွေးအသားဓလေ့စရိုက်  မတူ ကွဲပြားသော်လည်း ဤမြေတွင်နေ၊ ဤရေကိုအတူသောက်သည့် တစ်မိသားစု ချင်းကဲ့သို့   ပြည်ထောင်စုသားချင်းများဖြစ်သည်ဟူသော   ခံယူချက်ဖြင့် ဆိုးတူကောင်းဖက် လက်တွဲနေထိုင်လာခဲ့ကြသည်။ ပထမမြန်မာနိုင်ငံတော်၊ ဒုတိယမြန်မာနိုင်ငံတော်၊      တတိယမြန်မာနိုင်ငံတော်နှင့်          စတုတ္ထ မြန်မာနိုင်ငံတော်ကြီးကို  စုစည်းတည်ထောင်ခဲ့သော  ခေါင်းဆောင်များခေတ် တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် ခံ့ညားထည်ဝါဝင့်ကြွားစွာ ရပ်တည်ခဲ့ကြသည်။ စည်းလုံးညီညွတ်မှုအားလျော့ပြီး ယိုင်နဲ့နေသောကာလ များတွင်   တိုင်းပြည်ဖရိုဖရဲပြိုကွဲကာ  တိုင်းတစ်ပါးမှ  ဝင်ရောက်စွက်ဖက် ကျူးကျော်မှုကို ခံခဲ့ရသည်။
မြန်မာနိုင်ငံသည် တိုင်းပြည်အုပ်ချုပ်ရေး၊ တိုင်းရင်းသားပြည်သူများ၏ စည်းလုံးညီညွတ်ရေးမှအစ  အဘက်ဘက်တွင်  အားနည်းယိုင်နဲ့လာသော ကြောင့်  ၁၈၈၅  ခုနှစ်အကုန်တွင်   တစ်တိုင်းပြည်လုံး   သူ့ကျွန်ဘဝသို့ ကျရောက်ခဲ့ရသည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး တို့တွင်  အကျိုးကျေးဇူးဖြစ်ထွန်းအောင်   စိတ်တူကိုယ်တူ  အတူတကွ စည်းစည်းလုံးလုံးလက်တွဲခဲ့ကြသော ဆက်ဆံရေးများပျက်ပြားပြီး တစ်ဦးနှင့် တစ်ဦး သူစိမ်းတစ်ရံဆံလိုဖြစ်ခဲ့ကြသည်။ တောင်တန်းနှင့် မြေပြန့် သွေးကွဲ ခဲ့ကြသည်။ 
နိုင်ငံလွတ်လပ်ရေးကို အရယူရာတွင် စည်းလုံးညီညွတ်ရေးသည်သာ အဓိကလိုအပ်ချက်ဖြစ်ကြောင်း   သိလာကြသည်။   တောင်တန်း-ပြည်မ အတူတကွ    လွတ်လပ်ရေးရမှ    ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီး တစည်းတလုံးတည်း အခိုင်အမာရပ်တည်ဖြစ်ထွန်းနိုင်မည်ကို နားလည်လာ ကြသည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့် အမျိုးသားခေါင်းဆောင်များ တစ်တိုင်း ပြည်လုံး စုစည်းမှုကို ကြိုးပမ်းတည်ဆောက်နိုင်သောကြောင့် ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီးတစ်ခုလုံး၏         လွတ်လပ်ရေးအမြုတေဖြစ်သည့် တောင်တန်း- ပြည်မ စည်းလုံးညီညွတ်မှုကို သက်သေပြနိုင်သော ပင်လုံ စာချုပ်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အတူ တိုင်းရင်းသားခေါင်းဆောင်များ လက်မှတ်ရေးထိုးခဲ့ကြသည်။
မြန်မာနိုင်ငံသည်  ၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် လွတ်လပ်ရေး ရရှိပြီးသည်နှင့် တည်ဆောက်ထားသော စည်းလုံးညီညွတ်မှုများ ပြန်လည် ပြိုကွဲပျက်စီးခဲ့ရသည်။ တိုင်းရင်းသားများနှင့်စိတ်ဝမ်းကွဲမှု၊ နိုင်ငံရေးပါတီ များ အကွဲအပြဲဖြစ်မှု၊ အဖွဲ့အစည်းများ အယူအဆကွဲပြားမှု စသည့်အမျိုးမျိုး သော ကွဲပြားခြားနားမှုများကြောင့်  မြန်မာပြည်ကြီး အပြည့်အဝငြိမ်းချမ်းသာယာဝပြောရေးသည်  ယနေ့ထက်တိုင်   အလှမ်းဝေးနေဆဲဖြစ်သည်။ ဤမြေတွင် နှစ်ပေါင်းရှည်ကြာ အတူတကွနေထိုင်လာခဲ့ကြသော တိုင်းရင်းသား ပြည်သူအပေါင်းတို့သည်   တရားတော်အရ   အဆွေခင်ပွန်းများဖြစ်ကြ၍ ငြိမ်းချမ်းသာယာဝပြောရေးကို ရှေးရှုကြရမည်ဖြစ်သည်။
တရားတော်အရ ကိုယ်နှင့်ထပ်တူသဘောထားပြီး သေအတူရှင်မခွဲ တစ်စိတ်တစ်ဝမ်းတည်း  မှတ်ယူကြရမည့်သူများဖြစ်သည်။  ဤမြေတွင် နေသော  တိုင်းရင်းသားပြည်သူအပေါင်းတို့သည်  တစ်ဦးကောင်းကျိုးကို တစ်ဦးက  နှစ်နှစ်သက်သက်   လိုလိုလားလားဆောင်ရွက်ပေးနိုင်မှသာ အစဉ်အမြဲစည်းလုံးနေကြပေလိမ့်မည်။ တစ်ဦးအပေါ်တစ်ဦး အမြင်ကွဲပြားမှု များဖြင့် ရန်လိုမုန်းထားရှိနေပါလျှင် စည်းလုံးညီညွတ်မှုကို တည်ဆောက်နိုင် ခြင်းမရှိဘဲ ရည်မှန်းချက်ပန်းတိုင်နှင့်လည်း အလှမ်းဝေးနေမည်ဖြစ်သည်။
မကြာမီကာလတွင် ၂၀၂၁ ခုနှစ် (၇၄) နှစ်မြောက် ပြည်ထောင်စုနေ့သို့ ရောက်ရှိတော့မည်ဖြစ်သည်။  ဤပြည်ထောင်စုနေ့သည်    ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး လုံးဝလွတ်လပ်သောနိုင်ငံအဖြစ်သို့ ရောက်ရှိရေး အတွက် တောင်းတန်း-ပြည်မ တိုင်းရင်းသားပြည်သူများ တစ်သွေးတည်း၊ တစ်သားတည်းရှိကြောင်း ပြဆိုခဲ့သောနေ့ဖြစ်သည်။ သို့ဖြစ်၍ ယနေ့မျိုးဆက် များအနေဖြင့်   ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး  ငြိမ်းချမ်းသာယာဝပြောသော ဒီမိုကရေစီနိုင်ငံအဖြစ်သို့ရောက်ရှိရေးအတွက် စည်းလုံးညီညွတ်မှု မပျက်ပြား အောင် ကြိုးပမ်းအားထုတ်ရမည့် အချိန်အခါဖြစ်ပါကြောင်း။              ။