
နေပြည်တော် အောက်တိုဘာ ၁၁
မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်၌ ငွေကျပ် သိန်း ၄၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ သိရသည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင် သော ပူးပေါင်းအဖွဲ့သည် အောက်တိုဘာ ၉ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ် ကုန်းနီကျေးရွာရှိ မိုင်းယီထွန်း (ခ)အားရန်၏ ကြက်မွေးမြူရေးခြံဝင်းအတွင်း ဝင်ရောက်ရှာဖွေရာ ခြံဝင်းအတွင်းရှိ TIPPER မော်တော်ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် သိန်း ၄၆၀၀ ကျော်တန်ဖိုးရှိ ဆပ်ပြာခွက် ၁၈၁၅ ခွက်ဖြင့် ထည့်ထားသော ဘိန်းဖြူ ၁၈ ဒသမ ၁၅ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ နှင့် ဆိုင်ကယ် နှစ်စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးပေါ်ပေါက်ချက်များအရ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများ ကို ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်မှ မန္တလေးတိုင်းဒေသကြီး စဉ့်ကိုင်မြို့နယ်သို့ သယ်ဆောင်ခိုင်းသူ မိုင်းယီထွန်း(ခ)အားရန် (၃၉)နှစ် နှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများ ဖြစ်ကြသည့် မောင်မောင်သန်း (၄၃)နှစ်၊ သန်းမြင့်သူ(ခ)ကိုသူ (၃၂)နှစ်၊ မသဇင်စိုး(ခ)သဇင် (၃၄)နှစ်၊ မောင်ရွှေ (၃၀)နှစ်၊ ထွန်းထွန်း(ခ)ပေါက်ပေါက် (၂၄)နှစ်တို့ ခြောက်ဦးကို ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်