Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း

 

နေပြည်တော် အောက်တိုဘာ ၂၂


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံသည်။
လက်တွဲဆောင်ရွက်သွားမည်
ရှေးဦးစွာ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက လှူဒါန်းရခြင်းအကြောင်းရင်းကို ရှင်းလင်းပြောကြားရာ၌ ကိုဗစ် ၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို နေ့မနား၊ ညမအား ဆောင်ရွက်နေကြသည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ဆေးရုံ/ ဆေးခန်း၊ အသွားအလာကန့်သတ် စောင့်ကြည့်သည့် နေရာများတွင် တာဝန်ထမ်းဆောင်နေကြသည့် ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများအားလုံးကို ဂုဏ်ပြုပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာနမှ ဝန်ထမ်းများက အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ထည့်ဝင်လှူဒါန်းသော အလှူငွေများကို ဝန်ကြီးဌာန ကိုယ်စား လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရေးကော်မတီ၏ ဥက္ကဋ္ဌတစ်ဦးအနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် အခြားဝန်ကြီး ဌာနမှ ကိုယ်စားလှယ်များနှင့်ညှိနှိုင်း၍ လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများ လျင်မြန်စွာဝယ်ယူရရှိနိုင်အောင် ဆောင်ရွက်ပေးနေပါကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါဘေးမှ အမြန်ဆုံးလွတ်မြောက်ရန် ဆုတောင်းပြီး ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနနှင့် လက်တွဲဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်
ထို့နောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ က ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများက ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် တစ်ထောင့် တစ်နေရာမှ ဒုတိယအကြိမ် လှူဒါန်းခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတစ်ဝန်းရှိ ဗုဒ္ဓသာသနိက အဆောက်အအုံ များတွင်လည်း အသွားအလာ ကန့်သတ်စောင့်ကြည့်သည့် နေရာများ (Quarantine Center) ဖွင့်လှစ်၍ လက်ခံထားရှိ ပေးခြင်း၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် တွင်လည်း ကိုဗစ်-၁၉ ကုသရေးဌာနကို ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနနှင့် ပူးပေါင်းဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများတွင် စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်လိုသည့် မိမိတို့ဝန်ကြီး ဌာနမှ ဝန်ထမ်း ၄၁ ဦး၏ အမည်စာရင်းကိုလည်း ပေးပို့ထား ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားခဲ့သည့် ရဟန်းသံဃာ များနှင့် သီလရှင်များကို စောင့်ရှောက်ကုသပေးမှုအတွက် လည်း ကျေးဇူးတင်ပါကြောင်း ပြောကြားသည်။
လူနာများထားရှိကုသရန် အခက်အခဲများရှိ
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး က ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော ဆေးနှင့် ဆေးပစ္စည်းဝယ်ယူရေးကော်မတီ၏ ပံ့ပိုးကူညီမှု ကြောင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးအတွက် လိုအပ်သော ဆေးနှင့် ဆေးပစ္စည်းများကို လွယ်ကူလျင်မြန် စွာ ဝယ်ယူနိုင်ခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ဒုတိယလှိုင်းအစ တွင် ရုတ်တရက် လူနာများပြားလာ၍ ဆေးရုံများတွင် လူနာများထားရှိကုသရန် အခက်အခဲများရှိခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်ပံ့ပိုးမှု၊ စေတနာရှင် အလှူရှင်များ၏ ပံ့ပိုးကူညီမှုတို့ဖြင့် ရန်ကုန် တိုင်းဒေသကြီး၌ စုစုပေါင်း လူနာ ၉,၇၀၀ ခန့်ကို ထားရှိ ကုသပေးနိုင်သော ကိုဗစ်-၁၉ ကုသရေးဌာနအသစ် ၁၄ ခုကို ဖွင့်လှစ်နိုင်ခဲ့ပါကြောင်း၊ ကူးစက်ဖြစ်ပွားမှုကို ထိရောက်စွာ ဟန့်တားနိုင်ရေးအတွက် ပြည်သူ့ကျန်းမာရေး ဆိုင်ရာ ဆောင်ရွက်မှုများကို အခြားနှီးနွှယ်ဝန်ကြီးဌာနများ၊ ဒေသဆိုင်ရာ အစိုးရအဖွဲ့များ၊ လူမှုရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ အထူးသဖြင့် လူများစုဝေးရာ နေရာများဖြစ်သော ဈေးများ၊ ဘုန်းကြီးကျောင်းများ၊ ဘိုးဘွားရိပ်သာများ၊ အကျဉ်းထောင်များတွင် အသိပညာပေးခြင်းနှင့် ဆောင်ရန် ရှောင်ရန်အချက်များကို တိကျစွာ လိုက်နာဆောင်ရွက် ရေးတို့အတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း။
စနစ်တကျ ထိရောက်စွာ သုံးစွဲသွားမည်
ထို့အပြင် ရောဂါကူးစက်ဖြစ်ပွားခြင်းခံရပါက ရောဂါ ပြင်းထန်နိုင်ပြီး သေဆုံးနိုင်ခြေများသော အသက်ကြီး သူများနှင့် ရောဂါအခံရှိသူများအနေဖြင့် တတ်နိုင်သမျှ အိမ်တွင်နေထိုင်ခြင်းနှင့် မိမိနေအိမ်တွင်လည်း သီးသန့်နေထိုင်စားသောက်ခြင်းများကို လိုက်နာဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှုကို အမြန်ဆုံးထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများ၏ပါဝင် လိုက်နာဆောင်ရွက်မှုသည် အဓိကအရေးကြီးဆုံး ဖြစ်ပါ ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် လှူဒါန်းငွေများကို လိုအပ် သည့် နေရာများတွင် လိုအပ်သည့် ပစ္စည်းများအတွက် စနစ်တကျ ထိရောက်စွာ သုံးစွဲသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
လှူဒါန်းမှု အခမ်းအနားတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အမှူးပြု၍ အရာထမ်း၊ အမှုထမ်းများက ငွေကျပ် ၃,၄၄၉,၀၀၀၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများက ငွေကျပ် ၁၀,၀၀၀,၀၀၀၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန (ဝန်ကြီးရုံး၊ အားကစား)၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများက ငွေကျပ် ၁,၉၀၀,၀၀၀၊ ဇမ္ဗူသီရိမြို့နယ် ပညာရေးဝန်ထမ်း မိသားစုက ငွေကျပ် ၁,၅၀၀,၀၀၀၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (နေပြည်တော်) ညွှန်ကြား ရေးမှူး ဦးခင်ဇော်နှင့် ဆည်မြောင်းဝန်ထမ်းမိသားစုများက ငွေကျပ် ၁,၀၀၀,၀၀၀၊ ဦးခင်မောင်ဦး၊ ဒါရိုက်တာ၊ သုဝဏ္ဏပါဒ ကုမ္ပဏီလီမိတက်က ငွေကျပ် ၅၀၀,၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်နှင့် အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း တို့က လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်