Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း


 

ကျွန်မတို့ ပြည်သူတွေအနေနဲ့ အခုလောက်ဆိုရင် ကိုဗစ် - ၁၉ ရောဂါနဲ့ ပတ်သက်လို့ တော်တော်သိနေကြပြီ ထင်ပါတယ်။ အချက်အလက်တွေ အကြောင်းကို တော်တော်သိနေကြပါပြီ။ ဒါပေမယ့် သိနေရုံနဲ့တော့ မလုံလောက်ပါဘူး။ ဒီအချက်အလက်တွေအပေါ်မှာ အခြေခံပြီးတော့ နေထိုင် တတ်ဖို့က အဓိကအရေးကြီးတယ်ဆိုတာ ထပ်ပြီးတော့ သတိပေးပါရစေ။
အခု ကြည့်လိုက်တဲ့အခါကျတော့ ဒုတိယလှိုင်းစတာက စစ်တွေဘက်က စတယ်ဆိုပေမယ့် အများဆုံး မြန်မြန်ပြန့်ပွားသွားတာကတော့ ရန်ကုန်တိုင်း မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အခုရက်ပိုင်းအတွင်းပေါ့။ အရင်တစ်ပတ်အတွင်း မှာဆိုရင် ရန်ကုန်တိုင်းဒေသကြီးဟာ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ် လာနိုင်ပြီဆိုတာ တွေ့ရပါတယ်။ လုံးဝထိန်းချုပ်နိုင်တယ်လို့ ပြောတာမဟုတ် ပါဘူး။ အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်တာပေါ့။ အဲဒါကတော့ မြန်မြန်ဆန်ဆန် စမ်းသပ်နိုင်တဲ့ Test Kit တွေ များများသုံးနိုင်လို့ပဲ ဖြစ်တယ်။ နောက်ပြီး ပြည်သူတွေလည်း ပိုပြီးဂရုစိုက်လာလို့လည်းဖြစ်တယ်လို့ ထင်ပါ တယ်။
ဒါပေမယ့် တစ်ချိန်တည်းမှာတော့ တချို့တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ဥပမာဆိုရင် မွန်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး တို့မှာတော့ နည်းနည်းပိုပြီး တက်လာတယ်ဆိုတာ ကျွန်မတို့သတိပြုမိပါတယ်။ အဲဒီတော့ နေရာတိုင်းမှာ သတိထားဖို့လိုပါတယ်။ ရန်ကုန်မှာတင် အန္တရာယ် ရှိတယ်ဆိုပြီး မပေါ့ကြပါနဲ့။ ကိုယ့်တိုင်းဒေသကြီး၊ ကိုယ့်ပြည်နယ်ကိုလည်း ရောက်လာနိုင်တယ်၊ အချိန်မရွေးရောက်လာနိုင်တယ်ဆိုတာ သတိပြုစေချင် ပါတယ်။ ရောဂါပိုးရှိတဲ့သူတစ်ယောက်ကနေ ၁၀၀ လောက်အထိ ပြန့်ပွား နိုင်ပါတယ်။ အထူးသဖြင့်ပေါ့။ စောစောစီးစီး မတွေ့ရင် တစ်ယောက်ကနေ ပြီးတော့ သူနဲ့ပြောဆိုဆက်ဆံတဲ့၊ ဆိုပါတော့ ၂၀ လောက်အထိ ပြန့်သွား တယ်။ ၂၀ ထဲက တစ်ယောက်ချင်း၊ တစ်ယောက်ချင်း ကနေစပြန့်မယ်ဆိုရင် တစ်ယောက်ကနေပြီးတော့ ၁၀၀ လောက်အထိတောင်မှ ပြန့်နိုင်တယ်။ ဒါထက်မက မများဘူးလို့လည်း ပြောလို့မရပါဘူး။ ဒါကြောင့် သတိဆိုတာ အခုအချိန်မှာ လွန်ကဲတယ်လို့ မရှိဘူးဆိုတာ ထပ်ပြီး သတိပေးပါရစေ။
အခု နိုင်ငံတော်ဘက်က ကြည့်လိုက်တဲ့အခါကျတော့ ကိုဗစ်ရောဂါ ဖြစ်တာ နည်းနည်းကြာလာတာ အထူးသဖြင့် ဒုတိယလှိုင်းပေါ့။ ဖြစ်ပြီးတဲ့ နောက်မှာဆိုရင် စီးပွားရေးအရ ကျွန်မတို့ ပြည်သူတော်တော်များများမှာ ရုန်းကန်ရတဲ့ ဘ၀ရောက်လာတယ်ဆိုတာ သတိပြုမိပါတယ်။ အဲဒါတွေအတွက် လည်း နိုင်ငံတော်ကနေ ဘယ်လောက်အထိ လုပ်နိုင်မယ်၊ ဘယ်လိုနည်း တွေနဲ့ ပံ့ပိုးနိုင်မလဲဆိုတာ တစ်ချိန်လုံးပဲ စဉ်းစားပြီးတော့ လိုအပ်ရင်လိုအပ် သလို တတ်နိုင်သမျှ ဖြည့်ဆည်းပေးပါမယ်။ ဖြည့်ဆည်းလည်းပေးနေပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း သာမန်ဘဝလို မဟုတ်ဘဲ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတာကိုတော့ သည်းညည်းခံပေးစေချင်ပါတယ်။ ကျွန်မတို့ ပစ်မထား ပါဘူး။ ဒါပေမယ့် ပြည်သူတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ဆိုရင် ပြဿနာ တွေကို ပိုပြီးတော့ မြန်မြန်ဆန်ဆန်ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။ ပြဿနာ ဆိုတာတော့ ရင်ဆိုင်ရမှာပဲ။ တစ်ခုမဟုတ်တစ်ခု ရင်ဆိုင်နေရမှာပဲ။ ဒါကတော့ လောကဓမ္မတာလို့လည်း ပြောချင်ပါတယ်။ ဒီလို ပြဿနာကို မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့ကသာ အဓိကဖြစ်ပါတယ်။
ကျွန်မ ပြည်သူတွေကို ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ တင်ပြတဲ့အခါမှာ ပထမဦးဆုံး လိုအပ်ချက်ကတော့ ဖြောင့်မတ်မှုပဲလို့ ဒီလိုပဲ ယူဆပါတယ်။ မှန်မှန်ကန်ကန်အပြစ်ကို အပြစ်အတိုင်းပြောသွားဖို့ လိုတယ်။ ဒါမှလည်း ကျွန်မတို့ပြည်သူတွေဟာ ဘယ်လိုနေရမယ်၊ ဘယ်လိုရင်ဆိုင်ရမယ်ဆိုတာကို တွက်ဆနိုင်မှာပါ။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ခြိမ်းခြောက်တဲ့ ပုံစံမျိုးနဲ့ လုံးဝမလုပ်စေချင်ပါဘူး။ မလုပ်ချင်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စိုးရိမ်လွန်ရင် လည်း ဘယ်သူတစ်ယောက်မှ အကျိုးမပြုပါဘူး။ တစ်ဖက်ကလည်း ကျွန်မတို့ ပြည်သူတွေ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ဆက်ပြီးတော့ ဒီစိန်ခေါ်မှုကြီးကို ကျော်လွှားနိုင်တဲ့အထိ ရပ်တည်နိုင်သလို တစ်ဖက်ကလည်း အန္တရာယ်တွေကို ပြည့်ပြည့်ဝဝ နားလည်ရမယ်။
ပေါ့ဆရင် ဘယ်လိုဖြစ်နိုင်လဲ၊ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နိုင် မလဲဆိုတာကိုလည်း သေသေချာချာ နားလည်နိုင်အောင်လို့ ကျွန်မတို့ ကြိုးစား ပါတယ်။ ဒါကြောင့် အဘက်ဘက်က ကြိုးစားတယ်ဆိုတဲ့အခါမှာ သမားတော် ကြီးတွေ၊ ကျွမ်းကျင်ပညာရှင်များရဲ့ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ ဆွေးနွေးပွဲ တွေကိုတင်ပြတာဟာ၊ ပြည်သူတွေအနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာ၊ ကျန်းမာ ရေးပိုင်းဆိုင်ရာ၊ သိသင့်သိထိုက်တဲ့ကိစ္စတွေ၊ သိချင်တဲ့ ကိစ္စတွေကိုသိအောင် လို့၊ တစ်ဖက်ကလည်း ကိုဗစ်ရောဂါနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပြည်သူများနဲ့ ဆွေးနွေး မှုတွေ လုပ်တယ်ဆိုတာဟာ ကိုယ်မဖြစ်စေချင်တဲ့ ကိစ္စတွေနဲ့ ရင်ဆိုင်ရပြီ ဆိုရင် ဘယ်လိုကျော်လွှားရမယ်။ ဘယ်လိုရပ်တည်ရမလဲဆိုတာကို ကျွန်မတို့ ပြည်သူတွေကို ကိုယ့်ကိုယ်ကိုယ် သင်ယူစေချင်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကတော့ တူမှာမဟုတ်ဘူး။ ဒါကြောင့် လူတိုင်းလူတိုင်းဟာ ကိုယ့်အမြင် ကိုယ့်ရပ်တည်ချက်နဲ့ ကိုယ့်ရဲ့စိတ်နေစိတ်ထားတွေ ရှိပါတယ်။ ကိုယ့်မှာရှိတဲ့ အစွမ်းအစတွေနဲ့ ကိုယ်ရင်ဆိုင်ရတဲ့ ကိစ္စတွေကို ကျော်လွှား ရမယ်။ တခြားသူတွေက ဘယ်လိုလုပ်တယ်၊ ဘယ်လို နေထိုင်သွားတယ် ဆိုတာဟာ ကိုယ့်အတွက်စဉ်းစားစရာ၊ တစ်ခါတလေလည်း ဒါကို နမူနာ အနေဖြင့် ယူလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒါကတော့ သူက ဒီလိုဖြစ်ခဲ့တယ်။ ငါကတော့ ဒီလိုမဖြစ်အောင်ရှောင်မယ်။ ဒါကိုသူဒီလို ကျော်လွှားခဲ့တယ်၊ သူ့လိုပဲ ကျော်လွှားနိုင်မှာပဲဆိုတဲ့ အတွေးတွေနဲ့ သင်ခန်းစာတွေယူပြီးတော့ အထောက်အကူဖြစ်အောင်လို့ အစီအစဉ်တွေကို လုပ်ပေးတာ ဖြစ်ပါ တယ်။ ဒါကြောင့် တတ်နိုင်ရင်၊ အချိန်ပေးနိုင်ရင်၊ ကျန်းမာရေး၊ ပညာပေး၊ နောက်ပြီးတော့ ကိုဗစ်ရောဂါရရှိပြီးဖြစ်လို့ ဒီရောဂါကို ကျော်လွှားခဲ့တဲ့ ပြည်သူတွေရဲ့ ဆွေးနွေးပွဲတွေကို နားထောင်စေချင်ပါတယ်။
နောက်တစ်ခုကတော့ အခုအချိန်မှာ မပြောမဖြစ်ပြောရမယ့်၊ ကိုဗစ်နဲ့ တွဲပြီး ကျော်လွှားရမယ့် စိန်ခေါ်မှုတစ်ခုကတော့ ရွေးကောက်ပွဲများ အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးပဲ ဖြစ်ပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ပြောရရင် နိုင်ငံခြားရောက်နေတဲ့ ကျွန်မတို့ပြည်သူတွေ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်မှုကို အမြဲပဲထည့်ထည့်ပြောပါတယ်။ ဘာဖြစ်လို့ ကျွန်မဒီလိုပြောရလဲဆိုရင် ဘယ်လောက်ပဲ ဝေးနေပါစေ၊ ဘယ်လောက်ပဲ နိုင်ငံနဲ့ကွဲကွာနေပါစေ၊ နိုင်ငံအတွက် အမြဲပဲစဉ်းစားနေတဲ့ တကယ့်ကို နိုင်ငံသူနိုင်ငံသား စိတ်ဓာတ်တွေရှိတယ်ဆိုတာ ကျွန်မတို့ အားလုံးအတွက် အင်အားဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံခြားကနေပြီးတော့ ကြိုတင်မဲပေးမှုတွေဟာ ပြီးလောက်ပါပြီ။ ဒီအပတ် သောကြာနေ့ ကျွန်မ ပြောတဲ့အခါမှာ ခြုံငုံပြီးတော့ ဘယ်နှယောက် မဲပေးနိုင်ခဲ့တယ်ဆိုတာ တင်ပြ လို့ရမယ်လို့ ထင်ပါတယ်။
ဒီနေ့ဆိုရင် ဝမ်းသာစရာ ယူအေအီးက ကျွန်မတို့ရဲ့ ပြည်သူတွေဆီကနေ စာတစ်စောင်ရပါတယ်။ ယူအေအီးဆိုရင် ကျွန်မတို့ သံရုံးမရှိပါဘူး။ သံရုံး မရှိပေမယ့် ယူအေအီးမှာ အလုပ်လုပ်နေတဲ့ ကျွန်မတို့ ပြည်သူတွေရှိပါတယ်။ ဒီပြည်သူတွေဟာ အင်မတန်မှ မဲပေးချင်ပါတယ်။ ရွေးကောက်ပွဲမှာ ပါဝင် ချင်တယ်။ ဒါပေမယ့်လည်း အနီးဆုံးသံရုံးဖြစ်တဲ့ ဆော်ဒီအာရေးဗီးယား မြို့တော် ရီယက်ဒ်ကို လာဖို့ဆိုတာဟာ သူတို့အတွက် အဆင်မပြေပါဘူး။ ဒါကြောင့် ယူအေအီးမှာ မဲပေးလို့ရအောင်လို့ စီစဉ်ပေးပါလို့ တောင်းဆိုတဲ့အခါ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီး ဌာနက တတ်နိုင်သမျှဒီကိစ္စကို အောင်မြင်အောင် လုပ်ပေးခဲ့တော့ ဝမ်းသာစရာ အောင်မြင်သွားပါတယ်။ ရီယက်ဒ်က သံရုံးဝန်ထမ်းတွေက ယူအေအီးကို သွားပြီးတော့ ယူအေအီးမှာ မဲထည့်ချင်တဲ့ ကျွန်မတို့ပြည်သူတွေအတွက် ဟိုတယ်တစ်ခုမှာ မဲရုံထောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီတော့ ပြည်သူတွေကလည်း တက်တက်ကြွကြွနဲ့ မဲပေးခဲ့ကြပါတယ်။ ဒါဟာ ကျွန်မတို့ နိုင်ငံအတွက် အများကြီး ဂုဏ်ယူစရာဖြစ်ပါတယ်။ ဂုဏ်ယူတယ်ဆိုတာ ကျွန်မတို့ ပြည်သူ တွေရဲ့ နိုင်ငံအပေါ်မှာထားရှိတဲ့ သံယောဇဉ်၊ နိုင်ငံသားတာဝန်ကျေပွန်မှုဟာ ဂုဏ်ယူစရာဖြစ်တယ်။ ဝန်ထမ်းတွေရဲ့ တာဝန်ကျေမှုကိုလည်း ဂုဏ်ယူစရာ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရီယက်ဒ်က ဝန်ထမ်းတွေကလည်း နိုင်ငံခြား ရေးဝန်ကြီးဌာနက ဝန်ထမ်းတွေပါပဲ။ တကယ့်ကို လုပ်ပေးချင်တဲ့ စိတ်စေတနာ ရှိလို့သာ ဒီဟာကို အခက်အခဲတွေကြားထဲကနေပြီးတော့ အောင်အောင်မြင်မြင် လုပ်ပေးနိုင်တာဖြစ်ပါတယ်။ အဲဒီတော့ သင်ခန်းစာက ဘာလဲဆိုတော့ တကယ် ဆန္ဒရှိရင် ကျွန်မခဏခဏပြောတဲ့ ဆန္ဒ၊ ဝီရိယ၊ စိတ်ဓာတ်၊ ပညာအောင်မြင်ခြင်း တရားလေးပါးဆိုတာ လူတိုင်းလူတိုင်းမှာ စွဲကိုင်ထားလို့ ရပါတယ်။ ဒီအောင်မြင် ခြင်း တရား (၄) ပါးနဲ့ အခု ရင်ဆိုင်နေရတဲ့ ကိုဗစ်နဲ့ ပတ်သက်တဲ့ စိန်ခေါ်မှုတွေ ကိုလည်း ကျော်လွှားနိုင်မယ်၊ နောက်ပြီး တော့ အထွေထွေရွေးကောက်ပွဲကိုလည်း အောင်အောင်မြင်မြင် ကျင်းပနိုင်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောရမယ်ဆိုရင် ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ မကြာခဏ ကျွန်မပြောတဲ့ ကာကွယ်ဆေးတစ်ခု ဘယ်တော့ရမလဲပေါ့။ ဒါဟာ အခု ထက်ထိတော့ မသေချာသေးပါဘူး။ အများကတော့ နိုင်ငံတကာမှာ နှစ်ကုန် လောက်၊ နောက်နှစ်ဆန်းလောက်မှာတော့ ဖြစ်မြောက်နိုင်မယ်လို့ ယုံကြည် နေကြပါတယ်။ သို့သော်လည်း ၁၀၀ ရာခိုင်နှုန်းတော့ အာမခံချက်မရှိသေး ဘူးပေါ့။ တကယ်ပဲ ဖြစ်ပြီဆိုမှပဲ အာမခံချက်ရှိမှာပေါ့။ တချို့ နိုင်ငံတွေမှာ ဒီစမ်းသပ်မှုကို ခဏရပ်တန့်ထားတယ်ဆိုပြီးတော့လည်း ကြားရပါတယ်။ ဒါကြောင့်လည်း သိပ်ပြီးတော့ စိတ်ပူစရာလည်း မလိုပါဘူး။
တချို့နိုင်ငံတစ်နိုင်ငံနဲ့ တစ်နိုင်ငံမှာ ဒီလိုစမ်းသပ်တဲ့အခါကျရင် လိုက်နာ ရမယ့် စည်းကမ်းစည်းမျဉ်း၊ ဥပဒေကလည်း မတူပါဘူး။ သူတို့ရဲ့ နိုင်ငံရေး အနေအထား၊ လူမှုရေးအနေအထားတွေကလည်း မတူပါဘူး။ ဒါကြောင့် တစ်နေရာမှာရပ်ထားလို့ ဆက်ပြီးတော့ မလုပ်ဘူးလို့လည်း ပြောလို့ရတာ မဟုတ်ပါဘူး။ ဆက်ပြီးတော့ လုပ်နေကြမှာပဲ။ အားလုံးတစ်ကမ္ဘာလုံးမှာ ဒီလို ဆေးမျိုးကို ထုတ်လုပ်နိုင်တဲ့ စွမ်းအားရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကရော၊ နိုင်ငံတော်အစိုးရတွေကရော ဒီကိစ္စကို အလေးထားပြီးတော့ ဆောင်ရွက် နေကြပါတယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေဟာ ကာကွယ်ဆေးရတဲ့အထိ တော့ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပဲ။ ကာကွယ်ဆေးရပြီးရင်လည်း ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပဲ။ နောက်ဆုံးကျတော့ လူတိုင်းလူတိုင်းဟာ ကိုယ့်ကိုယ်ကိုယ် အားကိုးရမှာ ဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတစ်နိုင်ငံအတွင်း မှာဆိုရင် ကိုယ့်ကိုယ်ကိုယ် အားကိုးတယ်ဆိုတဲ့နေရာမှာ အချင်းချင်း အားကိုးဖို့ ဆိုတာလည်း နိုင်ငံတစ်ခုရဲ့ အဓိက လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ အချင်းချင်း အားကိုးတယ်ဆိုတာ ညီညွတ်မှုပါပဲ။ တစ်ယောက်ကို တစ်ယောက်အားကိုး တယ်၊ တစ်ယောက်ကို တစ်ယောက်ယုံကြည်တယ်။ အဲဒီလို ညီညွတ်မှုရှိမယ် ဆိုရင် ကျွန်မတို့ ပြည်သူတွေအတွက် ဘယ်လိုစိန်ခေါ်မှုတွေပဲ ပေါ်လာ ပေါ်လာ မကျော်လွှားနိုင်တာ မရှိဘူးဆိုတာကို ယုံကြည်စေချင်ပါတယ်။ ဒါကြောင့် အားလုံး ကျန်းမာချမ်းသာအောင်နေကြပါ။ ရွေးကောက်ပွဲမှာ တက်တက်ကြွကြွ ပါဝင်နိုင်အောင်နေကြပါ။ ရွေးကောက်ပွဲမှာ ကျန်းကျန်းမာမာနဲ့ မဲပေးနိုင်ဖို့ အတွက်လည်း နိုင်ငံတော်ကနေပြီးတော့ တတ်အားသမျှ စီစဉ်ပေးနေပါတယ်လို့ ပြောချင်ပါတယ်။
အားလုံး ကျန်းမာချမ်းသာအောင် နေနိုင်ပါစေ။