
မနေ့က တစ်ရက်နှစ်ရက်ဆိုရင် ကျွန်မတို့ ပြည်သူတွေအတွက် ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ စဉ်းစားစရာပေါ့။ တစ်နေ့တုန်းကဆိုရင် တက်သွားတယ်။ တက်သွားတယ် ဆိုတော့လည်း စိတ်ပူစရာပေါ့။ မနေ့တုန်းကဆိုရင် နည်းနည်း ကျလာတယ်။ ကျလာတယ်ဆိုရင် ထိန်းသိမ်းရင် ကျသွားနိုင်တယ်ဆိုတဲ့အသိနဲ့ ဆက်ပြီးတော့ သတိထားဖို့လိုပါလိမ့် မယ်။ သိပ်ပြီးတော့ ပေါ့သွားလို့ မဖြစ်ပါဘူး။ ဒါပေမယ့် စည်းမျဉ်းစည်းကမ်းကို ထိန်းသိမ်းခြင်းအားဖြင့် ကိုဗစ်ကို ထိန်းနိုင်တယ်ဆိုတာ ပြတာပါပဲ။
ဆက်ပြီးတော့ ကျွန်မတို့ ကြိုးစားသွားရမယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ် အလိုက်တင်မကဘူး။ မြို့နယ်အလိုက် မြို့နယ်အလိုက် ဒီဟာကိုကြိုးစား ရမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ နေ့တိုင်းနေ့တိုင်း ဘယ်မြို့နယ်တွေမှာ ဘယ်လောက် အသစ်တွေ့တယ်ဆိုတာကို ထုတ်ပြန်တယ်။ အဲဒီတော့မြို့နယ် အသီးသီးက ကိုယ့်မြို့နယ်မှာ တက်နေပြီဆိုရင် ကိုယ်ကနေ အနေအထိုင် ဆင်ခြင်ရမယ်။ နောက်ပြီးတော့ မြို့နယ်နဲ့ပတ်သက်လို့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကလည်း ဂရုစိုက်သင့်တာကို စိုက်ရမယ်ဆိုတာ သဘောပေါက်အောင်လို့ ဖြစ်ပါတယ်။ တချို့မြို့နယ်တွေကလည်း ကိုယ့်မြို့နယ်မှာ ကျသွားပြီဆိုရင် ပေါ့ပေါ့မနေဘဲ သတိထားလို့ ဒီလိုကျသွားတယ်ဆိုပြီး ဆက်ပြီးသတိထားဖို့က အင်မတန်မှ အရေးကြီးပါတယ်။
ပြည်သူတွေအားလုံး သိတဲ့အတိုင်းပဲ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ဌာနက ကိုဗစ် ဒုတိယလှိုင်း နည်းနည်းကြာလာတာနဲ့အမျှ ဒီဟာကို ဘယ်လို ရင်ဆိုင်ရမယ်၊ ဘယ်လိုကျော်လွှားရမယ်၊ ဆက်ပြီးတော့တွေ့တဲ့ ကိုဗစ်ရောဂါ ရှိနေတဲ့ ပြည်သူတွေကို ဘယ်လိုစောင့်ရှောက်ရမယ်၊ ကုသရမယ်ဆိုတာ ပိုပိုပြီးတော့ နားလည်လာပါတယ်။ ပိုပိုပြီး နားလည်တာနဲ့အမျှ ပိုပြီး ထိထိ ရောက်ရောက် ကိုင်တွယ်နိုင်ပါတယ်။ ဒီအချိန်မှာဆိုရင် ပုဂ္ဂလိကဆေးခန်းတွေ၊ ပုဂ္ဂလိကဆေးရုံတွေ ပိုမိုပြီးတော့ ကိုဗစ်ရောဂါ ထိန်းချုပ်ရေးထဲမှာ ပါနိုင် အောင်လို့လည်း ကျွန်မတို့ အစီအစဉ်တွေ လုပ်နေပါတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုယ့်ဘာသာကိုယ် ရွေးချယ်ပိုင်ခွင့်ရှိအောင်လို့ပါ။ ပုဂ္ဂလိက ဆေးခန်းတွေကိုသွားချင်တယ်၊ ပုဂ္ဂလိကဆေးရုံတွေကို တက်ချင်တယ်ဆိုရင် ကိုဗစ်ကြောင့်ပဲဖြစ်ဖြစ်၊ ရှိပြီးသား အခံရောဂါတွေ၊ တခြားရောဂါတွေကြောင့်ပဲ ဖြစ်ဖြစ် တက်နိုင်အောင်လို့၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အရ ရွေးချယ်နိုင်အောင်လို့ပါ။ ဒီလို ရွေးချယ်တဲ့နေရာမှာလည်း ရွေးချယ်ပြီးတော့ သွားတဲ့ပြည်သူတွေ အတွက်ရော၊ ဆေးရုံအတွက်ရော၊ အများပြည်သူအတွက်ရော လုံလုံခြုံခြုံ ဖြစ်အောင်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက စည်းမျဉ်းစည်းကမ်း တွေ ချပြီးတော့ ပုဂ္ဂလိကဆေးခန်းတွေ၊ ဆေးရုံတွေနဲ့ ညှိနှိုင်းပြီး လုပ်ဆောင် နေပါတယ်။ ဒီဟာက ပြည်သူတွေအနေနဲ့ ရွေးချယ်ချင်သလို ရွေးချယ်နိုင်တဲ့ အပြင် နိုင်ငံတော်ရဲ့ ဆေးရုံတွေအပေါ်မှာ ဝန်ထုပ်ဝန်ပိုး နည်းနည်းလျော့သွား နိုင်တယ်။ အဲဒါကလည်း ကိုဗစ်ကို ရင်ဆိုင်တဲ့နေရာမှာ အထောက်အကူ ဖြစ်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။
နောက်တစ်ခုကတော့ ကျွန်မတို့ ထပ်တလဲလဲပြောနေရတဲ့ ကိစ္စပေါ့။ တစ်ကမ္ဘာလုံးက ပညာရှင်တွေက အခြေခံကျန်းမာရေး၊ အခြေခံကျန်းမာရေးလို့ ပြောနေပါတယ်။ အခြေခံကျန်းမာရေးကောင်းဖို့ကတော့ အင်မတန်မှအရေးကြီး ပါတယ်။ အခြေခံကျန်းမာရေးကောင်းဖို့ အရေးကြီးတယ်ဆိုတာ တစ်ခါတလေ လက်တွေ့ကျကျကြည့်ရပါတယ်။ ပြောတာတော့ လွယ်တယ်ပေါ့။ အခြေခံ ကျန်းမာရေး ကောင်းအောင်နေရမယ်ဆိုတာ။ အခြေခံကျန်းမာရေး ကောင်း အောင်နေရမယ်ဆိုတဲ့ အထဲမှာဆိုရင် အများလက်ခံထားတာက ကိုယ်လက် လှုပ်ရှားမှုရှိရမယ်၊ လေကောင်းလေသန့်ကို ရနိုင်ရမယ်ဆိုတော့ ကိုဗစ်ရောဂါရဲ့ လိုအပ်ချက်အရ အပြင်မထွက်နိုင်တဲ့ နေရာတွေမှာကျတော့ ဒီဟာခက်ခဲတယ် ဆိုတာလည်း ကျွန်မသဘောပေါက်ပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် ပေါ့။ ကိုယ့်ရဲ့အခြေအနေအရ ကျန်းမာအောင်နေကြပါ။ မဖြစ်နိုင်တဲ့ကိစ္စတွေကို သိပ်တွေးပြီးတော့ ပူပင်သောကမရှိပါနဲ့။ စားတဲ့ သောက်တဲ့နေရာမှာ တတ်နိုင် သမျှ ကျန်းမာအောင်လို့ စားကြပါ။ ဆင်ဆင်ခြင်ခြင်လည်း စားကြစေချင် ပါတယ်။
စားနပ်ရိက္ခာတွေနဲ့ပတ်သက်လို့ နိုင်ငံတော်ကနေပြီးတော့ အခြေခံ လိုအပ်ချက်၊ ဥပမာ ဆန်ပေါ့။ ဆန်မရှားပါးအောင်၊ ဘယ်နေရာမှာမှ ဆန်မပြတ် အောင်၊ အဲဒါတွေလည်း လုပ်နေပါတယ်။ အဲဒီအပြင်မှာ စေတနာရှင်တွေကနေ ပြီးတော့ ဆန်၊ ဆီ၊ ဆား လှူတဲ့ လုပ်ငန်းတွေ လုပ်လာတယ်ဆိုတာ တွေ့ရတဲ့ အခါကျတော့ ကျွန်မတို့အင်မတန်မှ အားလည်းတက်တယ်။ အင်မတန်မှလည်း ဂုဏ်ယူပါတယ်။ ဒါဟာ ကျွန်မတို့နိုင်ငံရဲ့ ကံကောင်းတဲ့ အကျင့်တစ်ခုပဲပေါ့။ အရေးကြီးပြီဆိုရင် သွေးစည်းကြတယ်။ အားလုံးက ဝိုင်းပြီးတော့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေပြီး ကူညီပေးကြတယ်။ ပြည့်ပြည့်စုံစုံမရှိတဲ့ ပြည်သူတွေအတွက် ကူညီဖို့ဆိုပြီးတော့ ဆန်၊ ဆီ၊ ဆားလှူတဲ့ အလှူရှင်တွေ အားလုံး၊ စေတနာရှင်တွေ အားလုံးကိုလည်း ပြည်သူတွေကိုယ်စား ကျေးဇူး တင်တယ်လို့ ကျွန်မတို့ ပြောချင်ပါတယ်။
နောက်ပြီးတော့ ကျွန်မတို့ ရေရှည်ကိစ္စတစ်ရပ်လို့ ခဏခဏပြောနေပါ တယ်။ ဒါကိုပြည်သူတွေသိအောင် ပြောရမယ်ဆိုရင် ဒီလိုစိန်ခေါ်မှုတွေ အများကြီး ရင်ဆိုင်နေရပေမယ့် နိုင်ငံရဲ့အခြေအနေကို ဆိုးဆိုးရွားရွားကြီး မဖြစ်အောင်လို့ ကျွန်မတို့အတတ်နိုင်ဆုံး ထိန်းထားပါတယ်။ အဲဒါနဲ့ပတ်သက် လို့ ကြိုးစားတယ်ဆိုရင် ကြိုးစားတဲ့အလျောက်တော့ ရလဒ်က ရှိလာတာပဲ။ အခုကျွန်မတို့ လေ့လာလိုက်တဲ့အခါမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက် ပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ အခြေအနေဟာ တချို့အိမ်နီးချင်းနိုင်ငံတွေနဲ့စာရင် အခြေအနေဟာ ကောင်းတယ်လို့ပြောနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်မှာ ၂၀၁၆ ခုနှစ်ကတည်းက ချမှတ်ထားတဲ့ ရည်ရွယ်ချက် ဘယ်လောက်အဆင့်အထိ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ရအောင်လုပ်မယ် ဆိုပြီးတော့ ရည်ရွယ်တဲ့ စီမံကိန်းတွေချထားတာ ကိန်းဂဏန်းနဲ့ဆိုရင် အခု ဒီနှစ်မှာဆိုရင် ၉၈ ရာခိုင်နှုန်းပြည့်စုံပါတယ်။ ဒီလို ကိုဗစ်ရောဂါ ဖြစ်တာတောင်မှ ကျွန်မတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်နဲ့စာရင် ၂ ရာခိုင်နှုန်းပဲ လျော့တယ်လို့ ပြောလို့ရပါတယ်။ အဲဒါကိုပိုပြီးတော့ အကောင်းဘက်က ကြည့်မယ်ဆိုရင် နောက် ၂ လတောင် ကျန်သေးတယ်။ နောက် ၂ လအတွင်းမှာ ဒီ ၂ ရာခိုင်နှုန်း လည်း ပြည့်ချင်ပြည့်သွားနိုင်တာပေါ့။ မပြည့်ဘူးဆိုရင်တောင် ဒီလိုအချိန်မျိုးမှာ ၉၈ ရာခိုင်နှုန်းအထိ အောင်မြင်တယ်ဆိုတာ အခြေအနေကို ထိန်းသိမ်းတဲ့ နေရာမှာ မဆိုးဘူးလို့ပြောရမှာပါ။ တခြားအိမ်နီးချင်းနိုင်ငံ တော်တော်များများ မှာဆိုရင် ဒီထက်ပိုပြီး အခြေအနေက စိုးရိမ်စရာဖြစ်တယ်လို့ ပြောလို့ရပါ တယ်။ ကျွန်မအနေနဲ့ တခြားနိုင်ငံတွေကို မလေးစားတဲ့အနေနဲ့ ပြောတာ မဟုတ်ပါဘူး။ ပြည်သူတွေအနေနဲ့ နားလည်နိုင်အောင်လို့ပါ။ ဒီလိုပဲ ခန့်မှန်း ချက်က ၁၀၀ ရာခိုင်နှုန်း မပြည့်ဘူးဆိုပေမယ့် ၉၈ ရာခိုင်နှုန်းဆိုတော့ အင်မတန် မှ အောင်မြင်မှုဘက်က ပိုတယ်လို့ပဲ ပြောရမှာဖြစ်ပါတယ်။
နောက်တစ်ခုက ရွေးကောက်ပွဲက နီးနီးလာတာပေါ့။ အခုဆိုရင် ၂ ပတ် တောင် မလိုတော့ပါဘူး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်မတို့ ပြင်ဆင်သင့်တာတွေ အားလုံးပြင်ဆင်ထားပါပြီ။ တရုတ်နိုင်ငံကနေ ရွေးကောက်ပွဲအတွက် လိုအပ်မယ့် ကျန်းမာရေးအကာအကွယ်ပစ္စည်းတွေကို ရွေးကောက်ပွဲအမီရောက်ဖို့ စီစဉ်ထားတာတွေလည်း အစီအစဉ်အရ နေ့တိုင်း နေ့တိုင်းကို လေကြောင်းခရီးနဲ့ ရောက်လာပါတယ်။ တစ်တိုင်းပြည်လုံးကို လိုအပ်တဲ့နေရာတွေကို ပြည့်ပြည့်စုံစုံ ဖြန့်ချိပေးဖို့လည်း စီစဉ်ထားပြီး ဖြစ်ပါ တယ်။
ရွေးကောက်ပွဲနဲ့ပတ်သက်ရင် တခြားနိုင်ငံတွေရဲ့ ရွေးကောက်ပွဲတွေမှာ ဘယ်လိုလုပ်သလဲဆိုတာ လေ့လာထားပါတယ်။ တခြားနိုင်ငံတွေမှာ ကျန်းမာ ရေးဘက်က လုံလုံခြုံခြုံနဲ့ ရွေးကောက်ပွဲဖြစ်အောင်လို့ ဘယ်နိုင်ငံတွေက ဘယ်လိုလုပ်သလဲပေါ့။ ကျွန်မတို့က အချမ်းသာဆုံးနိုင်ငံထဲက မဟုတ် ပေမယ့်လည်း အကောင်းဆုံးအစီအစဉ်တွေကို ကြည့်ပါ တယ်။ အစီအစဉ်တွေက အမျိုးမျိုးပါပဲ။ တစ်နေရာနဲ့ တစ်နေရာ မတူပါဘူး။ တချို့နေရာတွေမှာဆိုရင် အစီအစဉ်တွေက ပိုပြီးတော့ စိတ်ချရတယ်လို့ ပြောရမှာပေါ့။ တချို့နေရာ တွေကျတော့ သိပ်စိတ်ချရတဲ့ ပုံစံမရှိပါဘူး။ ကျွန်မတို့က အကောင်းဆုံးအစီ အစဉ်တွေကိုကြည့်ပြီး ကျွန်မတို့နိုင်ငံရဲ့ လိုအပ်ချက်နဲ့၊ ကျွန်မတို့နိုင်ငံရဲ့ အရင်းအမြစ်ရှိတဲ့ အတိုင်းအတာနဲ့ဆိုရင် ဘယ်လိုပုံစံနဲ့လုပ်ရမလဲဆိုတာ သေသေချာချာ စဉ်းစားပြီးတော့ လုပ်တာပါ။ ဒါကြောင့် ပြည်သူတွေအနေနဲ့ ရွေးကောက်ပွဲနေ့မှာ စိတ်လုံလုံခြုံခြုံနဲ့ မဲသွားပေးဖို့ အခြေအနေတွေရှိပါ တယ်လို့ ကျွန်မအနေနဲ့ ပြောချင်ပါတယ်။ မဲပေးဖို့လည်း တိုက်တွန်းပါတယ်။ ဒါဟာ ကျွန်မ ထပ်တလဲလဲပြောသလို နိုင်ငံသူနိုင်ငံသားများရဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အခွင့်အရေးလည်း ဖြစ်ပါတယ်။ အောင်နိုင်ဖို့ဆိုတာဟာ ရွေးကောက်ပွဲလည်း အောင်အောင်မြင်မြင်ကျင်းပနိုင်ရမယ်။ နောက်ပြီးတော့ ကိုဗစ်ရောဂါကိုလည်း အောင်အောင်မြင်မြင် ကျော်လွှားနိုင်ရမှာပါ။ ခြုံငုံပြီး ပြောရမယ်ဆိုရင် ကျွန်မတို့ပြည်သူတွေဟာ အခုလောက်ဆိုရင်တော့ ကိုဗစ် ရောဂါအကြောင်းကို တော်တော်သိနေကြပြီလို့ ထင်ပါတယ်။ ကျွန်မကတော့ ထပ်တလဲလဲပြောနေရလို့ တော်တော်သိနေပြီလို့ ယူဆပါတယ်။ ဒါပေမယ့် လည်း မပေါ့ပါနဲ့။ ဘယ်လောက်ပဲသိသိ၊ သိတဲ့အတိုင်းကိုယ်က လုပ်ဆောင်မှ၊ ဆောင်ရွက်မှ၊ နေမှ၊ ထိုင်မှ ထိရောက်မှာပါ။
အချက်အလက်တွေ အားလုံးသိပြီး ခေါင်းထဲမှာ ကိုဗစ်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေ ပြည့်လျှံနေပြီးတော့ ဒီဗဟုသုတတွေကို လက်တွေ့ကျကျ အသုံး မချဘူးဆိုရင် ထိန်းချုပ်ရေးဘက်မှာ သိပ်ပြီးတော့ ထိရောက်မှာ မဟုတ်ပါဘူး။ (၁) ပတ်၊ (၂) ပတ်လောက် နေ့စဉ်၊ နေ့စဉ် ရောဂါဖြစ်နှုန်းက အင်မတန်မှ တက်သွားတယ်။ ၂၀၀၀ ကျော်သွားတယ်ဆိုတော့လည်း အားလုံးအတွက် စိုးရိမ်စရာပေါ့။ ဒါပေမယ့် အခုရက်ပိုင်းတွေအတွင်းမှာ တဖြည်းဖြည်း ကျလိုက်၊ တက်လိုက် ဆိုပေမယ့်လည်း ထပ်ပြီးတော့ ထိုးတက်တဲ့ အခြေအနေ မရှိအောင် အခုထက်ထိ ထိန်းထားနိုင်ပါတယ်။ မနေ့ကဆိုရင် ၁၀၀၀ အောက် ကျတယ်။ ဒါပေမယ့် မနက်ဖြန်ပြန်တက်ရင် တက်မှာပေါ့။ ဒါပြောလို့မရဘူး။ အတက် အကျလေးတွေတော့ ရှိဦးမှာပဲ။ နည်းနည်းပြန်တက်လိုက် ကျလိုက်ဆိုရင် ဒါဟာ စိုးရိမ်လွန်တယ်လို့လည်း မဟုတ်ပါဘူး။ ထိန်းထားပြီးတော့ တဖြည်း ဖြည်း တဖြည်းဖြည်းကျတဲ့ဘက်ကို ရောက်သွားဖို့ပါ။ တက်လိုက်၊ ကျလိုက်နဲ့ နည်းသွားတဲ့ဘက်ကို ရောက်သွားဖို့ဟာ အရေးကြီးပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေအရ ကိုယ် ထိန်းထိန်းသိမ်းသိမ်းနေလို့ ဒီလိုဖြစ်တယ်လို့လည်း ကျေနပ်မှုရှိနိုင်ပါတယ်။ မထိန်းမသိမ်းနေရင်တော့ ပြန်ပြီးတော့ ဒီလှိုင်းကြီးက မြင့်တက်လာနိုင်တယ် ဆိုတာကိုလည်း မမေ့ဖို့ အင်မတန်မှအရေးကြီးပါတယ်။ ဒါကြောင့် ပြည်သူ တွေအားလုံး ကျန်းမာချမ်းသာအောင် နေနိုင်ကြပါစေလို့ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
သီတင်းကျွတ် နီးလာပြီဆိုတော့ သီတင်းကျွတ်အတွက် အစီအစဉ်တွေ လုပ်တဲ့အခါမှာ လူစုလူဝေးမဖြစ်တဲ့ အစီအစဉ်တွေပဲလုပ်ဖို့ ကျွန်မအနေနဲ့ သတိပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နှစ်တိုင်းနှစ်တိုင်းမှာဆိုရင် ပြည်သူတွေအနေနဲ့ သီတင်းကျွတ်အချိန်မှာ ဘုရားသွားတာ၊ ကျောင်းသွားတာ၊ ဘုန်းတော်ကြီးကျောင်းတွေသွားတာ၊ စေတီတော်ကြီးတွေကို သွားပြီးဖူးတာ တွေဟာ လုပ်နေကျအလုပ်တွေ ဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ လုပ်လို့မဖြစ်ပါဘူး။ လုပ်လို့မဖြစ်တဲ့အခါကျတော့ တခြားနည်းနဲ့ ကျွန်မတို့ရဲ့ အထွတ်အမြတ် ဘာသာရေးအရ၊ ဗုဒ္ဓဘာသာအရ အထွတ်အမြတ်နေ့ တစ်နေ့ ဖြစ်တဲ့ သီတင်းကျွတ်ကို ကျွန်မတို့ ဆင်နွှဲရမှာပါ။ ကုသိုလ်ရအောင်ပေါ့။ ကုသိုလ်ရအောင်ဆိုတာ မနောနဲ့၊ စိတ်ဓာတ်နဲ့ကို ကုသိုလ်ရအောင် လုပ်လို့ ရပါတယ်။ ဥပမာဆိုရင် မေတ္တာပို့တာ၊ တရားမှတ်တာ၊ ဘုရားဝတ်ပြုတာတွေ ဆိုတာ ဘယ်နေရာမဆို လုပ်လို့ ရပါတယ်။ နောက်ပြီးတော့ တတ်နိုင်သလောက် ကိုယ့်ရဲ့အိမ်မှာ မီးပုံးလေးတွေ၊ မီးလေးတွေ လှပအောင်ဆင်တာလည်း လူစု လူဝေးမဖြစ်ဘဲ၊ ကိုဗစ်ရောဂါ အန္တရာယ်ကို မပြန့်ပွားစေဘဲ လုပ်နိုင်တဲ့ကိစ္စတွေ ဖြစ်ပါတယ်။ ဒါကြောင့် သီတင်းကျွတ်ကို ကုသိုလ်လည်းရအောင်၊ စိတ်လည်း အေးချမ်းရအောင် ဘယ်လိုဆင်နွှဲကြမယ်ဆိုတာ အခုကတည်းက စဉ်းစား ထားကြပါ။ သီတင်းကျွတ်ကလည်း သိပ်ပြီးမကြာတော့ပါဘူး။ သီတင်းကျွတ် အချိန်မှာလည်း အားလုံးကို စိတ်ရွှင်လန်းစေချင်ပါတယ်။ ကျန်းကျန်းမာမာ၊ ချမ်းချမ်းသာသာနဲ့လည်း ရှိစေချင်ပါတယ်။
အားလုံးကို မေတ္တာပို့သအပ်ပါတယ်။