Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားမှု နောက်ဆုံးအခြေအနေနှင့်စပ်လျဉ်း၍ ပြည်သူများသို့ အစီရင်ခံတင်ပြသည့်မိန့်ခွန်း


 

ကျွန်မတို့ ပြည်သူလူထုအားလုံး ကျန်းမာဖို့အတွက် ထပ်ပြီးတော့ ဆော်ဩ ရမှာဖြစ်ပါတယ်။ ဒါက ကိုဗစ်- ၁၉ ကော်မတီရဲ့ တာဝန်ဖြစ်ပါတယ်။ နောက်ပြီး ကျွန်မတို့ နိုင်ငံတော်အစိုးရအနေနဲ့လည်း ပြည်သူလူထုရဲ့ ကျန်းမာရေးကို စောင့်ရှောက်ဖို့၊ ပြည်သူတွေ ကျန်းမာရေးအရရော၊ စီးပွားရေးအရရော လုံခြုံဖို့ အတတ်နိုင်ဆုံးလုပ်ဖို့ တာဝန်ရှိပါတယ်။ အခုအချိန်မှာဆိုရင် အားလုံးသိတဲ့ အတိုင်းပဲ ကိုဗစ်- ၁၉ ရောဂါနဲ့ပတ်သက်ရင် တက်လိုက်ကျလိုက်နဲ့ ပျမ်းမျှ တစ်နေ့ကို တစ်ထောင်လောက်ကတော့ တန့်နေတဲ့သဘော ရှိပါတယ်။ အဲဒီ ကနေ အောက်ကျလာအောင် ကျွန်မတို့ ကြိုးစားရမယ်။ ဒီအချိန်မှာ ကျွန်မတို့ အနေနဲ့ သတိထားရမှာကတော့ ရွေးကောက်ပွဲနောက်ပိုင်းကာလမှာ လူစု လူဝေးတွေဖြစ်ခဲ့တယ်ဆိုတာ ပြည်သူတွေ အသိဆုံးပါပဲ။ အဲဒီတော့ ဒီလိုလူစု လူဝေးဖြစ်တယ်ဆိုရင် ဒီရောဂါပြန့်ပွားနှုန်းဟာ အလားအလာ များပါတယ်။
အခုအချိန်မှာဆိုရင် ကျွန်မတို့ လေ့လာလိုက်တဲ့အခါ ဧရာဝတီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာလည်း ရောဂါပြန့်ပွားမှုတွေ ရှိလာပါတယ်။ အားလုံးသိပြီးသားပါ။ ရန်ကုန်ကတော့ အများဆုံးပေါ့။ ဒါ့အပြင် ဒီတိုင်းဒေသကြီး(၃)ခုမှာလည်း ရောဂါပြန့်ပွားမှုဟာ နည်းနည်း တက်လာတဲ့သဘော ရှိပါတယ်။ အဲဒါကြောင့် သတိထားစေချင်ပါတယ်။ သတိဆိုတာတော့ လွန်ကဲတယ်လို့မရှိဘူးဆိုတာလည်း ထပ်ပြီးတော့ပြောချင်ပါတယ်။
ကိုဗစ်ရောဂါနဲ့ ပတ်သက်လို့ ရာသီဥတု အေးလာပြီ ဆိုတဲ့အတွက် ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။ ပညာရှင်တွေရဲ့ သုံးသပ်ချက်အရ၊ အတွေ့အကြုံအရဆိုရင် လည်း ကိုဗစ်ရောဂါပိုးဟာ အေးတဲ့ရာသီမှာ နည်းနည်း ပိုပြီးတော့ ပွားများရှင်သန်တဲ့ သဘောရှိပါတယ်။ ဒါကြောင့် ဆောင်းတွင်းရောက်လာတာနဲ့အမျှ ပိုပြီးတော့ သတိထားဖို့ လိုပါတယ်။ ကံကောင်းထောက်မစွာ ကျွန်မတို့နိုင်ငံက ဆောင်းတွင်းဆိုတာ တချို့နေရာတွေမှာ သိပ်ပြီးအေးတာ မဟုတ်ပါဘူး။ သို့သော်လည်း အေးတဲ့ နေရာတွေလည်းရှိပါတယ်။ အေးတဲ့နေရာတွေမှာတော့ အထူးသတိထားဖို့ လိုပါတယ်။ အဲဒီတော့ ပြည်သူလူထု အနေနဲ့ ကျန်းမာရေးအတွက်ရော၊ အေးတဲ့အချိန်မှာရော နွေးဖို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်နေတာကို ပြည်သူတွေ အနေနဲ့ စိတ်ဝင်စားစေချင်ပါတယ်။ စိတ်ဝင်စားပြီး ကျန်းမာရေးအစီအစဉ်တွေကိုလိုက်ပြီး လုပ်မယ်ဆိုရင် ကိုယ့်အတွက် စိတ်လည်းသက်သာတယ်။ ကျန်းလည်း ကျန်းမာတယ်။ ကိုယ်လက်လှုပ်ရှားမှုဆိုတာလည်း စိတ်ကိုသက်သာစေပါတယ်။ ဒါဟာ သိပ္ပံနည်းကျကျ ပညာရှင်တွေက တွေ့ရှိပြီး ဖြစ်ပါတယ်။
နောက်တစ်ခုက မကြာခင်ကာလမှာ ရုပ်မြင်သံကြား ကနေတစ်ဆင့် အွန်လိုင်းကနေပြီး ကျန်းမာရေးကောင်းဖို့ အတွက် ရည်ရွယ်ထားတဲ့ အကပြိုင်ပွဲတွေလည်း လုပ်ဖို့ စီစဉ်နေပါတယ်။ ပြည်သူတွေအနေနဲ့ အကတော်ရင် ဆုလည်းရနိုင်တယ်။ ဒါလုပ်ခြင်းအားဖြင့် စိတ်သက်သာ မှုလည်းရနိုင်တယ်။ ကျန်းမာရေးလည်း ပိုပြီးတိုးတက်နိုင် ပါတယ်။ ဆီးချိုရောဂါနဲ့ ပတ်သက်လို့ ကျွန်မ အကြိမ်ကြိမ် အခါခါ ပြောပါတယ်။ အခြေခံကျန်းမာရေးကောင်းတဲ့ ပုဂ္ဂိုလ်များဟာ ဒီရောဂါရရင်တောင်မှ သိပ်ပြီးပြင်းပြင်း ထန်ထန်မခံစားရပါဘူး။ ဒါကြောင့် အခြေခံကျန်းမာရေး ကောင်းဖို့ အင်မတန်မှအရေးကြီးပါတယ်။ ကျွန်မတို့ နိုင်ငံ မှာသာမက တခြားနိုင်ငံတွေမှာလည်း အခု တွေ့လာရတာ တော့ ဆီးချိုရောဂါသည်များဟာ ကိုဗစ်ရောဂါကို သိပ်ပြီး တော့ သတိထားရပါလိမ့်မယ်။ ဆီးချိုရောဂါအခံရှိတယ် ဆိုရင် ကိုဗစ်ရောဂါရတဲ့အခါ ပြင်းထန်တတ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ ဆီးချိုရောဂါ၊ နှလုံးရောဂါရှိတဲ့ ပြည်သူ တွေ တော်တော်များပါတယ်။ ဒါကတော့ ပြည်သူ့ကျန်းမာ ရေးစောင့်ရှောက်မှု အားနည်းချက်တွေ ရှိခဲ့လို့ပါ။ ကျွန်မ တို့ ဒါတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လုပ်နေပါတယ်။ ဒါပေမယ့် ဒီလိုအခြေခံ ကျန်းမာရေးကောင်းတယ်ဆိုတာ နေ့ချင်း၊ ညချင်း မဖြစ်သွားပါဘူး။ နှစ်ပေါင်းများစွာ။ ပြောရမယ်ဆိုရင် အမိဝမ်းတွင်းကတည်းက စတယ်လို့ တောင်ပြောလို့ရပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင် မိခင်များကို ကလေးသန္ဓေတည်တာနဲ့ စပြီးတော့ ဂရုစိုက် ရတယ်။ ကလေးလွတ်တဲ့အထိ အထူးဂရုစိုက်ပြီးတော့ ပံ့ပိုးတာတွေ လုပ်နေတာ ဖြစ်ပါတယ်။
ကလေးတွေဟာ အမေ့ဝမ်းထဲမှာ နေကတည်းက ကျန်းမာရေးကောင်းဖို့အတွက် ပြင်ပေးရတာပါ။ ဒါကြောင့် အခြေခံကျန်းမာရေးဆိုတာ နေ့ချင်း၊ ညချင်း မဖြစ်နိုင်ပါဘူး။ အစကတည်းက အခြေခံကျန်းမာရေးက ချို့တဲ့ခဲ့ပြီဆိုရင် ကိုဗစ်နဲ့ပတ်သက်လို့ အထူးပိုပြီးတော့ သတိထားဖို့လည်း ကြိုးစားရပါမယ်။ ဒါကိုတော့ ထပ်ပြီး တိုက်တွန်းပါရစေ။
နောက်တစ်ခုကတော့ စီးပွားရေးဘက်မှာဆိုရင် ကိုဗစ်ရောဂါကြာလာတာနဲ့အမျှ တစ်ကမ္ဘာလုံးမှာ စီးပွား ရေးထိခိုက်မှုတွေဖြစ်တယ်။ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံ တည်း မဟုတ်ပါဘူး။ ကျွန်မတို့အနေနဲ့ တတ်နိုင်သမျှ ပြည်သူတွေရဲ့ စီးပွားရေးအခက်အခဲတွေကို ရင်ဆိုင်ဖို့ အတွက် ကြိုးစားပြီးတော့ ဆောင်ရွက်ပါတယ်။ အားလုံး သိတဲ့အတိုင်းပဲ အခြေခံလူတန်းစားတွေအတွက် ထောက်ပံ့ကြေးတွေပေးတာဟာ အခုဆိုရင် စတုတ္ထ အကြိမ် ရှိပါပြီ။ ပထမ၊ ဒုတိယ၊ တတိယအကြိမ် အားလုံး ချောချောမွေ့မွေ့ ဖြစ်ခဲ့ပါတယ်။ အခု စတုတ္ထအကြိမ်မှာ တချို့နေရာတွေမှာ လူစုလူဝေးလုပ်ပြီးတော့ နည်းနည်း ဆူပူတာတွေဖြစ်လာတယ်ဆိုတာလည်း ကျွန်မတို့တွေ့ရ ပါတယ်။ ဒါတွေဟာလည်း မလိုအပ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်မတို့ရဲ့ ရည်ရွယ်ချက်က ဘယ်သူ့ကိုမှ ချန်ခဲ့ဖို့မရှိပါဘူး။ ဘယ်သူ့ကိုမှလည်း ချန်ခဲ့မှာ မဟုတ် ပါဘူး။ အကြောင်းကြောင်းကြောင့် ကျန်ခဲ့တယ်ဆိုရင် တိုင်ကြားနိုင်တဲ့ဌာနကို စပြီးတော့ဖွင့်ပါပြီ။ အဲဒီတော့ တိုင်ကြားနိုင်ပါတယ်။ ကိုယ့်မိသားစု ကျန်ခဲ့တယ်ဆိုရင်။ တစ်ယောက်တည်းသမားမလို့ ကိုယ့်ရပိုင်ခွင့်ကို မရဘူး ဆိုရင် တိုင်လို့ရပါတယ်။ အဲဒီတော့ အေးအေးဆေးဆေးနဲ့ တိုင်စာဌာနမှာတိုင်ကြပါ။ အခြေအနေဘယ်လိုဖြစ်တာ လဲဆိုတာကို ပြောကြပါ။ ရည်ရွယ်ချက်နဲ့ ဘယ်သူ့ကိုမှ ကျွန်မတို့ထားခဲ့မှာ မဟုတ်ပါဘူး။ အကယ်၍ ကျန်ခဲ့ရင် လည်း ပြန်ပြီးတော့ ပံ့ပိုးပေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့ အင်မတန်မှ တာဝန်သိတဲ့ ပြည်သူလူထုဟာ အားလုံးဝိုင်းပြီးတော့ ဒီကိစ္စကို ချောချောမွေ့မွေ့နဲ့ ဖြေရှင်း နိုင်ဖို့အတွက် ပံ့ပိုးကူညီစေချင်ပါတယ်။ စတုတ္ထအကြိမ် မြောက် ပံ့ပိုးမှုတွေကို မြန်မြန်ဆန်ဆန်နဲ့ အားလုံးပြည့်ပြည့် စုံစုံလုပ်သွားချင်ပါတယ်။
နောက်တစ်ခုကတော့ အသေးစားငွေချေးကိစ္စတွေမှာ တချို့တွေက ပြဿနာတွေနဲ့ ရင်ဆိုင်နေရတယ်ဆိုတာ ကျွန်မတို့ သိခဲ့ရပါတယ်။ အဲဒါက ဘယ်လိုလဲဆိုတော့ အသေးစားချေးငွေ ချေးထားပြီးတော့ ပြန်ပေးရတာ၊ ပြန်ဆပ်ရတာပေါ့။ ပြန်ဆပ်ရတဲ့အခါကျတော့ အသေးစား ငွေချေးတဲ့ အဖွဲ့အစည်းတွေကလည်း သူတို့စည်းမျဉ်းစည်း ကမ်းတွေ ရှိပါတယ်။ သူတို့စည်းမျဉ်းစည်းကမ်းတွေအရ အချိန်တန်ရင် ပြန်ပြီးတော့ တောင်းရပါတယ်။ တောင်းတဲ့ အခါ ကိုဗစ်ကာလအတွင်းမှာ ပြန်ပြီးတော့မပေးနိုင်တဲ့ ပြည်သူတွေအတွက် စိတ်အနှောင့်အယှက် ဖြစ်ရတယ်။ စိတ်ပူပန်ရတယ်။ ပေးစရာရှိလည်း မရှိဘူး။ ဒါတွေကို ကျွန်မတို့ကြည့်လိုက်တဲ့အခါ ကျွန်မတို့နိုင်ငံရဲ့ ငွေရေး ကြေးရေးအခြေအနေအရ၊ အရင်းအမြစ် အခြေအနေအရ တစ်တိုင်းပြည်လုံးကိုတော့ ဒီကိစ္စမှာ ကူညီလို့မရပေမယ့် ကိုဗစ်ရောဂါပြန့်ပွားမှုအများဆုံးဖြစ်ပြီး လူဦးရေလည်း များတဲ့ ပြည်နယ်တစ်ခုနဲ့ တိုင်းဒေသကြီးနှစ်ခုကို ရွေးပြီး ပါပြီ။ အဲဒါကတော့ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီးနဲ့ ရန်ကုန်တိုင်းဒေသကြီးတို့ ဖြစ်ပါတယ်။ ရွေးပြီးတော့ အဲဒီက အသေးစားငွေချေးအဖွဲ့၊ အဖွဲ့အစည်းတွေကို ကျွန်မတို့ အစိုးရအဖွဲ့နဲ့ ညှိပြီးတော့ ပြန်ဆပ်ရမယ့် ပြည်သူတွေအနေနဲ့ ကြွေးကျန်တွေကိုဆပ်ချိန် ဆိုင်းငံ့ပေးဖို့ အစီအစဉ်တွေ စပြီးတော့ဆောင်ရွက်နေပါတယ်။ ကြုံတုန်းပြောချင်တာက တော့ တချို့ပြည်သူတွေက ဒီလိုအသေးစားငွေချေးအဖွဲ့အစည်းတွေရှိတဲ့အခါ တစ်နေရာတည်း မဟုတ်ဘူး။ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာလိုက်ပြီးချေးတဲ့အခါ ကြွေးဝန်တွေပိပြီး ပြဿနာတက်ပါတယ်။
ဒါကြောင့် ကျွန်မကတော့ အဲဒီလိုမလုပ်ပါနဲ့လို့ မေတ္တာ ရပ်ခံချင်ပါတယ်။ အဲဒီလို တစ်နေရာ၊ နှစ်နေရာ၊ သုံးနေရာ၊ လေးနေရာကနေ လိုက်ချေးတဲ့အတွက် ပြန်ဆပ်ရတဲ့အခါ မလွယ်ပါဘူး။ သို့သော်ငြားလည်း ဒီလိုအသေးစားငွေချေး ရခြင်းဟာ ကျွန်မတို့ရဲ့ အခြေခံလူတန်းစား၊ ကျွန်မတို့ပြည်သူ လူထုတော်တော်များများအတွက် လိုအပ်ချက်တစ်ခု ဖြစ်တယ်ဆိုတာတော့ သဘောပေါက်ပါတယ်။ ဒါကြောင့် ချေးငွေလိုအပ်တဲ့ပြည်သူတွေ မိမိတို့ရဲ့ စီးပွားရေးလုပ်ငန်း လေးတွေကို ပံ့ပိုးဖို့အတွက်၊ ချေးငွေလိုအပ်တဲ့ ပြည်သူများ ရနိုင်ဖို့အတွက် စီစဉ်နေပါတယ်။ ကျွန်မတို့စပြီး ဆွေးနွေး နေပါတယ်။ မကြာမီ နှစ်ပတ်၊ သုံးပတ်လောက် အတွင်းမှာ ဘယ်လိုအစီအစဉ်တွေရှိတယ်ဆိုတာ ပြည်သူတွေကို တင်ပြ နိုင်မယ်လို့ မျှော် လင့်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်လို့လည်း ကျွန်မတို့ တတ်နိုင်သမျှ လုပ်နေပါတယ်။ ပြည်သူတွေ ကလည်း ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်လို့လည်း ယုံကြည်ပါတယ်။
ရေရှည်စီးပွားရေးလုပ်ငန်းတွေအတွက်လည်း ကျွန်မ တို့ စီစဉ်ထားပြီးတာကတော့ အမှန်ပြောရရင် ၂ လပိုင်း ကတည်းက ကိုဗစ်ရောဂါကိုစပြီး ရင်ဆိုင်ရတော့မယ်ဆိုပြီး၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ ကပ်ရောဂါကြီးလို့ မကြေညာခင်ကတည်းက စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်မတို့အနေနဲ့ ပြည်သူတွေကို မထိ ခိုက်အောင် ဘယ်လိုစီစဉ်ရမလဲဆိုတာ စပြီးတော့ ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။ အဲဒီအစီအစဉ်တွေကိုလည်း တစ်ဆင့်ပြီး တစ်ဆင့် လိုအပ်သလို ကျွန်မတို့ အကောင်အထည်ဖော်ပြီး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ စိုးရိမ်မလွန်ပါနဲ့၊ သတိကတော့ရှိပါ။ ပြည်သူတွေ အနေနဲ့ ကိုယ့်ကျန်းမာရေးကိုပဲ သတိပြုပြီးတော့ ဂရုစိုက် စေချင်ပါတယ်။ ပြည်သူတွေဟာ ကိုယ့်ကျန်းမာရေးကို ဂရုစိုက်မယ်။ ကိုယ့်ကိုမကူးအောင်လုပ်မယ်။ ကိုယ်ကနေ တခြားလူတွေကို မကူးအောင်လုပ်မယ်ဆိုရင် နိုင်ငံတော်ရဲ့ ဝန်က တစ်ဝက်မက ပေါ့သွားမှာပါ။ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စ၊ ဒါတွေကတော့ နိုင်ငံတော်အစိုးရရဲ့ တာဝန်ဖြစ်တဲ့အလျောက် ကျွန်မတို့အနေနဲ့ အတတ် နိုင်ဆုံးလုပ်သွားပါမယ်။ ဘာတွေလုပ်မယ်၊ ဘယ်လို အစီအစဉ်တွေရှိတယ် ဆိုတာကိုလည်း ပြည်သူတွေ နားလည်အောင်၊ ရှင်းရှင်းလင်းလင်း သိရအောင် ကျွန်မတို့ တစ်ပတ်နှစ်ခါ ပြောနေတဲ့ Video မိန့်ခွန်းတွေ ထဲမှာ ထည့်ပြောသွားပါမယ်။ ရုပ်မြင်သံကြားကပဲဖြစ်ဖြစ်၊ ဌာနဆိုင်ရာရဲ့ အွန်လိုင်းကပဲဖြစ်ဖြစ်၊ သတင်းစာတွေထဲက ဖြစ်ဖြစ်၊ နိုင်ငံပိုင်သတင်းစာထဲက ဖြစ်ဖြစ် ပြည်သူတွေကို အမြန်ဆုံး အသိပေးမှာ ဖြစ်ပါတယ်။ ကျွန်မ ထပ်ပြီးပြောပါ ရစေ။ အခုချိန်မှာ လူစုလူဝေးတွေ နည်းနည်းဖြစ်ခဲ့တာ ကြောင့် ကိုဗစ်ရောဂါ ပြန့်ပွားနှုန်းလည်း နောက်တစ်ပတ်၊ နှစ်ပတ် အတွင်းမှာ အနည်းငယ်တက်လာ နိုင်တယ်ဆိုတာ အခုကတည်းကစပြီး သတိပြုရမှာဖြစ်ပါတယ်။ ဆက်ပြီး မဖြစ်ရအောင် လူစုလူဝေးတွေကို ရှောင်ပါ။ ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနကလည်း ဒီရက်ပိုင်းအတွင်း ကြေညာချက် ထပ်ထုတ်ပြီးပါပြီ။ ဝန်ကြီးဌာနရဲ့ စည်းမျဉ်း စည်းကမ်းတွေကို မလိုက်နာရင် တည်ဆဲဥပဒေတွေအရ အရေးယူရပါလိမ့်မယ်။ ပြည်သူတွေကို အရေးယူချင်လို့ တော့ မဟုတ်ဘူး။ ဒဏ်ပေးချင်လို့လည်း မဟုတ်ဘူး။ ဒီရောဂါဘေးမှ ကာကွယ်ချင်လို့ပဲ ဖြစ်တယ်။ ဒါကြောင့် ကျွန်မတို့ ပြည်သူတွေက လုပ်ရဲကိုင်ရဲလည်း ရှိပါတယ်။ တာဝန်လည်း သိတတ်ပါတယ်။ ထက်မြက်မှုလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ကျန်းမာရေး ကောင်းဖို့ အတွက်၊ ကိုယ့်လုံခြုံမှုအတွက်၊ ကိုယ့်နိုင်ငံလုံခြုံမှုအတွက် အားလုံး ဝိုင်းဝန်းပြီးတော့ ပူးပေါင်းဆောင်ရွက်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။ ပြည်သူတွေက အဓိကဆိုတာ တော့ မမေ့ပါနဲ့။
အားလုံး ကျန်းမာချမ်းသာအောင် နေနိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်။