
အခုဆောင်းလေလေးကလည်း ဝင်လာပြီဆိုတော့ ကျွန်မတို့ ပြည်သူလူထု တွေ ပိုပြီး ကျန်းမာရေးဂရုစိုက်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်မတို့ခန့်မှန်းတဲ့ အတိုင်းပဲပေါ့။ ကိုဗစ် - ၁၉ ပြန်ပြီးတော့ ပြန့်ပွားမှုက များလာပါတယ်။ ဒါကို တွက်လိုက်မယ်ဆိုရင် ရွေးကောက်ပွဲအပြီးကာလနဲ့ အခုထိဆိုရင် တစ်ပတ်၊ ဆယ်ရက်ဆိုတာ ဒါစနေတဲ့သဘောပါပဲ။ နောက်နှစ်ပတ်လောက်၊ တစ်ပတ် လောက်ဆိုရင် နည်းနည်းပိုပြီးတော့ မြင့်လာနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒီဟာအတွက်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ပြင်ဆင်ထား ပြီးသားပါ။ ပြည်သူတွေကလည်း ပြင်ဆင်ထားဖို့လိုပါတယ်။
ကျွန်မထပ်ပြီး သတိပေးချင်တာကတော့ ရောဂါလက္ခဏာရှိတယ်ဆိုရင် ဆေးရုံကိုမြန်မြန်သွားစေချင်တာပါ။ ဆေးရုံကို တက်ရမှာကြောက်လို့ မသွားကြဘူးဆိုပြီး အဲဒီလိုသတင်းတွေလည်း ကျွန်မတို့ကြားရတယ်။ အသေအပျောက်ရှိတဲ့အခါ ကွယ်လွန်အနိစ္စရောက်သွားတဲ့သူ တော်တော် များများဟာ ဆေးရုံတက်တာနောက်ကျတာလို့ နားလည်ပါတယ်။ အဲဒီတော့ စောစောစီးစီးတက်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ စောစောစီးစီး ဆေးရုံ တက်ရမှာ စိုးရိမ်ကြတယ်လို့လည်း ကျွန်မနားလည်ပါတယ်။ စိုးရိမ်ကြတယ် ဆိုတာဟာ စောစောပိုင်းကဆိုရင် ကျွန်မတို့က ကိုဗစ်အတွက် ပြင်ဆင်မှု တွေဟာ သိပ်ပြီးတော့ မလုံလောက်သေးတော့ မပီပြင်သေးဘူးပဲ ပြောရမှာ ပေါ့။ အဲဒီအချိန်ကာလတုန်းကဆိုရင် ဆေးရုံတက်ရတာဟာ အဆင်မပြေဘူး ဆိုတဲ့ သတင်းတွေပြန့်တော့ တချို့က တက်ရမှာ ကြောက်တယ်လို့ကြားပါ တယ်။ အခုတော့ ဆေးရုံတွေမှာ သေသေချာချာ စီစဉ်ထားပါတယ်။ ဘာမှ လည်း စိုးရိမ်စရာမလိုပါဘူး။
ဒါတွေနဲ့ပတ်သက်လို့ ပြည်သူများသိအောင်လို့ သတင်းဖြန့်ဖို့ ပြန်ကြား ရေးဝန်ကြီးဌာနက ရုပ်မြင်သံကြားမှာပြနိုင်ဖို့ ကျွန်မတို့ စီစဉ်ပါတယ်။ နောက်တစ်ခုကတော့ တစ်ယောက်တည်းသွားရမှာကို ကြောက်ကြတယ်။ အထီးကျန်မှာကို စိုးရိမ်ကြတယ်လို့ နားလည်ပါတယ်။ ကိုဗစ်ရောဂါနဲ့ ဆေးရုံတက်တယ်ဆိုရင်တော့ လူနာစောင့် ခွင့်မပြုပါဘူး။ သို့သော်ငြားလည်း အခုအချိန်မှာဆိုရင် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတဲ့သူတွေ၊ တော်တော် ရောဂါပြင်းထန်တဲ့သူတွေဆိုရင် အစောင့်ခေါ်သွားဖို့ စီစဉ်ပေးပါတယ်။ ဒါပေမယ့် ဆေးရုံမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုတော့ တိတိကျကျလိုက်နာဖို့ လိုပါမယ်။ စောင့်တဲ့သူက ဖျားနေတယ်ဆိုရင် လူနာ အတွက်လည်း ဘာမှအကျိုးမရှိပါဘူး။ ဒါကြောင့် ဆေးရုံသွားရမှာ မကြောက် ပါနဲ့။ ရောဂါလက္ခဏာပြတာနဲ့ မြန်မြန်ဆန်ဆန်သွားပါ။ နောက်တစ်ခုကလည်း အခုရောဂါပြန့်ပွားမှု များလာတယ်ဆိုတာ ကြိုတင်ခန့်မှန်းပြီးသားဖြစ်တဲ့ အပြင် တချို့ပြည်သူတွေ သိပ်စိုးရိမ်နေမှာစိုးလို့ ကျွန်မပြောချင်တာက အခုအချိန်မှာ စစ်ဆေးနိုင်တဲ့ နှုန်းကလည်း တက်လာလို့ ရောဂါတွေ့တဲ့နှုန်း တက်လာတာလည်း ပါပါတယ်။ ဒါကြောင့် စိုးရိမ်မလွန်ပါနဲ့။ သတိဆိုတာတော့ အမြဲရှိရမှာပေါ့။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း ပန်ကြားချက်ထုတ်ထား ပါတယ်။ ဒီအချိန်မှာ အထူးဂရုစိုက်ဖို့လိုတယ်။ ဒါကြောင့်ဖြစ်နိုင်ရင် အပြင် မထွက်ပါနဲ့။ အိမ်မှာပဲနေပါ။ နောက်ပြီးတော့ Mask တို့၊ ဖြစ်နိုင်ရင် Face Shield တို့ပေါ့။ Mask အရှေ့မှာ အကာကိုပါ တပ်ပါဆိုပြီးတော့ ပန်ကြားထား တာရှိပါတယ်။ ဖြစ်နိုင်ရင် နှစ်ခုစလုံးကို တပ်စေချင်ပါတယ်။ Mask တပ်စေ ချင်တယ်။ Face Shield ကိုလည်း တပ်စေချင်တယ်။ အထူးသဖြင့် Stay at Home မြို့တွေအပြင် ရောဂါဖြစ်ပွားမှုများတဲ့ နေရာတွေမှာ ဒီလိုလုပ်စေချင် ပါတယ်။ နောက်တစ်ခုက ရောဂါပြန့်ပွားမှုနှုန်းတွေ တက်နေတဲ့နေရာတွေ မှာတော့ Stay at Home ကြေညာရပါလိမ့်မယ်။ ဒါကထိန်းဖို့ ပိုပြီးတော့ ပြန့်ပွားမှုမရှိအောင် ထိန်းဖို့ပေါ့။ လျော့ကျသွားတဲ့နေရာတွေကို ကြည့်ပြီးတော့ ဖြေလျှော့ပေးပါမယ်။ ကိုဗစ်နဲ့ပတ်သက်လို့ အချိန်ကလည်း နည်းနည်း ကြာလာပြီ၊ တော်တော်အတွေ့အကြုံများလာပြီဆိုတော့ ဘယ်ကဏ္ဍတွေမှာ လျှော့ပေးလို့ရမလဲ၊ ဘယ်ကဏ္ဍတွေမှာ ဆက်ပြီးခပ်တင်းတင်းကျပ်ကျပ် စည်းမျဉ်းစည်းကမ်းတွေ ကန့်သတ်ထားရမလဲ၊ ဘယ်ကဏ္ဍတွေမှာ နည်းနည်း ပိုပြီးတော့ စည်းမျဉ်းစည်းကမ်း တင်းတင်းကျပ်ကျပ်လုပ်ဖို့လိုတယ်ဆိုတာ ကို မြင်လာပါတယ်။ ဒါကြောင့် အခြေအနေကောင်းလာတာနဲ့အမျှ ဖြေလျှော့ ပေးမှာဖြစ်ပါတယ်။ နောက်အခြေအနေ နည်းနည်းပိုပြီးတော့ သတိထားရမယ့် နေရာတွေမှာဆိုရင် ပိုပြီးတော့ တင်းကျပ်ရပါလိမ့်မယ်။ လိုတိုးပိုလျှော့ပေါ့။ ဒါကလည်း တစ်ချိန်လုံး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနဲ့ ကျန်တဲ့ သက်ဆိုင်ရာဌာနတွေက လေ့လာပြီးတော့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
ပြီးတော့ ထည့်ပြောရမယ်ဆိုရင် ကျွန်မတို့အခု ခရစ္စမတ်နီးလာပြီ။ ခရစ္စမတ်ပြီးတဲ့အခါကျရင်လည်း နှစ်သစ်ကူးက လာပါတော့မယ်။ ခရစ္စမတ် ကာလမှာဆိုရင် အထူးသဖြင့် မြို့ကြီးတွေဆိုတာ ရန်ကုန်မြို့တို့၊ မန္တလေးမြို့တို့ ကိုဗစ်လည်း မြန်မြန်ပြန့်ပွားနေတဲ့နေရာတွေလည်းဖြစ်တယ်၊ လူဦးရေလည်း များတဲ့ နေရာတွေလည်းဖြစ်တယ်။ ဒီမြို့ကြီးတွေဟာဆိုရင် နှစ်တိုင်း နှစ်တိုင်း လိုလို ခရစ္စမတ်ပွဲတော်ကို ကြီးကြီးကျယ်ကျယ် လူစုလူဝေးနဲ့ ကျင်းပလေ့ရှိပါ တယ်။ ဒီဟာတွေ ဒီနှစ် ခွင့်မပြုထားပါဘူး။ ဒါပေမယ့် ခွင့်မပြုလို့လည်း ပြည်သူတွေရဲ့ စိတ်ကျဉ်းကျပ်မှုတွေကို ကျွန်မတို့ နားလည်သောအားဖြင့် တတ်နိုင်သမျှ ရုပ်မြင်သံကြားကတစ်ဆင့် ပြည်သူတွေအတွက် ဖျော်ဖြေရေး အစီအစဉ်တွေ လုပ်ဖို့ကြိုးစားနေပါတယ်။ တတ်နိုင်သလောက် လုပ်ပါမယ်။ ပြည်သူတွေ အိမ်ထဲမှာနေတဲ့အခါကျရင် သိပ်ပြီးတော့ မငြီးငွေ့အောင်၊ မပျင်းရိ အောင်လို့ဖြစ်ပါတယ်။ အိမ်ထဲမှာနေတဲ့အခါမှာ မငြီးငွေ့အောင်၊ မပျင်းရိ အောင်တင်မက အကျိုးရှိအောင်လည်း ကျွန်မတို့အစီအစဉ်တွေ ချနေတာပါ။
အဲဒါက ဘာလဲဆိုတော့ အခုက အိုင်တီနည်းပညာခေတ်ဖြစ်တယ်။ အိုင်တီနည်းပညာဟာ တစ်ကမ္ဘာလုံးမှာ တိုးတက်နေတယ်။ ကျွန်မတို့နိုင်ငံကို အိုင်တီနည်းပညာ ရောက်လာပြီး ပြန့်ပွားလာတာ နိုင်ငံတော်တော်များများနဲ့ စာရင် နောက်ကျနေတယ်လို့ ပြောရပါမယ်။ သို့သော်ငြားလည်း မြန်ဆန်ပါ တယ်။ အခု ငါးနှစ်အတွင်းမှာ ပြည်သူလူထုရဲ့ မိုဘိုင်းဖုန်း အသုံးပြုမှုနှုန်းဟာ ၁၀၀ ရာခိုင်နှုန်း ကျော်သွားပါပြီ။ ပြောရမယ်ဆိုရင် ပျမ်းမျှခြင်းအားဖြင့် တစ်ယောက်မှာ တစ်လုံးမကတောင် ရှိနေတယ်လို့ ပြောလို့ရပါတယ်။ ပြီးတော့ ပြည်သူတွေဟာ မိုဘိုင်းဖုန်းကို သုံးတတ်လာပြီ၊ ဒီမိုဘိုင်းဖုန်းကို သုံးခြင်း အားဖြင့် စီးပွားရေးဘက်၊ ပညာရေးဘက်မှာလည်း ထိထိရောက်ရောက် တိုးတက်နိုင်အောင် သုံးနည်းသုံးဟန်တွေ ပြည်သူတွေ ကြားထဲမှာ ပညာပေးဖို့၊ နောက်ပြီး သုံးပြီးတော့ ပြည်သူတွေရဲ့ စီးပွားရေးဘက်မှာ တောင့်တင်း လာဖို့ဆိုတဲ့ အစီအစဉ်တွေလည်း စပြီးချမှတ်နေပါတယ်။ ဒီစီမံကိန်းတွေ ကိုလည်း စပြီးတော့ အကောင်အထည်ဖော်မှာဖြစ်ပါတယ်။
နောက်အပတ်ကျရင် ကိုဗစ်နဲ့ပတ်သက်တဲ့ အစီအစဉ်တွေ နည်းနည်း ပြောင်းပါမယ်။ အခုထိဆိုရင် တစ်ပတ်မှာသုံးကြိမ် ကျန်းမာရေးနဲ့ပတ်သက်တဲ့ အမေးအဖြေအစီအစဉ်တွေ လုပ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ မေးတဲ့မေးခွန်းတွေကလည်း နည်းနည်းတော့ထပ်လာပြီး ပြည်သူတွေက လည်း တော်တော်များများ တော်တော်ကျယ်ကျယ်ပြန့်ပြန့် ကိုဗစ်နဲ့ပတ်သက် လို့ သိနေပါပြီ။ နောက်အပတ်ကနေစပြီး အင်္ဂါနေ့တိုင်းမှာ ပုံမှန်ကျန်းမာရေး အမေးအဖြေ အစီအစဉ်တွေ လုပ်ပါမယ်။ ဗုဒ္ဓဟူးနေ့မှာ စီးပွားရေးနဲ့ပတ်သက် တဲ့ အွန်လိုင်းနည်းပညာတွေ သုံးပြီး၊ ခေတ်မီနည်းပညာတွေသုံးပြီး စီးပွားရေး ဘက်မှာ၊ ပညာရေးဘက်မှာ ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတဲ့ ပညာပေးအစီအစဉ်တွေ လုပ်ပါမယ်။
ကြာသပတေးနေ့ကျရင် ဒီအစီအစဉ်တွေကို လက်တွေ့အကောင်အထည် ဖော်တဲ့ပုံစံနဲ့ ပြပါမယ်။ ဥပမာ အခြေခံအားဖြင့် စီးပွားရေးဟာ ဘာလဲလို့ ပြောလိုက်ရင် အရိုးသားဆုံးနဲ့ အလွယ်ဆုံးပြောရမယ်ဆိုရင် ဝယ်လိုအားနဲ့ ရောင်းလိုအားကို ချိတ်ဆက်ပေးပြီး မျှတအောင်လုပ်တာပါ။ လူတစ်ယောက်က ရောင်းချင်တာရှိရင် နောက်တစ်ယောက်က ဝယ်အောင်လို့ လုပ်ရပါမယ်။ ဝယ်တယ်၊ ရောင်းတယ်ဆိုတာ ပစ္စည်းတင်မဟုတ်ပါဘူး။ လုပ်ငန်းဆောင်ရွက် မှုတွေလည်းပါပါတယ်။ လုပ်အားရော၊ ပညာရောအမျိုးမျိုးပေါ့။ ကိုယ့်မှာရှိတာ နဲ့၊ လိုတာနဲ့ရှိတဲ့နေရာကနေ လိုတဲ့နေရာကို ချိတ်ဆက်ပေးပြီးတော့ အလုပ် ဖြစ်အောင်လုပ်တာ၊ မျှတအောင်လုပ်တာဖြစ်တယ်။ ဒီဟာအတွက် ခေတ်မီ နည်းပညာတွေ သုံးတဲ့အခါမှာ အင်မတန်မှ ထိရောက်ပါတယ်။ ဥပမာအားဖြင့် တောင်သူလယ်သမားတစ်ယောက်က သူ့မှာရှိနေတဲ့ ရွှေဖရုံသီးတွေ ရောင်းချင် တယ်ဆိုရင် ရွှေဖရုံသီးရောင်းနိုင်တယ်ဆိုတာကို သိအောင်လို့ အွန်လိုင်းကနေပြီး အသိပေးလိုက်ရင် ရွှေဖရုံသီးဝယ်ချင်တဲ့မြို့က စားသောက်ဆိုင်ကပဲဖြစ်ဖြစ်၊ အသီးအနှံရောင်းတဲ့ဆိုင်ကပဲဖြစ်ဖြစ် ချိတ်ဆက်ပြီး စီးပွားရေးလုပ်ငန်း ဖြစ်အောင်လုပ်နိုင်တာကို ပြောတာပါ။ ရွှေဖရုံသီးလို့ပြောတာက ကျွန်မက ရွှေဖရုံသီးကြိုက်လို့ပါ။ တခြားဟာ ဘာမဆိုလည်း လုပ်လို့ရပါတယ်။ ဒီဟာ တွေက မြို့တွင်းမှာတင် အလုပ်နဲ့ပတ်သက်လို့လည်း လုပ်လို့ရတယ်။ ဥပမာ လုပ်ငန်းရှင်တစ်ယောက်က ဘယ်လိုအရည်အချင်းနဲ့ကိုက်ညီတဲ့ ဝန်ထမ်း တစ်ယောက်လိုချင်တယ်ဆိုရင် အဲဒါကို အွန်လိုင်းမှာတင်လိုက်လို့ရှိရင် အဲဒီ အရည်အချင်းနဲ့ ကိုက်ညီတဲ့ ပြည်သူတစ်ဦးက လုပ်ငန်းရှင်နဲ့ချိတ်ဆက်ပြီး အလုပ်ကို ရအောင်လို့ကြိုးစားနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုပြောတာတွေကို လုပ်ပြမယ်ဆိုရင် ပြည်သူတွေ ရှင်းရှင်းလင်းလင်းနားလည်ပြီး လုပ်တတ် သွားမယ်လို့ ယူဆပါတယ်။
ဗုဒ္ဓဟူးနေ့မှာဆိုရင် သီအိုရီအရ ဘယ်လို ဘယ်လိုလုပ်ရမယ်၊ ဘယ်လို ဘယ်လိုစီစဉ်မယ်ဆိုတာကို ပြောပြီးတော့ ကြာသပတေးနေ့မှာဆိုရင် ကျွန်မ တို့ တကယ့်ကို ရွေးချယ်ထားတဲ့ ဝယ်လိုအားရှိတဲ့သူ တစ်ယောက်နဲ့ ရောင်းလိုအားရှိတဲ့သူတစ်ယောက် ဘယ်လိုဘယ်လို ချိတ်ဆက်ပြီးတော့ ဘယ်လိုလုပ်ရမလဲဆိုတာကို သင်ခန်းစာအဖြစ် ပြည်သူတွေ အတွေ့အကြုံ တစ်ခုအနေနဲ့ သိသွားအောင်လို့ လုပ်ပေးပါမယ်။ နောက်ပိုင်းကျရင် ဒီဟာတွေ ကို ပိုပြီးချဲ့လာမယ်။ ဘယ်လိုချဲ့မယ်ဆိုတာက စီးပွားရေးလုပ်ငန်းတွေဘက်မှာ လည်း အများကြီးပိုပြီးတော့ ချဲ့မယ်။ နောက်တစ်ခုက ပညာရှာတဲ့ဘက်မှာ ကိုယ့်ရဲ့ အရည်အချင်းမြှင့်တင်ရေး၊ နောက်ပြီးတော့ အွန်လိုင်းကနေ စာအုပ်ငှားတာပေါ့။ အွန်လိုင်း စာကြည့်တိုက်ပုံစံမျိုးကို စပြီးတော့ လုပ်ပါမယ်။ နောက်အပတ်ကနေစပြီး ဒီဟာတွေကို စီစဉ်ထားတာဖြစ်ပါတယ်။ ပြည်သူတွေ အနေနဲ့ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။ ကြည့်လည်း ကြည့်စေချင်ပါ တယ်၊ လေ့လာစေချင်ပါတယ်။ အဲဒါက ကိုဗစ်ကာလတစ်ခုတည်းအတွက် မဟုတ်ပါဘူး။ ကိုဗစ်အလွန်ကာလမှာ ကိုဗစ်ကြောင့်ထိခိုက်ခဲ့တဲ့ စီးပွားရေး ပြန်ပြီး ဦးမော့လာဖို့ ဒီဟာတွေကို အားပေးဖို့လိုပါတယ်။
ကျွန်မတို့ပြည်သူတွေရဲ့ အရည်အချင်းတွေ၊ နည်းပညာ အရည်အချင်း တွေ မြှင့်တင်ပေးဖို့လိုပါတယ်။ မိုဘိုင်းဖုန်းတွေကို လက်တွေ့ကျကျနဲ့ ကိုယ့် စီးပွားရေးတိုးတက်ဖို့အတွက်၊ ကိုယ့်ရဲ့မိသားစုအတွက် ဘယ်လိုသုံးရမလဲ ဆိုတာကို နားလည်နိုင်ဖို့ကို ပံ့ပိုးပေးမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဒီလို ချိတ်ဆက်တဲ့အခါမှာ အစိုးရနဲ့ပြည်သူတွေကြား ချိတ်ဆက်တာမှာ၊ အစိုးရ ဌာနတွေနဲ့ ပြည်သူတွေအကြား ချိတ်ဆက်တာမျိုးတွေလည်း ပိုမိုပြီးတော့ လုပ်လာပါမယ်။
ပြောရမယ်ဆိုရင် ဥပမာ လိုင်စင်တွေ သွားယူတာဆိုရင် ကိုယ်တိုင်မသွား ရအောင် တချို့ကိုယ်တိုင်သွားပြီးတော့ လုပ်ရတဲ့ကိစ္စတွေ ကိုယ်တိုင်မသွား ဘဲနဲ့ အွန်လိုင်းကနေလုပ်နိုင်အောင် စသဖြင့်ပေါ့။ ဒါတွေလည်း ပညာပေး အစီအစဉ်တွေမှာ ပါနေမှာပါ။ ဒါတွေနဲ့ပဲ စီးပွားရေးကို တိုးတက်အောင် လုပ်မှာလားဆိုတော့ မဟုတ်ပါဘူး။ ကျွန်မတို့မှာ နိုင်ငံတော် စီမံကိန်းကြီး တွေလည်း အများကြီး စီစဉ်ထားတာရှိပါတယ်။ ဥပမာဆိုရင် နောက်လ ဒီဇင်ဘာလမှာ ကိုရီးယား- မြန်မာ စက်မှုဇုန်ကို လှည်းကူးမြို့နယ်မှာ စပြီး အုတ်မြစ်ချပါမယ်။ နောက် မကြာမီကာလမှာ မြန်မာ- စင်ကာပူ စက်မှု ဥယျာဉ်ပေါ့။ အဲဒါကလည်း လှည်းကူးမြို့နယ်မှာပါပဲ။ ဒါကိုလည်း စပြီးတော့ အကောင်အထည်ဖော်ပါမယ်။ နောက်ပြီးတော့ ဒဂုံမြို့သစ်ဘက်မှာဆိုရင် လည်း Smart and Eco City Project ပေါ့။ မြို့သစ်စီမံကိန်းတစ်ခုလို့ပဲ ပြောရမှာပေါ့။ နည်းပညာတိုးတက်မှုနဲ့ပြည့်ဝတဲ့ မြို့စီမံကိန်းတစ်ခုကို စပြီး အကောင်အထည်ဖော်ဖို့ရှိပါတယ်။
ဒီလိုစီမံကိန်းကြီးတွေ အကောင်အထည်ဖော်တဲ့အခါမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာရုံတင်မကဘူး။ ကျွန်မတို့ ပြည်သူတွေအတွက် အလုပ်အကိုင်ဖန်တီးမှုဘက်မှာ အင်မတန်မှ အရေးပါပါတယ်။ အလုပ်အကိုင် ဖန်တီးခြင်းအားဖြင့် ကိုဗစ်နောက်ပိုင်းကာလမှာ ပြည်သူတွေ တစ်ဦးချင်းရဲ့ စီးပွားရေးအခြေအနေ ဦးမော့လာအောင်လို့ ဒါတွေဟာ အထောက်အကူ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့် အခု ကိုဗစ်ရောဂါ နည်းနည်းပြန်ပြီး ပြန့်ပွားလာ တဲ့ကာလမှာ ရာသီဥတုက အေးလာလို့ ဒီရောဂါပိုးတွေ ပြန်ပြီးတော့၊ ပိုပြီးတော့ နည်းနည်းပြင်းထန်လာတဲ့ ကာလအတွင်းမှာ ကျွန်မတို့ ပြည်သူတွေက သတိထားစေချင်တယ်။ အားတင်းထားပါ။ ဒီဟာတွေကို ကျော်လွှားနိုင်မှာပါ။ ကျော်လွှားနိုင်တဲ့ အရည်အချင်းရှိတယ်လို့ ကျွန်မယုံကြည်ပါတယ်။
ကျော်လွှားနိုင်မယ်ဆိုလို့ ပြောရမယ်ဆိုရင် ကိုဗစ်နဲ့ ပတ်သက်ပြီး ကာကွယ်ဆေးကဘယ်တော့ရမလဲ၊ ဘယ်တော့ထွက်မလဲဆိုတာ တချို့ ကတော့ သိချင်မှာပေါ့။ နောက်ဆုံးရတဲ့ သတင်းအရတော့ ဆေးဝါးထုတ်လုပ်မှု ကုမ္ပဏီကြီးတစ်ခုကဆိုရင် ကိုဗစ်နဲ့ပတ်သက်တဲ့ ကာကွယ်ဆေး ထုတ်လုပ် စမ်းသပ်တဲ့အဆင့်ဟာ ၉၇ ရာခိုင်နှုန်းရောက်နေပြီလို့ပြောပါတယ်။ တချို့က ဆိုရင် နောက်လလောက်ကစပြီးတော့ ဒီကုမ္ပဏီကနေ ထုတ်နိုင်မယ့် အနေ အထားရှိနိုင်တယ်လို့ တွက်ကြပါတယ်။ ဘယ်လိုပဲပြောပြောပေါ့။ ကုမ္ပဏီကြီး တစ်ခုကနေ စထုတ်နိုင်ပြီဆိုရင် တခြားကုမ္ပဏီတွေကလည်း ထုတ်ကြမှာပဲ။ ဒီတစ်ခုတည်း ထုတ်မှာမဟုတ်ပါဘူး။ ဒီကုမ္ပဏီကြီးက သူတို့နိုင်ငံသားကို တော့ အရင်ဦးစားပေးမှာပေါ့။ ဒါတော့ သဘာဝကျပါတယ်။ သို့သော်လည်း ကျွန်မတို့အနေနဲ့လည်း စောစောစီးစီးကာကွယ်ဆေးပေါ်ရင် ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုအဖွဲ့တွေရဲ့ အကူအညီနဲ့ မြန်မြန်ဆန်ဆန် ကျွန်မတို့ ပြည်သူတွေအတွက် ကာကွယ်ဆေးရအောင်လုပ်ဖို့ အစီအစဉ်တွေ လုပ်ထားပါတယ်။
ကာကွယ်ဆေးတွေ သိုလှောင်ဖို့၊ ဖြန့်ဖြူးဖို့၊ ထိုးပေးဖို့ အစီအစဉ်တွေ လည်း စပြီးလုပ်နေပါတယ်။ ဒါကြောင့် ပြည်သူတွေက ဒီကြားထဲမှာ ရောဂါ မရအောင်နေပါ။ ကာကွယ်ဆေး ပေါ်ခါနီးမှ ရောဂါရတယ်ဆိုရင် မကောင်းပါ ဘူး။ ဒါကြောင့် အားတင်းထားပါ။ ဂရုစိုက်ပါ။ တတ်နိုင်သမျှ ခရစ္စမတ်အချိန်၊ နှစ်သစ်ကူးအချိန်မှာ အပြင်မထွက်ကြပါနဲ့။ လူစုလူဝေးဖြစ်အောင် မနေကြ ပါနဲ့။ မလွှဲမရှောင်သာလို့ အပြင်ထွက်ရမယ်ဆိုရင် Mask တပ်ပါ။ ဖြစ်နိုင်ရင် Mask အပေါ်ကနေ ပလတ်စတစ်အကာ၊ Face Shield လို အကာတပ်စေ ချင်ပါတယ်။
ဒီအချိန်မှာ ကျွန်မတို့ အင်အားတွေကိုတော့ ထုတ်ရမှာပေါ့။ ဒါပေမယ့် ဒီအင်အားတွေက ရှိပြီးသားလို့ ယုံကြည်ပါတယ်။ အဲဒီတော့ ရှိတဲ့အင်အား တွေကို သုံးသင့်တဲ့အချိန်မှာ သုံးရမှာပေါ့။ အားလုံးပြည်သူတွေ အင်အား အပြည့်အဝနဲ့ ဆက်ပြီးတော့ ကိုဗစ်ရောဂါအောင်နိုင်ရေး ပြီးပြည့်စုံအောင်၊ ပြည့်ပြည့်စုံစုံ ဆုံးခန်းတိုင်ရောက်တဲ့အထိ ကြိုးစားကြပါလို့ ကျွန်မအနေနဲ့ ဆော်ဩချင်ပါတယ်။ အားလုံး ကျန်းမာချမ်းသာကြပါစေ။