COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ ပေးအပ်လှူဒါန်း


 

နေပြည်တော် အောက်တိုဘာ ၂၆


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၌ ကျင်းပရာ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ အတွင်းရေးမှူး(၂) ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က လက်ခံသည်။
ဝိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့
ရှေးဦးစွာ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက လှူဒါန်းရသည့် အကြောင်းရင်းကို ပြောကြားရာတွင် ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ဝန်ထမ်းများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်း များနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် အလှူ ငွေကျပ်သိန်း ၂၅၀ ကို မိမိတို့ ဝန်ထမ်းများအနေဖြင့် စေတနာသဒ္ဓါတရားရှိသည့်အလျောက် မည်သူတစ်ဦး တစ်ယောက်၏ တိုက်တွန်းမှုမျှမပါဘဲ တတ်အားသမျှ ဝိုင်းဝန်းစုပေါင်းလှူဒါန်းခဲ့ခြင်း ဖြစ်ပါကြောင်း၊ မိမိဌာန ဝန်ထမ်းတစ်ဦးချင်းစီ၏ စိတ်စေတနာမှ ဖြစ်ပေါ်လာသော အလှူဒါနဖြစ်သောကြောင့် မိမိဝန်ထမ်းများအတွက် များစွာ ဂုဏ်ယူပါကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံပညာကျောင်းများ၊ နည်းပညာနှင့် သက်မွေး ကျောင်း/သိပ္ပံများ၊ တက္ကသိုလ်များ၊ ဦးစီးဌာနများနှင့် ဝန်ကြီးဌာနမိသားစုများက စေတနာသဒ္ဓါတရား ထက်သန် စွာဖြင့် ငွေလှူဒါန်းခြင်း၊ နည်းပညာဆိုင်ရာပစ္စည်း Robot Trolley, Drone with Speaker, Thermometer, Hand Spray စသည်နှင့် အကူအညီပေးအပ်ခြင်း၊ Volunteer လုပ်အားဒါနပေးခြင်း စသည့်နည်းလမ်းမျိုးစုံဖြင့် ပါဝင်ကူညီ လှူဒါန်းပေးလျက်ရှိပါကြောင်း၊ ယနေ့တွင်လည်း ဝန်ကြီးရုံး နှင့် ဦးစီးဌာနများ၏ စေတနာအလျောက် လှူဒါန်းငွေကျပ် ၁၆၇ သိန်း ကို လှူဒါန်းခြင်းဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာ တွင် ယခုကဲ့သို့ ဝန်ထမ်းများက မည်သူတစ်ဦးတစ်ယောက်မျှ တိုက်တွန်းခြင်းမရှိဘဲ မိမိတို့၏ စေတနာအလျောက် လှူဒါန်းခြင်းသည် မွန်မြတ်လှပြီး မိမိအနေဖြင့် ကိုဗစ်-၁၉ နှင့် ပတ်သက်၍ ရှေ့တန်းမှဆောင်ရွက်နေသော ဆရာဝန်၊ သူနာပြု၊ ပညာရှင်များနှင့် စေတနာ့ဝန်ထမ်းများအားလုံး၏ကိုယ်စားလက်ခံခြင်းဖြစ်ပြီး ကျေးဇူးတင်ရှိပါကြောင်း၊ ဤလှူဒါန်းမှုအပြင် ကိုဗစ်-၁၉ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးလုပ်ငန်းများတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၏ လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဘက်စုံပံ့ပိုးမှုများသည် ရောဂါကူးစက်မှုများကို ထိန်းချုပ် သွားနိုင်ရန်အတွက် အဓိကကဏ္ဍမှ ပါဝင်သည် ဆိုသည့် အချက်ကို သိရှိစေလိုပါကြောင်း။
သို့ဖြစ်၍ လက်ကိုင်အသံချဲ့စက်များ အသုံးပြုကာ ကျန်းမာရေးအသိပညာပေးနှိုးဆော် ပြောကြားရာတွင် ဈေးများ၌ ဈေးရောင်းသူများမှ လည်းကောင်း၊ စက်ရုံ/ အလုပ်ရုံများ၌ စက်ရုံအလုပ်သမားများကလည်းကောင်း၊ ရပ်ကွက်/ ကျေးရွာများ၌ ရပ်ကွက်/ကျေးရွာလူကြီးများ နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူးများမှ လည်းကောင်း၊ ဘုန်းကြီးကျောင်းများ၌ ဘုန်းတော်ကြီးများက လည်း ကောင်း အစရှိသည်ဖြင့် ကိုယ်တိုင်ပါဝင်ပြောကြားပါက ပိုမိုထိရောက်ကာ လိုက်နာဆောင်ရွက်ကြမည်ဟု ထင်မြင် ပါကြောင်း၊ ပြောကြားရန် အချက်များကိုလည်း ဝန်ကြီး ဌာနမှ ရေးသားပြုစုပြီးဖြစ်ပါကြောင်း။
ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု
ဤကပ်ရောဂါကူးစက်မှုများ မည်မျှကြာစွာရှိနေမည် ဆိုသည့် အချက်မှာ ပြည်သူများ၏ ပူးပေါင်းဆောင်ရွက်မှု အတိုင်းအတာအပေါ် မူတည်နေပါကြောင်း၊ ပူးပေါင်း ဆောင်ရွက်မှုများလျှင် များသလို ရောဂါကူးစက်ဖြစ်ပွားမှု ကာလတိုတောင်းမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ် ရေးနည်းလမ်းများသည် အခြားအသက်ရှူလမ်းကြောင်း မှ တစ်ဆင့်ကူးစက်တတ်သော ရောဂါများကိုကာကွယ်နိုင် သဖြင့် ယခုကဲ့သို့ ဆောင်းဦးရာသီနှင့် ဆောင်းရာသီ တို့တွင် ဖြစ်ပွားကူးစက်သည့် “ရာသီတုပ်ကွေးရောဂါ” ကိုပါ ကာကွယ်နိုင်မည်ဖြစ်ပါကြောင်း ပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ဝန်ကြီးဌာန ဝန်ထမ်း များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် စေတနာရှင်များ စုပေါင်းလှူဒါန်းသည့် အလှူငွေကျပ်သိန်း ၂၅၀ နှင့် ပညာရေးဝန်ကြီးဌာန၊ အရာထမ်း၊ အမှုထမ်းများမှ စုပေါင်းလှူဒါန်းငွေကျပ် ၁၆၇ သိန်းတို့ကို ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက လက်ခံခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ သတင်းစဉ်