
ပါမောက္ခသိန်း၊ ဆေးတက္ကသိုလ်(၁) ရန်ကုန်
နှစ်တိုင်းလို နိုဝင်ဘာလလယ်နဲ့ ဒီဇင်ဘာလဆန်းလောက်ဆို မိမိတို့ ယူကေပညာတော်သင်သွားတုန်းက ကြုံတွေ့ခဲ့ရတာလေးတွေ အမြဲသတိရလေ့ရှိပါတယ်။ မိမိတို့ မြန်မာနိုင်ငံမှာ တပေါင်းလ / တန်ခူးလဆန်း ( မတ်လ / ဧပြီလဆန်း) မှာ ကြုံတွေ့လေ့ရှိတဲ့ အတွေ့အကြုံလိုပါပဲ။ ဧပြီလလယ် ၁၃ ရက်နေ့မှာ ကျရောက်တော့မယ့် အတာကူးတဲ့ သင်္ကြန်ပွဲတော်အတွက် အရပ်စကားနဲ့ပြောရရင် “သင်္ကြန်ပိုး” လေးတွေ ထကြတာပေါ့။ ဘယ်တော့မှ မရိုးနိုင်တဲ့ “တူးပို့၊ တူးပို့” အပါအဝင် သင်္ကြန်သီချင်းတွေကို လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ဈေးဆိုင်တိုင်းက ဖွင့်ကြ၊ ရေပက်ခံကားတွေငှားကြ၊ ပြင်ဆင်ကြ၊ သင်္ကြန်အလှပြကား၊ ပြိုင်ပွဲဝင်ကြမယ့် ကားတွေငှားကြ၊ ပြင်ဆင်ကြ၊ သံချပ်၊ အက၊ အလှ ပြိုင်ပွဲ ဝင်ကြမယ့် အသင်းအဖွဲ့တွေ ဆိုင်းတွေဗုံတွေ “တူးပို့” သံတွေနဲ့ အကတွေ သံချပ်တွေတိုက်ကြ ၊ ကလေးတွေ ရေပက်ဆော့ကစားဖို့ ရေပက်တဲ့ပိုက် ပြွန်ခွက် ၊ အဝတ်အစား၊ မျက်မှန်၊ မျက်နှာဖုံးတွေ အပြိုင်အဆိုင် တစ်နှစ်နဲ့တစ်နှစ်မတူအောင် ထွင်ကြ ရောင်းကြ၊ အခါတွင်းကို အလှူအတန်းကုသိုလ်ကောင်းမှု တရားဘာဝနာနဲ့ ကျော်ဖြတ်မယ့်သူတွေကလည်း လှုဒါန်းမယ့် လှူဖွယ်ပစ္စည်းတွေ စုဆောင်းကြ၊ တရားစခန်းဝင်ဖို့ စာရင်းပေး၊ ပြင်ဆင်ကြနဲ့ပေါ့။
ခရစ္စမတ်နဲ့ နယူးရီးယားပိုး
ထိုနည်းတူစွာပါပဲ၊ မိမိတို့ကြုံခဲ့တဲ့ ယူကေနိုင်ငံ အပါအဝင် ခရစ်ယာန်ဘာသာဝင် အများစုရှိကြတဲ့ အနောက်တိုင်းနိုင်ငံတွေမှာလည်း နိုဝင်ဘာလလောက် ကစပြီး “ခရစ္စမတ်နဲ့ နယူးရီးယားပိုး” ထကြတယ်၊ Christmas and New Year Mood လို့ ပြောနိုင်ပါတယ်။ အိမ်တွေ၊ ခြံတွေကို သန့်ရှင်းရေးတွေ လုပ်ကြ၊ အိမ်တွေ မှာ မီးအလှတွေဆင်ကြ၊ ထွန်းကြဖို့ ပြင်ဆင်ကြသလို အဲဒီကာလတွေမှာ မိဘ မိသားစုတွေရှိရာ ဒေသကိုသွား၊ မိသားစုဆုံစည်းကြဖို့၊ ခွင့်ယူကြဖို့၊ လုပ်ဖော်ကိုင်ဖက် တွေနဲ့ညှိကြ၊ လက်ဆောင်တွေပေးဖို့ဝယ်ခြမ်း၊ စုဆောင်း ကြလေ့ရှိပါတယ်။ စနေ၊ တနင်္ဂနွေလို Weekend အလုပ် ပိတ်ရက်တွေမှာ ဆိုရင်တော့ Down Town ခေါ်တဲ့ မြို့လယ်ခေါင်မှာ ဘာစည်ကားသလဲ မမေးနဲ့ပဲ။ ရှိသမျှ ဆိုင်တွေမှာ “CHRISTMAS SALE” ဆိုတဲ့ စာတန်းတွေ ဆွဲပြီး ဈေးတွေ လျှော့ရောင်း ၊ Christmas Song တွေ အပြိုင်အဆိုင်ဖွင့်၊ မီးဆိုင်းမီးတန်းတွေ အလှဆင် ထွန်းညှိ ကြတဲ့အပြင် ဈေးဝယ်လာတဲ့ ဖောက်သည်တွေကို ချောကလက်တို့၊ ကိတ်တို့၊ တချို့ဆို ဝိုင်တောင် ခွက်လေးတွေနဲ့ အခမဲ့ကျွေးကြ၊ တိုက်ကြနဲ့မို့ လူအတော် များများက အဲဒီမြို့လယ်ခေါင်မှာပဲ တစ်နေ့လုံး အချိန် ဖြုန်းကာနေကြ၊ လည်ကြ၊ စားကြ၊ သောက်ကြ၊ ဝယ်ကြ၊ ချမ်းကြနဲ့ ပျော်စရာကြီးပါပဲ။
ဒီနှစ် ၂၀၂၀ ကတော့ အားလုံးသိကြတဲ့အတိုင်း ၂၀၁၉ နှစ်ကုန်ခါနီး တရုတ်နိုင်ငံ ဝူဟန်ကစခဲ့ပြီး တစ်ကမ္ဘာလုံးပျံ့နှံ့ခဲ့တဲ့ COVID-19 ကမ္ဘာ့ကပ်ရောဂါ ကြီးကြောင့် လူစုလူဝေး လုပ်လို့ လုံးဝ ၊ လုံးဝ မဖြစ်တာ ကြောင့် တစ်ကမ္ဘာလုံးမှာ ဘာပွဲလမ်းသဘင်မှ လုပ်လို့ မရခဲ့၊ မရသေးပါဘူး။ မိမိတို့နိုင်ငံမှာဆိုရင်လည်း မတ်လမှာ ပထမဆုံး ကိုဗစ်ပိုးရှိလူနာ စတွေ့ခဲ့ပြီး ဒီရောဂါဟာ လူလူချင်းသာ ကူးတဲ့ရောဂါ ၊ ကူးရင်လည်း Droplet infection ခေါ်တဲ့ အသက်ရှူလမ်းကြောင်း ကထွက်လာတဲ့ အမှုန်အမွှားကတစ်ဆင့် ကူးတာ၊ လူတွေ (အဲဒီအချိန်တုန်းက သိထားကြတာက ) တစ်ဦးနဲ့တစ်ဦး ၃ ပေအတွင်း အကာအကွယ်မရှိဘဲ ပူးကပ်နေထိုင်ကြ ရင် ကူးနိုင်တာတွေ စသိခဲ့ကြတဲ့အချိန်ပါ။
ကိုဗစ်နဲ့အားလပ်ရက်တွေ
နောက်ရက်ပိုင်းအတွင်းမှာ ရက်ရှည်သင်္ကြန် ရုံးပိတ်၊ အားလပ်ရက် ရှိလာ၊ ရလာကြတော့မယ်အချိန်၊ အပေါ်မှာ ပြောခဲ့သလိုပဲ ရာသီချိန် သင်္ကြန်ပိုးတွေနဲ့ Long Holiday ကို နည်းအမျိုးမျိုးနဲ့ လူစုလူဝေးနဲ့ ကုန်ဆုံး ကျော်ဖြတ် ကြဖို့ စိုင်းပြင်းနေကြတဲ့အချိန်ပါ။ အဲဒီတုန်းက နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ဦးဆောင်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ရက်ရှည်ရုံးပိတ်ရက် အတွင်းမှာ လူစုလူဝေးမဖြစ်ကြရအောင် ကျန်းမာရေး ရှုထောင့်အရ နှစ်စဉ်လို ရေသဘင်ပွဲဆင်နွှဲမှု မလုပ်ကြ စေဖို့၊ ရေပက်ခံကား ၊ ရေပက်မဏ္ဍပ်၊ အလှပြမဏ္ဍပ်များ မပြုလုပ်ကြဖို့၊ လူစုလူဝေးဖြစ်နိုင်တဲ့အခါတွင်း တရား စခန်းများ အလှူသဘင်ပွဲများကိုပင် မပြုလုပ်ကြဖို့၊ လူ အများ အရေးပေါ်အခြေအနေမှလွဲ၍ လုံးဝ အိမ်ပြင် မထွက်ကြဘဲ “ Strict Stay Home ” နေကြဖို့၊ ရပ်ကွက် တစ်ခုမှတစ်ခု၊ မြို့တစ်မြို့မှတစ်မြို့ ကူးလူး ဆက်ဆံ သွားလာမှုလုံးဝမလုပ်ကြဖို့ အသိပေး နှိုးဆော်ညွှန်ကြားခဲ့ သလို အများပြည်သူလူထုကလည်း စည်းကမ်းရှိရှိ စနစ် တကျ လိုက်နာကျင့်သုံးခဲ့ကြတာကြောင့် မိမိတို့နိုင်ငံ အနေနဲ့ ကိုဗစ်ပထမလှိုင်းမှာ အထိအခိုက် အသေ အပျောက်နည်းခဲ့တာကို အားလုံးမှတ်မိကြမယ်ထင်ပါ တယ်။ ဘာသာရေးအကြောင်းပြပြီး စုဝေးခဲ့ကြတဲ့ အခမ်းအနားတွေကနေ ကူးစက်မှုတချို့ရှိခဲ့လို့ လိုအပ်တဲ့ အရေးယူဆောင်ရွက်မှုတွေလည်း ဆောင်ရွက်ခဲ့ကြရတာ ရှိခဲ့ပါတယ်။
အဲဒီလိုနဲ့ ဩဂုတ်လလယ်အထိ ပိုးတွေ့လူနာ(၃၇၄) ဦး ၊ သေဆုံးသူ ၆ ဦးနဲ့ ကမ္ဘာနဲ့ အာဆီယံမှာ မျက်နှာ ပန်းလှလှနေခဲ့ကြရာကနေ ဒုတိယလှိုင်းလို့ခေါ်ရမယ့် အချိန် ဩဂုတ်လကုန်၊ စက်တင်ဘာလကစ၍ ကူးစက် မှု အလွန်မြန်ပြီး (ပိုပြင်းတယ်လို့ တချို့က လက်ခံကြတဲ့) ကိုဗစ်ပိုးရဲ့ မျိုးရိုးဗီဇ ( D 614 to G 614သို့) ပြောင်း တာရယ်၊ လူထုရဲ့ သတိလက်လွတ် နေထိုင်ပြုမူကြတဲ့ အလေ့အကျင့်၊ စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာကြတော့တဲ့ အခြေအနေ တွေကြောင့် နိုင်ငံရဲ့ အနောက်တံခါးနဲ့ အဲဒီ ပြည်နယ်ကနေ ရန်ကုန်နဲ့ တစ်နိုင်ငံလုံးကို မထိန်းမသိမ်းနိုင်တဲ့အထိ ပျံ့နှံ့ သွားကာ ၂၀၂၀ ဒီဇင်ဘာလ ၂၃ ရက် ကိန်းဂဏန်းအရ ပိုးတွေ့လူနာ ၁၁၈၈၆၉ ဦး၊ သေဆုံး လူနာ ၂၅၀၇ ဦးနဲ့ အာဆီယံနိုင်ငံတွေထဲမှာ ပိုးတွေ့ရော ၊ သေဆုံးပါ တတိယ နေရာရောက်နေအောင် ဝမ်းနည်းဖွယ် ရင်ဆိုင်ကြုံတွေ့နေ ကြရတာပါ၊
လူစုလူဝေးနဲ့ပိုးကူးစက်မှု
ကမ္ဘာ့နိုင်ငံအတော်များများမှာလည်း အလားတူအဖြစ် တွေ ကြုံခဲ့ကြရပါတယ်။ အထူးသဖြင့် ခရစ်ယာန်ဘာသာ ဝင်တွေရဲ့ ကျေးဇူးတော်ချီးမွမ်းခြင်းနေ့ ( Thanksgiving Day) အချိန်ကဖြစ်ခဲ့တာပါ။ အဲဒီ Thanksgiving Day က တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကျင်းပတဲ့ရက်တွေ မတူကြပါဘူး။ ဒီထဲက နိုင်ငံနှစ်နိုင်ငံအကြောင်းပဲ အနည်းငယ်ဖော်ပြပါမယ်။
ကနေဒါနိုင်ငံမှာ အောက်တိုဘာလ ၁၂ ရက်မှာ ကျင်းပခဲ့ပြီး အမေရိကန်နိုင်ငံမှာတော့ နိုဝင်ဘာလ ၂၆ ကြာသပတေးနေ့ကစပြီး ၂၉ ရက် တနင်္ဂနွေနေ့အထိ ပြုလုပ်ခဲ့ကြပါတယ်။ အဲဒီ နှစ်နိုင်ငံလုံး အဲဒီပွဲတော်အပြီး မှာ ကိုဗစ်ရောဂါကူးစက်မှုနှုန်းရော ၊ ကိုဗစ်ရောဂါနဲ့ ဆေးရုံ တက်ရတဲ့လူနာရော သေဆုံးတဲ့လူနာပါ ပွဲတော်မတိုင်မီ ကထက် ပိုများလာတာကို စာရင်းဇယားတွေနဲ့ ဖော်ထုတ် တင်ပြထားကြပါတယ်။ အမေရိကန်နိုင်ငံမှာဆို မက်ဆာ ချူးဆက်ပြည်နယ်၊ နော့ကရိုလိုင်းနားပြည်နယ်၊ တင်နက် (စ)ဆီ ပြည်နယ်နဲ့ နယူးဂျာစီပြည်နယ်တွေမှာ သိသိ သာသာ တိုးလာတာဟာ လူစုလူဝေး စုမိပြီး သတ်မှတ် ထားတဲ့ ကာကွယ်မှုတွေ မလုပ်ကြလို့ဆိုတာ သာဓကပါပဲ။
မိမိတို့နိုင်ငံမှာ ဒုတိယလှိုင်းအစကနေပြီး ကိုဗစ်ရောဂါ ဆိုးကြီးကို အားလုံးက စိတ်တူ လက်တူ ခုခံတိုက်ခိုက်နေကြ ပေမယ့် အမှန်အတိုင်းဝန်ခံရရင် အောင်မြင်တဲ့ အခြေအနေ မရောက်ရှိ၊ မရရှိသေးပါဘူး။ နိုင်ငံတော်နဲ့ တာဝန်ရှိသူတွေ က ရောဂါဖြစ်တဲ့ ၊ ခံစားရတဲ့ လူနာတွေကို အသက်ကယ်နိုင် အောင်၊ ခံစားရတာတွေ လျော့နည်းအောင်၊ နည်းစနစ် ကျကျ အဆင့်ဆင့်သော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းအဆင့်ဆင့်၊ စေတနာ့ဝန်ထမ်း (Volunteer) အဖွဲ့ အစည်းတွေ၊ လူတွေနဲ့ စေတနာရှင်၊ အလှူရှင်တွေရဲ့ အင်အားတွေနဲ့ ဆောင်ရွက်နေသလို တစ်ဖက်မှာလည်း ရောဂါပိုပြီး မကူးစက်၊ မပြန့်ပွားရလေအောင် နည်းလမ်း ပေါင်းစုံနဲ့ ဆောင်ရွက်နေပြီး အများပြည်သူကိုလည်း မဖြစ် မနေ လိုက်နာရမယ့် ……
(၁) မလိုအပ်ရင် အိမ်ပြင်လုံးဝမထွက်ဘဲ အိမ်ထဲ မှာပဲနေ( Stay Home)၊
(၂) မဖြစ်လို့ အိမ်ပြင်ထွက်ရရင် တစ်ယောက်နဲ့
တစ်ယောက် အနည်းဆုံး (၆) ပေခွာနေ (SocialDistancing)၊
(၃) အပြင်ထွက်တိုင်း နှာခေါင်းစည်း၊ ပါးစပ်စည်း ကို( မေးစေ့မှာ ချိတ်မထားဘဲ) စနစ်တကျ တပ်၊ ပြီးရင် လည်း စနစ်တကျ စွန့်ပစ် ( Wearing Masks and proper disposal ၊
(၄) လက်ကို ဘာနဲ့မှ မထိမိအောင် အထူးဂရုစိုက်ပြီး တစ်ခုတစ်ခုနဲ့ ထိပြီးတိုင်း ၊ အပြင်က ပြန်လာတိုင်း သတိရ တိုင်း ဆပ်ပြာ သို့မဟုတ် Alcohol ၆၀% နဲ့ အထက်ပါတဲ့ လက်သန့်ဆေးရည်နဲ့ အနည်းဆုံး စက္ကန့်(၂၀) ကြာအောင် စနစ်တကျ ဆေး ( Hand washing and hand hygiene)
……စတဲ့ ငွေကုန်ကြေးကျသိပ်မများပေမယ့် သေချာ ပေါက် ရောဂါမဝင်အောင် ကာကွယ်စေမယ့် ကာကွယ်မှု နည်းလမ်းတွေ မမေ့မလျော့ ဆောင်ရွက်ကြဖို့ စဉ်ဆက် မပြတ် ပညာပေးနှိုးဆော်လျက်ရှိပါတယ်။
ဒီလို အတန်တန် စည်းကမ်းတွေထုတ်၊ တားမြစ်မှုတွေ လုပ်နေတဲ့ကြားထဲကပဲ လူ့သဘာဝကြောင့်ရော၊ သတိ လက်လွတ်မိကြလို့၊ ပေါ့ပေါ့ဆဆ တွေးတောခဲ့ကြလို့၊ ရွေးကောက်ပွဲအပြီး အောင်ပွဲခံခဲ့ကြတာ (အတန်တန်တား ခဲ့တာပါ)၊ တန်ဆောင်တိုင်ရက်ရှည် ရုံးပိတ်ရက်နဲ့ ရန်ကုန် တက္ကသိုလ်ရာပြည့်ပွဲတွေမှာ လူစုလူဝေးတွေ လုပ်ခဲ့မိကြ တာကြောင့် အထူးသဖြင့် ရန်ကုန်မြို့မှာ ပိုးတွေ့မှုနဲ့ သေဆုံးမှု တန်းနေရာက လျော့ကျရတော့မယ့်အချိန်မှာ မလျော့တော့ဘဲ တချို့ရက်တွေ ပိုများလာတာတောင်ရှိလာ လို့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် ပြောရတဲ့ အထိဖြစ်ခဲ့ပြီး အခုရက်မှာ နည်းနည်းပြန်ငြိမ်လာတဲ့ အခြေအနေပါ။
အခု ခရစ္စမတ်နေ့ရောက်ပြီ။ မကြာခင် ၂၀၂၀ နှစ် ဟောင်းကုန်ပြီး ၂၀၂၁ နှစ်သစ်ကူးတော့မှာပါ။ မိမိ ဒီဆောင်းပါးအစမှာ ဖော်ပြခဲ့သလိုပဲ ပုံမှန်ဆို “ခရစ္စမတ် ပိုး” (Christmas Mood) ထကြရတော့မယ့် အချိန်ကာလ ပေမယ့် ဒီနှစ်တော့ ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံမှာမှ နှစ်တိုင်းလို မဖြစ်နိုင်ကြတော့ပါဘူး။ နိုင်ငံတိုင်းလိုလိုမှာပဲ ဒီအတောအတွင်း ပိုများလာတဲ့ ပိုးကူးစက်ပြန့်ပွားမှုတွေ၊ ထပ်မံ တင်းကျပ်ထုတ်ပြန်လိုက်တဲ့ သွားလာမှု ကန့်သတ် ချက်တွေကြောင့် လူစုလူဝေးတွေနဲ့ ဝတ်ပြုဆုတောင်း ပွဲတွေ မလုပ်ကြဖို့ ကမ္ဘာအနှံ့ တပ်လှန့်နှိုးဆော်နေရတဲ့ အချိန်ပါ။
တိုက်တိုက်ဆိုင်ဆိုင်ပဲ (ပထမလှိုင်းမပြီးခင် ဒုတိယ လှိုင်းစခါနီးမှာ နိုင်ငံတွေမှာ ကြုံခဲ့ကြရသလိုပဲ) ယူကေ နိုင်ငံမှာ အခု မျိုးရိုးဗီဇပြောင်းလဲနေတဲ့ကိုဗစ်ပိုးကို တွေ့ နေကြရတာပါ။ စတွေ့တာက UK နိုင်ငံ Kent မြို့မှာပါ။ Cog-UK လို့ ခေါ်တဲ့ Covid-19 Genomic Consortium အဖွဲ့အစည်းဟာ ကမ္ဘာပေါ်မှာ ဒီကိုဗစ်ရောဂါပိုးရဲ့ မျိုးရိုးဗီဇ (Genomes) တွေရဲ့ အခြေအနေပြောင်းလဲမှု တွေနဲ့ပတ်သက်လို့ နာမည်အကြီးဆုံး၊ အကျွမ်းကျင်ဆုံး အဖွဲ့အစည်းကြီးပါ။ ကိုဗစ်ရောဂါပိုး သိန်းနဲ့ချီပြီး Genome တွေကို စူးစမ်းလေ့လာနေကြတာပါ။ အဲဒီ အဖွဲ့ကြီးရဲ့ ဦးဆောင်ပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ Professor Sharon Peacock အဆိုအရ Kent မြို့မှာ စတွေ့တယ် ဆိုပေမယ့် အဲဒီ case ဟာ တကယ့်ကို index case အဲဒီမြို့က လူနာဆီကပဲလား၊ တခြားမြို့/ နိုင်ငံတွေက ရောက်လာတာလားဆိုတာကို ကံသေကံမ မပြောနိုင်ပါ ဘူးလို့ ပြောထားပါတယ်။
UK နိုင်ငံ Wales မြို့က Professor Tom Connor ဆိုတဲ့ပညာရှင်ကတော့ အလားတူ မျိုးရိုးဗီဇပြောင်း ပိုးတွေဟာ တခြားနိုင်ငံတွေမှာလည်း ရှိနေနိုင်ပါတယ်၊ မတွေ့ကြသေးတာပဲဖြစ်မှာပါ၊ ယူကေနိုင်ငံက Survei- llance System ခေါ်တဲ့ စောင့်ကြည့် လေ့လာသုတေ သနလုပ်နေတဲ့ Cog-UK လို အဖွဲ့ကြောင့် စောစောသိတာ ပါလို့ ဆိုပါတယ်။ University of Cambridge မှ Professor Ravi Gupta ကလည်း ဒီပိုးအသစ်ဟာ နဂိုရှိ နေတဲ့ပိုးတွေထက် ကူးစက်မှု ပိုမြန်တာကို သေချာ ပေါက်တွေ့နေရပါတယ်၊ တောင်အာဖရိကမှာလည်း စတွေ့နေပါပြီလို့ ဆိုပါတယ်။ နယ်သာလန်၊ ဩစတြေးလျ၊ ဒိန်းမတ်နိုင်ငံတွေမှာလည်း တွေ့သလို သတင်းတွေ ထွက်လာပါပြီ။
အခု တွေ့နေကြတဲ့ မျိုးရိုးဗီဇအသစ် ကိုဗစ်ပိုးဟာ Mutation ဆိုတဲ့ ဗီဇပြောင်းတဲ့အခါမှာ ထူးခြားမှုကတော့ Gene ရဲ့ ၂၃ နေရာအထိ ပြောင်းလဲမှုဖြစ်နေပြီး အဲဒီထဲက ၁၇ နေရာဟာ Spike Protein ခေါ်တဲ့ ရောဂါ ပိုးက လူ့ခန္ဓာထဲက ကလာပ်စည်းတွေကို ချိတ်ဆက် တွယ်ကပ်တဲ့ ပရိုတိန်းနေရာမှာဖြစ်ကာ အဲဒီလို တစ်ကြိမ်တည်းမှာ အဲဒီလို အများကြီးပြောင်းတာ ဖြစ်ခဲတဲ့အဖြစ်လို့ ယူဆကြပါတယ်။ ပိုမိုကူးစက်မြန်တာ သေချာနေပြီး ရောဂါခံစားရမှုကို ပြင်းထန်မှုရှိမရှိ/ သေဆုံး မှု ပို/မပိုတော့ လေ့လာနေဆဲပါ။
D 614 ကနေ G 614 ပြောင်းစဉ်ကလည်း ကူးစက် မှုများပြီး မြန်သော်လည်း ပိုမပြင်းထန်ပါဘူးဆိုပြီး တစ်ဖက်ပိတ်ပြောခဲ့ကြတာ နားယောင်ခဲ့ကြလို့ ဒုက္ခလှလှ တွေ့ ခဲ့ကြပြီးပါပြီ။ ပိုကူးစက်တယ်ဆိုတာနဲ့ကို ( ခြောက် တယ်လို့ ပြောရင်လည်းခံပါမယ်) ပိုကြောက်သင့် ကြောက် ရမှာပါ။ ပိုကူးရင် ဆေးရုံရောက်တာပိုများ၊ သက်ကြီး ရွယ်အိုနဲ့ ရောဂါအခံရှိသူတွေ ပါလာရင် ပိုသေမှာပါ၊
ဆေးရုံနဲ့ ကျန်းမာရေးဝန်ထမ်းတွေ သေချာပေါက် ဝန်ပို ပိမှာပါ။ ဒါကြောင့် အခြားနိုင်ငံက ကျွမ်းကျင်ပညာ ရှင်တွေက ကူးစက်တာသာမြန်တာ၊ ပိုမပြင်းပါဘူး၊ ပိုမသေပါဘူးလို့ ထပ်ပြောရင်တောင် တာဝန်ရှိသူတွေက အရင်တစ်ခါ အဖြစ်မျိုးမဖြစ်အောင် စကားကို ထိန်းပြော ဖို့ လိုမှာပါ။
အထူးသဖြင့် N 501Y ဆိုတဲ့ ပရိုတိန်းမှာ အဓိက ဖြစ်တာပါ။ ဒီပိုးအသစ်ကို New Strain B.1.1.7 လို့ တချို့က ခေါ်ကြသလို တချို့ကလည်း VUI-202012/01 ( Variant under investigation :December 2020) လို့ပြောဆိုသုံးစွဲနေကြပါတယ်။ ဒီ ဗီဇပြောင်း New Strain B.1.1.7 ကြောင့် UK မှာ လောလောဆယ် London နဲ့ South East and East England မှာ အသွားအလာ ထိန်းချုပ်မှု ကာကွယ်ရေးအဆင့် Tier 2 ကနေ အမြင့်ဆုံး Tier 4 အထိ တိုးမြှင့်ထားရသလို ဥရောပနိုင်ငံအချို့က ယူကေက လေယာဉ်ခရီးတွေကို လောလောဆယ် ဝင်ခွင့် ပိတ်ထားပါတယ်။
အိမ်မှာပဲနေပါ
ဒီလိုအချိန်မှာ မိမိတို့အနေနဲ့လည်း အခုထက်ပိုပြီး သတိထားဂရုစိုက်ကြရတော့မှာပါ။ အခုပိုးကူးစက်မှုနဲ့ သေနှုန်းတန်းနေတဲ့ ( Plateau) အခြေအနေကနေ ပြန် မတက်အောင်၊ တဖြည်းဖြည်း ကျသွားအောင်လုပ်ဖို့ အဓိကကတော့ အများပြည်သူလူထုပါ။ မိမိတို့နိုင်ငံအနေ နဲ့ ၁၀ လနီးပါး ကျန်းမာရေးနဲ့တွဲပြီး ကြုံတွေ့နေရတဲ့ စီးပွားရေး၊ လူမှုရေး အခက်အခဲပြဿနာတွေအတွက် တချို့ကိစ္စတွေကို မဖြစ်မနေ စည်းကမ်းဘောင်တွေ အတွင်းက လျှော့ချ၊ ခွင့်ပြုရတော့မှာပါ။ အဲဒီလိုအချိန်မှာ ရောက်လာတော့မယ့် ရက်ရှည် ရုံးအလုပ်ပိတ်ရက်ရှည် ( ဒီဇင်ဘာ ၂၅, ၂၆,၂၇ ၊ ဒီဇင်ဘာ ၃၁, ဇန်နဝါရီ ၁,၂,၃,၄) တွေရယ်၊ သူများနိုင်ငံတွေမှာ စနေ၊ ပျံ့နေတဲ့ ဗီဇ ပြောင်းပိုးရယ် (မိမိတို့ဆီ လုံးဝ မရောက်နိုင်ဘူးလို့ ဘယ်သူမှ အာမမခံနိုင်ပါဘူး) တွေ့ကြရမယ့်အချိန်မှာ လောလောဆယ် အရေးအကြီးဆုံးက Holidays တွေမှာ …
(၁) အိမ်မှာပဲ နေပါ၊ (၂) အိမ်မှာပဲနေပါ၊ (၃) အိမ်မှာပဲနေပါ။
နာတာလူးပွဲတော်က မိမိအိမ်မှာ လောလောဆယ် ရှိနေတဲ့ မိမိ မိသားစုနဲ့ပဲ ကျင်းပတာကို ယေရှုခရစ်တော် နဲ့ သူတော်စင်တွေက သေချာပေါက် ကောင်းချီးပေးကြ မှာပါ။ TV / Video / Facebook အပါအဝင် Media ပေါင်းစုံက ဆုတောင်းမှုတွေကို ကြည့်ရှု၊ နားထောင်၊ တုံ့ပြန်ကြပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာရေးအပြည့်နဲ့ ခရစ္စမတ်ကာလကို ဖြတ်ကျော်စေချင်ပါတယ်။ December 26 Boxing Day အတွက်လည်း ကျန်းမာရေး ရှုထောင့်က အကြံကောင်းလေး ပေးပါရစေ။ မိမိက ငယ်ငယ်ကတည်းက မြို့မအမျိုးသားကျောင်းထွက်မို့ ခရစ်ယာန်ဘာသာအကြောင်း ဂဃနဏ မသိပါဘူး။ အတန်းဖော် သူငယ်ချင်းကို ဘာလို့ Boxing day လို့ ခေါ်တာလဲလို့မေးဖူးတော့ သူငယ်ချင်းပညာရှိက Christmas Day မှာ တချို့တွေက အပျော်လွန်၊ အသောက်လွန်၊ အမူးလွန်ပြီး နောက်တစ်နေ့မှာ အမူးမပြေသေးလို့ စကားများကြ၍ Boxing ထိုးကြရာက ဖြစ်တယ်လို့ ပြောတာကို ဖြီးတယ်ဆိုတာ သိခဲ့ပါတယ်။ နောက်ပိုင်းမှ Christmas Day မှာ မိသားစုတွေ၊ ခင်မင်တဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီက Present ရတဲ့ လက်ဆောင် Box တွေကို ဖွင့်တဲ့နေ့လို့ သိခဲ့တာပါ။ ( မူကွဲ ရှိနေနိုင်ပါ သေးတယ်နော်)ပြောချင်တဲ့အချက်က အဲဒီလို လက်ဆောင် အထုပ်တွေ ရောက်လာရင် အရက်ပြန်လို ပိုးသတ်ဆေးတွေ ဖျန်းထားဖို့၊ Box တွေ ဖြေရင်၊ ဖွင့်ရင် (ရှိခဲ့ရင်) လက်အိတ် စွပ်ပြီးမှ ဖွင့်ဖို့၊ ဖွင့်ပြီးရင် လက်ကိုဆပ်ပြာနဲ့ စက္ကန့် ၂၀ ကျော် သေသေချာချာ ဆေးဖို့၊ လက်ကို မျက်နှာ ၊ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တွေနဲ့ လုံးဝမထိဖို့ အရေးကြီး ပါတယ်။
အထူးဂရုစိုက်ကာ နှစ်သစ်ကိုဖြတ်သန်းပါ
နောက်တစ်ချက်က လူငယ်လူရွယ်( တချို့လူလတ် လူကြီးတွေလည်း ပါနိုင်ပါတယ်)တွေ တစ်နှစ်တစ်ခါ စောင့်မျှော်နေကြတဲ့ New Year Count Down ပါ။ အား မနာတမ်းပြောရရင် ဘယ်သူမှ Count Down မလုပ်လည်း 2020 က 2021 ကို ရောက်ကိုရောက်မှာပါ။ ပုံမှန်အားဖြင့် ရေဒီယို၊ တီဗွီတွေက Count Down လုပ်ပေးကြလေ့ရှိပါ တယ်။ Times Square တို့ ၊ Talgalfar Square တို့၊ ပြည်သူ့ရင်ပြင်တို့၊ အင်းလျားကန်ပေါင်တို့၊ မိုင်ဒါကွင်း တို့မှာ ည ၁၂ နာရီ သံစဉ်ထိုးပြီး “ Happy New Year” အော်မှ နှစ်ကူးတာ မဟုတ်သလို လာမယ့်နှစ်က မင်္ဂလာ အပေါင်း ခညောင်းမှာ မဟုတ်တာကို အားလုံးသိကြ မှာပါ။
ဒီလိုအချိန်မှာ ဘယ်သူမဆို ( အထူးသဖြင့် လူငယ် လူရွယ်တွေ) ရောဂါလက္ခဏာ မခံစားရပေမယ့် ရောဂါပိုး ရှိနေနိုင်တာမို့ အဲဒီလိုလူတွေနဲ့ ဒီ Long Holidays တွေမှာ လူစုလူဝေးထဲနေခဲ့၊ တွေ့ခဲ့ရင် ကိုယ်ကိုယ်တိုင်ရော၊ အိမ်က သက်ကြီးရွယ်အို မိဘ ဆွေမျိုးတွေပါ ရောဂါရပြီး အသက် ပါ ဆုံးနိုင်တာမို့ အခုပြောခဲ့တဲ့အချက်တွေကို အထူး ဂရုစိုက်၊ ရှောင်ကြဉ်၊ လိုက်နာကြပြီး မင်္ဂလာရှိသော ခရစ္စမတ်နဲ့ ပျော်ရွှင်ဖွယ်ကောင်းသော နှစ်သစ် ( A Merry Christmas and a Happy New Year 2021) ဖြစ်ကြပါ စေဖို့ ဆုမွန်ကောင်းတောင်း မေတ္တာပို့အပ်ပါတယ် ခင်ဗျား။ ။
- Log in to post comments