COVID - 19 ကပ်ရောဂါ၏ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍအပေါ် ထိခိုက်မှုများနှင့် လတ်တလောဖြေရှင်းမှုများအပါအဝင် ငါးစားသုံးမှုမြှင့်တင်ရေး

Type
5

 

 

ဒေါက်တာအောင်နိုင်ဦး(ငါးလုပ်ငန်းဦးစီးဌာန)

 

 

ယမန်နေ့မှအဆက်

မြန်မာနိုင်ငံ၏ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍ အပေါ်စီးပွားရေးထိခိုက်မှုများ ပြန်လည်ထူထောင်ရေး အစီအစဉ်များအနေဖြင့် COVID -19 Economic Relief Plan (CERP) ပါ Action Plan အရ COVID–19 ကာလ အတွင်း ငါးမွေးမြူရေးကဏ္ဍအပေါ် ထိခိုက်ဆုံးရှုံးမှုများကို ပြန်လည်ထူထောင်ရန်နှင့်အလုပ်အကိုင်၊ အခွင့်အလမ်း များ တိုးတက်ရရှိစေရန်အတွက် တိုင်းဒေသကြီး/ပြည်နယ် များရှိ ငါးမွေးတောင်သူဦးရေ ၁၁၀၃၁ ဦး၊ ငါးမွေးကန်ဧက ၁၅၀၀၀၀ ၊ ငါးသားပေါက်ကောင်ရေ ၂၇၉၀ ဒသမ ၇၁ သိန်းကို ပံ့ပိုးပေးနိုင်ခဲ့ပါသည်။ ငါးဖမ်းဆီးခြင်းလုပ်ငန်း အား အထောက်အပံ့ဖြစ်စေရေးအတွက် “ပင်လယ်ငါးဖမ်း ရေယာဉ်ရေလုပ်သားများအတွက် လုပ်ငန်းခွင်ကျန်းမာရေး နှင့် အသက်အန္တရာယ်ကင်းရှင်းရေး (Safety at Sea) သင်တန်း”အား ငါးမဖမ်းရကာလဖြစ်သည့် ဇွန်၊ ဇူလိုင်နှင့် ဩဂုတ်လများတွင် ကမ်းရိုးတန်းဒေသများဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရခိုင်ပြည်နယ် တို့တွင် သင်တန်းစုစုပေါင်းအကြိမ် ၃၀ နှင့် သင်တန်းသား စုစုပေါင်း ၁၂၆၈ ဦးတို့အား သင်တန်းဖွင့်လှစ်ပို့ချပေးနိုင် ခဲ့ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနမှ သက်ဆိုင်ရာဝန်ကြီး ဌာနများ ချေးငွေသတ်မှတ်ချက်များနှင့်အညီ SME ချေးငွေရရှိရေးအတွက် ချိတ်ဆက်ပေါင်းစပ် ဆောင်ရွက် ပေးခဲ့ပါသည်။

ကိုဗစ်ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလတွင် အများပြည်သူများသည် မိမိတို့အိမ်အတွင်း၌ နေထိုင် ကြရသဖြင့် စားသုံးသောအစားအစာများမှ အာဟာရဓာတ် မျှတစွာရရှိရေး ဂရုပြုစားသောက်ကြရပြီး ငါးစားသုံးပေး ခြင်းဖြင့်လည်း ငါးအာဟာရတွင်ပါဝင်သော အထူးသဖြင့် ဗီတာမင်- ဒီနှင့် ဇင့်ဓာတ်ကိုရရှိ၍ ရောဂါပိုးများခုခံ ကာကွယ်ရန် ကိုယ်ခံစွမ်းအားကောင်းမွန်ရေးအတွက် အထောက်အပံ့ဖြစ်စေပါသည်။ ငါးရိက္ခာသည် အများ ပြည်သူဈေးနှုန်းသင့်တင့်စွာဖြင့် မြန်မာနိုင်ငံ၏ ဒေသ အများစုမှာ လက်လှမ်းမီနိုင်သော စားသောက်ကုန် ဖြစ်ပါသည်။ များမကြာသေးမီနှစ်များမှာ ရရှိခဲ့သော သတင်းအချက်အလက်များအရ ငါးစားသုံးမှုအနေဖြင့်မြန်မာနိုင်ငံ၏ တောင်ဘက်ပိုင်း၊ မြေနိမ့်ပိုင်းနှင့် အနောက် ဘက်ပိုင်းဒေသများမှာ အမြင့်ဆုံးဖြစ်ပြီး လူတစ်ဦးချင်း တစ်နှစ်လျှင် ငါးစားသုံးမှုမှာ ၁၉ ဒသမ ၄ ကီလိုဂရမ်မှ ၂၅ ဒသမ ၁ ကီလိုဂရမ်အထိ ရှိပါသည်။ ငါးစားသုံးမှု အနိမ့်ဆုံးဒေသများကတော့ အလယ်ပိုင်း၊ မြောက်ပိုင်းနှင့် အရှေ့ဘက်ပိုင်းတို့ဖြစ်ပြီး လူတစ်ဦးကို တစ်နှစ်လျှင် ပျမ်းမျှ ၈ ဒသမ ၅ ကီလိုဂရမ် စားသုံးကြပါသည်။ ငါးစားသုံးမှုပုံစံအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ငါးခြောက်နှင့် အေးခဲပြုပြင်ထားသည့် ငါးများ ကို စားသုံးခြင်းက အမြင့်ဆုံးဖြစ်ပြီး ငါးစားသုံးမှု စုစုပေါင်း ၏ ၃၄ ရာခိုင်နှုန်းရှိပါသည်။ ငါးလတ်လတ်ဆတ်ဆတ် စားသုံးမှုအနေဖြင့် ရေချိုငါးဖမ်းလုပ်ငန်းမှ ငါးစားသုံး မှုသည် ငါးစားသုံးမှုစုစုပေါင်း၏ ၂၇ ရာခိုင်နှုန်းရှိပြီး ငါးမွေးမြူရေးလုပ်ငန်းမှ ၂၁ ရာခိုင်နှုန်းနှင့် ရေငန်ငါးဖမ်း လုပ်ငန်းမှ ၁၈ ရာခိုင်နှုန်းရှိကြောင်း သိရှိရပါသည်။ ငါးမွေးမြူရေးလုပ်ငန်းမှထွက်ရှိသော ငါးထုတ်ကုန်များ စားသုံးမှုသည် မြေနိမ့်ပိုင်းဒေသတွင် အများဆုံးဖြစ်ပြီး လူတစ်ဦးချင်းအနေဖြင့် တစ်နှစ်ကို ၅ ဒသမ ၅ ကီလိုဂရမ် စားသုံးကြောင်း လေ့လာသိရှိရပါသည်။

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်၍ ၈-၅-၂၀၂၀ ရက်နေ့ ၁၆:၀၀ နာရီအချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟို ကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ကြိုတင်ကောက်နုတ် ချက်လမ်းညွှန်ချက်များမှ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ရေးကာလတွင် ငါးစားသုံးခြင်းသည် ကျန်းမာရေး (အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်ရေး)အတွက် အကျိုးရှိကြောင်း ပြည်သူများသိရှိစေရေး လှုံ့ဆော် ဆောင်ရွက်ရေးအနေဖြင့် ငါးလုပ်ငန်းဦးစီးဌာနသည် အသိပညာပေးပိုစတာနှင့် လက်ကမ်းစာစောင်များ ပြုစု ပြင်ဆင်ပြီး ဖြန့်ဝေအသိပေးခြင်းဆောင်ရွက်ခဲ့ပါသည်။ ငါးလုပ်ငန်းဦးစီးဌာနနှင့် GIZ တို့ ပူးပေါင်းဆောင်ရွက် လျက်ရှိသော မြန်မာ့ရေသတ္တဝါမွေးမြူရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအစီအစဉ်စီမံကိန်း (Myanmar Sustainable Aquaculture Programme-MYSAP) မှ ဆောင်ရွက် လျက်ရှိသည့် အာဟာရပညာပေးလုပ်ငန်းရပ်များနှင့် ဆက်စပ်ပြီး ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေးကာလ တွင် ငါးစားသုံးခြင်းသည်ကျန်းမာရေး (အထူးသဖြင့် ကိုယ်ခံအားကောင်းမွန်ရေး)အတွက် အကျိုးရှိကြောင်း ပြည်သူများသိရှိစေရေး ဗီဒီယိုရိုက်ကူး၍ ထုတ်လွှင့်ခဲ့ ပါသည်။

CESD မှ စီးပွားရေးပညာရှင်ဖြစ်သူ ဒေါက်တာ ဇော်ဦးက MYSAP စီမံကိန်းအစီအစဉ်ဖြင့် ငါးမွေးမြူရေး ကဏ္ဍအပေါ် ကိုဗစ် - ၁၉ ရောဂါ၏ သက်ရောက်မှုအပိုင်း ကို အကဲဖြတ်မှုနှင့် ၂၀၂၀ ပြည့်နှစ် ဇွန်လမှ ဩဂုတ်လ အတွင်း အသေးစား၊ အလတ်စားနှင့် အကြီးစားငါးမွေး တောင်သူများနှင့် အကဲဖြတ်မှုများဆောင်ရွက်ခဲ့ရာ တွေ့ရှိ ချက်များအနေဖြင့် ထုတ်လုပ်မှုပမာဏသည်လည်း ဝယ်လို အားကျဆင်းမှုကြောင့် ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် ကျဆင်းသွားခြင်း၊ ၆၀ ရာခိုင်နှုန်းနီးပါးရှိသော လုပ်ငန်းရှင် အများစုသည် ထုတ်လုပ်မှုပမာဏ လျော့ကျခြင်းနှင့် ကြုံတွေ့ခဲ့ရခြင်း၊ ကိုဗစ်- ၁၉ ရောဂါမဖြစ်ခင်ကာလများနှင့် နှိုင်းယှဉ်လျှင် သွင်းအားစုများရရှိခြင်း၊ စျေးကွက်အတွင်း ဝင်ရောက်နိုင်ခြင်း၊ ကြွေးမြီများရရှိခြင်းစသည့် အပိုင်း များတွင် ကြန့်ကြာမှုများ မကြာခဏကြုံတွေ့ရခြင်း၊ အလတ်စားနှင့် အကြီးစားလုပ်ငန်းရှင်များမှာ အသေးစား လုပ်ငန်းရှင်များထက် ပိုမိုခံစားခဲ့ရခြင်း၊ လုပ်ငန်းရှင်များ အကြား ငွေကြေးဆုံးရှုံးမှုမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ် ကြည့်ပါက ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်နေသည်ကိုတွေ့ရခြင်း၊ ကိုဗစ်- ၁၉ ရောဂါ၏ ရိုက်ခတ်မှုဒဏ်ကို များစွာခံရသော် လည်း ငါးမွေးမြူရေးလုပ်ငန်းကွင်းဆက်၏ တန်ဖိုးမှာ ကြံ့ကြံ့ခံတည်တံ့နေသည်ကို တွေ့ရှိရခြင်း၊ အရေးအကြီး ဆုံးစိန်ခေါ်မှုမှာ စျေးမရခြင်း၊ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး စိန်ခေါ်မှုများရှိခြင်း၊ စျေးနှုန်း နိမ့်ကျခြင်းနှင့် ဝယ်လိုအားနည်းခြင်းတို့ကြောင့် ငါးမွေးမြူ သူများ၏ ဘဏ္ဍာရေးအခြေအနေသည် တည်ငြိမ်မှုမရှိဘဲ ငွေကြေးစီးဆင်းမှုနှေးကွေးခြင်း နေအိမ်ပြင်ပမထွက် ရခြင်းနှင့် ခရီးသွားလာမှုတားမြစ်ထားခြင်းတို့ကြောင့် သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုများ၏ အခြေအနေကို ပိုမိုဆိုးရွားလာခြင်း၊ ထုတ်ကုန်များ မရောင်းချရခြင်းကြောင့် စုပုံလာခြင်း၊ အအေးခန်းသိုလှောင်ရုံများသည်လည်း စွမ်းဆောင်ရည် ပြည့်ဝစွာ မလည်ပတ်နိုင်ခြင်းတို့ဖြစ်ကြောင်း လေ့လာ သိရှိရပါသည်။

ငါးဖမ်းဆီးထုတ်လုပ်ခြင်းလုပ်ငန်း၌လည်း ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်ပြီး ငါးမဖမ်းရ ရာသီပိတ်သိမ်းကာလကျော်လွန်၍ ပင်လယ်ပြင်ငါးဖမ်းဆီး ခြင်းများကို ဆောင်ရွက်ခဲ့ကြသော်လည်း များမကြာသေး မီကာလက မြန်မာ့ပင်လယ်ရေထွက်ကုန်များ အားထား တင်ပို့နေသည် ထိုင်းနိုင်ငံ မဟာချိုင် ငါးဈေး၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်တားဆီးရေးအစီအမံများကြောင့် ပြည်ပ တင်ပို့မှုများ ထိခိုက်ခဲ့ရပါသည်။ ပြည်တွင်းဈေးကွက် အနေဖြင့်လည်း ကိုဗစ် - ၁၉ ရောဂါ ဒုတိယလှိုင်းကာလ အတွင်း မန္တလေးမြို့ ငါးဈေး၌ ရောဂါဖြစ်ပွားမှုများ တွေ့ရှိခဲ့သဖြင့် ရောဂါပြန့်ပွားမှုကာကွယ်ရေးအစီအစဉ်အနေဖြင့် ဈေးပိတ်သိမ်းခြင်းများ လုပ်ဆောင်ခဲ့မှုအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် Stay at home အစီအစဉ်များ လုပ်ဆောင်ခဲ့သောကြောင့် မြန်မာနိုင်ငံမှ ငါးများပြည်ပတင်ပို့မှုနှင့် ပြည်တွင်းစားသုံးမှုများ ကျဆင်း ခဲ့ပါသည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ငါးအာဟာရစားသုံးမှု မြှင့်တင်ရေးလုပ်ငန်းများအနေဖြင့် ကဏ္ဍပေါင်းစုံပါဝင် သော အမျိုးသားအာဟာရဖွံ့ဖြိုးမှုဆိုင်ရာ ငါးနှစ်စီမံကိန်း (MS-NPAN) တွင် ငါးလုပ်ငန်းဦးစီးဌာနနှင့် MYSAP စီမံကိန်းတို့မှ ပူးပေါင်း၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ငါးလုပ်ငန်းဦးစီးဌာနသည် MYSAP စီမံကိန်းအစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တွင် ဆောင်ရွက်လျက်ရှိသော အာဟာရ ပညာပေးအစီအစဉ်များတွင် ငါးစားသုံးမှုကို ဦးတည်အုပ်စု များအကြား မြှင့်တင်ရန်ဆောင်ရွက်ခြင်း၊ ငါးစားသုံးမှု မြှင့်တင်ခြင်း ပညာပေးအခမ်းအနားများကို ပူးပေါင်း ဆောင်ရွက်ခြင်း၊ အစာအုပ်စုမျိုးစုံ စားသုံးရန်ပညာပေး ခြင်း၊ အထူးသဖြင့် ငါးသည်ကိုယ်ခန္ဓာတည်ဆောက်သော အစာအုပ်စုများအကြား အာဟာရမျိုးစုံပါဝင်၍ ဘေးကင်း သော အစာအာဟာရဖြစ်ကြောင်း ဂိမ်းကစားခြင်းများဖြင့် ပညာပေးခြင်း၊ အာဟာရဆိုင်ရာ ပညာပေးသရုပ်ဖော် ပြဇာတ်တင်ဆက်ကပြခြင်း၊ ငါးဟင်းချက်သရုပ်ပြသခြင်း၊ အထူးသဖြင့်ငါးဖြင့် ဖြည့်စွက်အာဟာရချက်ပြုတ်ပုံကို တင်ဆက်ခြင်း၊ မြွေလှေကားဂိမ်းနှင့် ဈေးဝယ်ပြိုင်ပွဲဂိမ်း ကစားခြင်းနှင့် ဉာဏ်စမ်းပဟေဠိမေးခွန်းများ မေးမြန်း ခြင်းတို့တွင် ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၂၀၁၉ ခုနှစ်အတွင်း ကျိုင်းတုံ၊ ပင်လောင်း၊ ရွှေဘို၊ ကလေး၊ အမရပူရ၊ ပုသိမ်နှင့် ရန်ကုန်မြို့တို့မှာ ငါးအာဟာရ ဆိုင်ရာ အသိပညာပေးပွဲများ ပြုလုပ်ပေးခဲ့ပြီး ငါးမွေးမြူ ရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် တိုးတက်လာစေရန် စီမံကိန်းဒေသများအပြင် အခြားသောဒေသများ၌ ငါးအာဟာရဆိုင်ရာ အသိပညာပေးခြင်းအနေဖြင့် “ငါးစား ခရီးဆက်ဘဝတစ်သက်” အာဟာရအသိပညာပေးရုပ်ပြ ကာတွန်းကို ပိုမိုဖြန့်ဝေနိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။

ရေထွက်ကုန်ပစ္စည်းများ ပြုပြင်ထုပ်ပိုးခြင်းဆိုင်ရာ နည်းပညာပေးခြင်းအနေဖြင့် ငါးခြောက်၊ ပုစွန်ခြောက်များ ပြုလုပ်ခြင်း၊ ငါးပိ၊ ပုစွန်ငါးပိများပြုလုပ်ခြင်း၊ ငါးငံပြာ ရည်ပြုလုပ်ခြင်း၊ ငါးချဉ်ပြုလုပ်ခြင်း၊ ငါးအသားလုံး၊ ငါးအူချောင်းများပြုလုပ်ခြင်း စသည်တို့ကို အစားအစာ ဘေးအန္တရာယ်ကင်းစေရေးနှင့် အရည်အသွေးကောင်းများ ထုတ်လုပ်နိုင်ရန် နည်းပညာပေးလျက်ရှိသည့်အပြင် ပြည်တွင်း/ ပြည်ပဈေးကွက်များအတွက် တင်ပို့မည့် မြန်မာ့ရေထွက်ကုန်များ အရည်အသွေးကောင်းမွန်ပြီး ဘေးအန္တရာယ်ကင်းသော စားသောက်ကုန်များဖြစ်ရေး ကိုလည်း ငါးလုပ်ငန်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိပါ သည်။

ငါးလုပ်ငန်းဦးစီးဌာနသည် ရေထွက်ပစ္စည်း ပြည်ပ တင်ပို့မှုအနေဖြင့် Border Trade စစ်ဆေးရေးစခန်းများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အောက်တိုဘာလမှ ဒီဇင်ဘာ လ ၂၇ ရက်နေ့အထိ ရေထွက်ပစ္စည်းတင်ပို့မှု တန်ချိန် ၁၂၀၇၆၃ ဒသမ ၅၉၉ မက်ထရစ်တန်နှင့် တန်ဖိုး ၁၂၃ ဒသမ ၁၇၆ ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ် အလားတူကာလထက် နှိုင်းယှဉ်လျှင် တန်ချိန် ၂၅၂၈၂ ဒသမ ၁၁၁ နှင့် တန်ဖိုး ၃၂ ဒသမ ၂၀၁ ဒေါ်လာသန်း လျော့နည်းတင်ပို့ခဲ့ပါသည်။ ထိုင်းနိုင်ငံသို့ ရေထွက် ပစ္စည်းတင်ပို့နေသော စစ်ဆေးရေးစခန်းများဖြစ်သည့် ကော့သောင်း၊ မြဝတီ၊ ထီးခီးနှင့် မောတောင်စစ်ဆေးရေး စခန်းတို့သည် ကာလတူနှင့် နှိုင်းယှဉ်ရလျှင် တန်ချိန်နှင့် တန်ဖိုးများ တိုးတက်တင်ပို့နိုင်ခဲ့ပြီး မြိတ်စစ်ဆေးရေး စခန်းတစ်ခုသာလျှင် တန်ချိန်နှင့် တန်ဖိုးများကျဆင်းခဲ့ ပါသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် အိန္ဒိယတို့သို့ ရေထွက် ပစ္စည်းတင်ပို့သော စစ်ဆေးရေးစခန်းများဖြစ်သည့် စစ်တွေ၊ မောင်တော၊ တမူးနှင့် ရိဒ်စစ်ဆေးရေးစခန်း တို့သည် ကိုဗစ်-၁၉ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် မတ်လမှစ၍ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့ဘက်ခြမ်းမှ ကုန်သွယ်မှုများရပ်ဆိုင်းထားခြင်းကြောင့် ရေထွက်ပစ္စည်း တင်ပို့မှု လုံးဝရပ်ဆိုင်းကာ ကာလတူထက် တန်ချိန်နှင့် တန်ဖိုးများလျော့နည်းကျဆင်းခဲ့ပါသည်။ တရုတ်နိုင်ငံ သို့တင်ပို့သော စစ်ဆေးရေးစခန်းများဖြစ်သည့် မူဆယ် နှင့် ချင်းရွှေဟော်စစ်ဆေးရေးစခန်းများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း တရုတ်နိုင်ငံဘက်ခြမ်းမှ ကန့်သတ်ခြင်း၊ ပိတ်ပင်ခြင်းများကြောင့် ရေငန်ငါး/ ပုစွန်မျိုးစုံ (Chilled Type/ Frozen Type)များမှာ တင်ပို့မှုများ လုံးဝရပ်နားထား ရခြင်းနှင့် ရေထွက်ပစ္စည်းအရှင်များဖြစ်သည့် ကဏန်း၊ ငါးရှဉ့်နှင့် ခရု တင်ပို့မှုများကိုလည်း ရံဖန်ရံခါပိတ်ပင်မှုများ ကြောင့် တန်ချိန်နှင့် တန်ဖိုးများ သိသာစွာလျော့နည်း ခဲ့ပါသည်။

သို့ဖြစ်၍ ငါးလုပ်ငန်းရေရှည်ဖွံ့ဖြိုးရေးအတွက် အက်ဖ်အေအို၏ အကြံပြုချက်ဖြစ်သည့် ကိုဗစ်-၁၉ ကပ်ရောဂါ၏ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးကဏ္ဍ အပေါ် ထိခိုက်မှုများကို လိုက်ပါပြောင်းလဲ လုပ်ဆောင် ချက် မဟာဗျူဟာတစ်ရပ်ဖြစ်သည့် ပြည်ပဈေးကွက်များ ကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်ပြီး ထုတ်လုပ်နိုင်စွမ်း၊ အရည်အသွေးနှင့် အစားအစာဘေးအန္တရာယ်ကင်းရေး စံနှုန်းများကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် ပြည်တွင်း ဈေးကွက် ခိုင်မာအားကောင်းလာစေခြင်း၊ ဒေသ၏ စားသုံးသူများ ဝယ်ယူစားသုံးမှု တတ်နိုင်စေရန် ဆောင်ရွက် ပေးခြင်းနှင့် ဈေးကွက်လမ်းကြောင်းများနှင့် ထုတ်ကုန်အမျိုးအမည်စုံလင်စေရေးတို့ကို ဆောင်ရွက်စေခြင်းအနေ ဖြင့် ငါးလုပ်ငန်းဦးစီးဌာနမှ မွေးမြူ၊ ဖမ်းဆီးထုတ်လုပ်သော ရေချို/ရေငန်ငါးပုစွန် ရေထွက်ကုန်ပစ္စည်းများ ပြည်တွင်းရှိ အများပြည်သူများ လွယ်လင့်တကူ စားသုံးနိုင်ရေးအတွက် ထုတ်လုပ်သူများနှင့် သမဝါယမဦးစီးဌာနတို့ ချိတ်ဆက်ပြီး ဖြန့်ဖြူးရောင်းချနိုင်ရေး အစီအစဉ်များ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ပေးသွားရန် စီစဉ်လျက်ရှိကြောင်း သတင်းကောင်းပေး တင်ပြလိုက်ပါသည်။ ။